အာဆီယံ အထူးကိုယ်စားလှယ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ အနေဖြင့် လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ" ဆိုသည့် မူဝါဒဖြင့် ကြိုးစားဆောင်ရွက်နေသည်ဟု အာဆီယံ အထူးကိုယ်စားလှယ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံအထူးကိုယ် စားလှယ်အား ယနေ့ ဇွန်လ (၃၀) ရက်မွန်းလွဲပိုင်းက နေပြည်တော်၏ နစက ဥက္ကဋ္ဌရုံး သံတမန် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

" အာဆီယံ၏ မူဝါဒတွင် လူသားချင်း စာနာထောက်ထားမှု အကူညီပေးရေးနှင့် ပတ်သက်၍  "တစ်ဦးတစ်ယောက်မှ မကျန်စေရ" ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ ဆိုသည့် မူဝါဒ ထားရှိဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ကိုယ်စားလှယ်အား ရှင်းပြခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စ တာ ပရတ်ဆွတ်ခွန်သည် ဇွန်လ (၂၉) ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင်  နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံ ဘုံသဘောတူညီချက်(၅) ရပ်ကို အကောင်ထည်ဖော် ဆောင်ရွက်မှု အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးနေမှုအခြေနေ၊ မြန်မာနိုင်ငံသားများအ တွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့အပြင် NUG ,CRPH တို့မှတဆင့် ပေါက်ဖွားလာသည့် PDF များ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ကိုယ်စားလှယ်အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နှင့် အတူ တွဲဖက် အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူ များ၊ အာဆီယံ အထူကိုယ်စားလှယ်နှင့်အတူ အာဆီယံ ဒတိယအထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိာင်ရာ က‌‌မ္ဘောဒီးယား သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
အာဆီယံ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် မနက်ဖန် ဇူလိုင်လ (၁) ရက်တွင်လည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ များနှင့် တွေ့ဆုံရန်ရှိနေသည်။
#SQ

Post a Comment

Previous Post Next Post