အမေ့အကွက်

၂၀၂၀ရွေးကောက်ပွဲနဲ့မဲအရှုပ်အထွေးကာလတွေမှာ ဦးမင်းဆွေသာ ထောင်ထဲရောက်မနေခဲ့ရင် မျှတမှုနဲ့ အမှန်တရားအတွက် အများကြီး ပြောနိုင်ခဲ့မှာပါဟု HtunHtun Lat အကောင့်ပိုင်ရှင်က ကွန်မန့်ရေးလာပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုဝေဖန်ရေးသားခဲ့တဲ့ ကျွန်တော်ငါးမင်းဆွေကို အစိုးရခေါင်းဆောင်ရဲ့ ညွန်ကြားမှုနဲ့သာတရားစွဲနိုင်တဲ့ ပုဒ်မ၁၂၄-ကနဲ့ ဖမ်းဆီးတရားစွဲထောင်ချခဲ့ပါတယ်။ဖြစ်သင့်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော့်ကိုခေါ်ယူသတိပေးသင့်ပါတယ်။ကိုယ်တိုင်သတိမပေးရင်တောင် အာဏာပိုင်များကို သတိပေးခိုင်းလို့ရပါတယ်။အာဏာရှင်လို့ခေါ်ကြတဲ့ တပ်မတော်အစိုးရလက်ထက်မှာတောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ခေါ်ယူသတိပေးတာတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရေးသားအားကောင်းတဲ့ ကျွန်တော့်ကိုထောင်ထဲထည့်ချင်တဲ့စိတ်ပြင်းပျခဲ့လို့ ခေါ်ယူသတိပေးတာမလုပ်တော့ဘဲ ထောင်ထဲတန်းထည့်ခဲ့ပါတယ်။ပြစ်မှုနဲ့ပြစ်ဒဏ်မမျှဘဲ နှစ်ရှည်ထောင်ဒဏ်ချခဲ့ပါတယ်။ပြစ်မှုနဲ့ပြစ်ဒဏ်မမျှဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကတောင်ပြောခဲ့ကြပါတယ်။

ထောင်(၇)နှစ်ချခဲ့တာကလည်း ၂၀၂၀ရွေးကောက်ပွဲပြီးမှ ကျွန်တော့်ကို ပြန်လွှတ်ချင်တဲ့သဘောပါ။ဒါကြောင့် ရိုက်တာသတင်းထောက် ကိုဝလုံးတို့ကို ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးခဲ့ပေမယ့် ကျွန်တော့်ကို ချန်ထားခဲ့ပါတယ်။

‌ကျွန်တော့်ကို ထောင်ထဲထည့်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်အားကောင်းတဲ့ ဆရာတော်ဦးဝီရသူ၊ဘူးလက်ဦးလှရွှေ၊ဦးမိုက်ကယ်ကျော်မြင့်၊ဦးဌေးအောင်တို့ကို ကျွန်တော့်ကိုစွဲဆိုခဲ့တဲ့ ၁၂၄-ကနဲ့ တရားစွဲဆိုခဲ့ပါတယ်။

တပ်ချုပ်ကြီးဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရ၊သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွေမှာ ၁၂၄-ကနဲ့ စွဲဆိုခဲ့သူတစ်ဦးမှမရှိခဲ့ပါ။ကုန်ဈေးနှုန်းကိုထင်ကျော်ကို ၁၂၄-ကနဲ့ စွဲဆိုဖို့ တင်ပြခဲကြပေမယ့် နိုင်ငံတော်အကြီးအကဲ အဘရွှေခွင့်မပြုလို့ မစွဲဖြစ်ခဲ့ပါဘူး။ဒါတွေကို ကိုထင်ကျော်ကိုယ်တိုင် ကျွန်တော့်ကို အင်းစိန်ထောင်မှာ ပြောပြခဲ့တာပါ။ဝေဖန်အားကောင်းတဲ့ ကိုထင်ကျော်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်လို့ဆိုပြီး ၅၀၅နဲ့ ထောင်ထဲထည့်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ မနိုင်မဖြစ် နိုင်အောင်လုပ်ပါတော့မယ်။ဘယ်လိုနည်းနဲ့လုပ်ရလုပ်ရ နိုင်အောင်လုပ်ပါတော့မယ်။ဒီလိုလုပ်ရင် မသမာမှုတွေပါလာမယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အားကောင်းသူတွေ အားလုံးလိုလိုကို ထောင်ထဲထည့်တာ တရားစွဲတာတွေလုပ်ခဲ့တာပါ။ဒါဟာ မြန်မာလူငယ်အချို့ပြောတဲ့ အမေ့အကွက်တွေပါ။

တပ်မတော်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာတွေမှာ ပါရှိတဲ့ ကျွန်တော်ငါးမင်းဆွေရဲ့ဆောင်းပါးတွေကို တပ်မတော်သားတွေက စိတ်ဝင်တစားဖတ်ခဲ့ကြပြီး တပ်တွင်းဆွေးနွေးပွဲတွေမှာ ဆွေးနွေးခဲ့ကြတာပါ။တပ်မတော်သားတွေဟာ ငါးမင်းဆွေရဲ့စာဖတ်ပရိသတ်တွေပါ။တပ်မတော်သားတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း ငါးမင်းဆွေရဲ့စာဖတ်ပရိသတ်ပါ။

ကျွန်တော်ငါးမင်းဆွေသာ ၂၀၂၀ရွေးကောက်ပွဲ အရှုပ်အထွေးကိစ္စပေါ်ပေါက်နေချိန်မှာ ထောင်ထဲရောက်မနေခဲ့ရင် နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်ချုပ်ကြီးတို့ကြားမှာ အကောင်းဆုံးအကြံပြုနိုင်ခဲ့မှာပါ။

မြန်မာလူငယ်အချို့ပြောတဲ့ အမေ့အကွက်တွေကြောင့် အမေရော အမေ့သားသမီးတွေအပါအဝင်ဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးကို ထိခိုက်နာကျင်ခံစားနေကြရပါပြီ။

ငါးမင်းဆွေ
၂၆-၆-၂၀၂၂

Post a Comment

Previous Post Next Post