သူရဲကောင်းစိတ်ဓာတ်

ဗိုလ်ကြီး  သေ့ဘော်ဘိုးစခန်း ကျသွားပြီ
စခန်းမှူးလည်း ကျသွားတယ်၊ တချို့လည်း ခုထိလူစုကွဲနေတုန်းတဲ့ 
ဆက်သွယ်ရေးစက် ကိုင်ပြီး  တဲအတွင်းထဲက ပြောနေတဲ့ ဆရာကြီး အောင်ထင်ရဲ့ စကားကို ကြားတော့ လက်ရှိ စခန်းလည်း အနှေးနဲ့ အမြန် ဖြစ်လာတော့မယ် ဆိုတာကို ချိန်တွက်မိသား။ 

သွားနှင့်တော့ စီနီယာရေ  အစ်ကိုကြီးကတော့ တာဝန်ကျေသွားခဲ့ပြီပေါ့ဗျာ လို့ သေ့ဘော်ဘိုးစခန်းရှိရာဘက်ကိုမျက်နှာမူရင်း စိတ်ထဲက ရေရွတ်နေမိတယ်။

စခန်းထဲက  သူတွေ အကုန်စုလိုက် ဆရာကြီး ၊ ကျနော် စကားနည်းနည်းပြောချင်လို့။

သောက်လက်စ ဆေးလိပ်ကို မီးပြာချွေရင်း တပ်ကြပ်ကြီး အောင်တိုး ကို လူစုဖို့ အမိန့်ပေးလိုက်တယ်။ စခန်းအခြေမှာရှိနေတဲ့ ရွာထဲက သူတွေလည်း ပျောက်ခြင်းမလှ ပျောက်နေပြီမို့ ဖြစ်လာမဲ့ အခြေအနေကို တွက်ဆလို့ရနေပြီမဟုတ်လား။ 

အကုန်စုံပါပြီ ဗိုလ်ကြီး

စစ်သည်တွေမျက်နှာကို တချက်ဝှေ့ကြည့်ရင်း အားလုံးက ကိုယ်ပြောမယ့်စကားကို စိတ်ဝင်တစားရှိနေတာမို့ အရှင်းလင်းဆုံးနဲ့ အပြတ်သားဆုံး ပြောရန်သာ ဆုံးဖြတ်လိုက်တယ်။ 

ခုချိန်ထိ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး မင်းတို့ အပေါ်မှာ စခန်းမှူးတစ်ယောက်အနေနဲ့ကွယ်ဝှက်ထားတာ ဘာမှ မရှိဘူး။ အပေါ်ကလာတဲ့ အမိန့်ကလည်း  စခန်းမကျအောင် ကာကွယ်ပါဆိုတဲ့ အမိန့်တစ်ခုပဲရတယ်။ ဘယ်ချိန်စစ်ကူ ရောက်မလဲဆိုတာ မမေးနဲ့။ ဘေးနံတပ်လည်း များများ  စားစားမရှိဘူး။ ဒေါနတောင်ကိုကျော်ပြီး ငါတို့ စခန်းကို စစ်ကူရောက်ဖို့ဆိုတာ ရဟတ်ယာဉ်နဲ့ ချပေးမှပဲရမယ်။ ဒီတော့ ဒီစခန်းမကျဖို့ဆိုတာ ကိုယ့်အားကိုယ်  ကိုးဖို့လိုမယ်။  စခန်းဘေးဘယ်ညာက ရွာတွေမှာလည်း လူတွေ မရှိတော့ဘူး။ သေချာတာကတော့ ငါ့တို့ စခန်းဟာ သေ့ဘော်ဘိုးပြီးရင် ဒုတိယမြောက် အတိုက်ခံရမယ့် စခန်းတစ်ခုဖြစ်တယ်။

ဒီတော့ ရှိတဲ့ လူ/လက်နက် နဲ့ နောက်ဆုံး တစ်ယောက် ကျန်တဲ့ အထိ ခံတိုက်ရမှာ ငါတို့ တာဝန်ပဲ။ ဒီနေ့ကစပြီး ကင်းတာဝန်ယူတဲ့သူကအစ စခန်းထဲ ရှိတဲ့ သူတွေ အားလုံး သတိဝိရိယနဲ့ ရှိနေဖို့ မှာချင်တယ်။



ဗိုလ်ကြီး ဗျူဟာ မှူးက    စက်ပေါ်တက်ခဲ့ပါတဲ့

"ရောက်ပါပြီ အဘ XXXX"

" အေး မင်းတို့ စခန်းကို ဝင်တိုက်ဖို့ စီစဉ်နေပြီ XXX " 

"အကုန်လုံး စစ်သည်‌တွေကိုမှာထား။ ထိတွေ့မှုဖြစ်ရင် အကောင်းဆုံး ကွပ်ကဲမှုလုပ်ပါ။ အဓိက ကတော့ ဆက်သွယ်မှု မပြတ်စေနဲ့  ထူးခြားမှုရှိတာနဲ့  ချက်ခြင်းသတင်းပို့" 

" ၉၆ ပါ အဘ" 

တကယ်တော့ ရန်သူအတိုက်ခံရတော့မယ်ဆိုတဲ့ စကားမျိုးက်ု ဗျူဟာက အမိန့်ပေးမှမဟုတ်။ စက်သမား၏ လှိုင်းနှုန်းအင်တာသတင်းတွေမှာတင် မကြာမီ ရက်ပိုင်း အတောအတွင်းမှာပင် စခန်းကို တိုက်ဖို့ စီစဉ်နေကြပြီဆိုသော သတင်းအတော်များများကို ဖမ်းမိနေပြီ။ အသင့်စား စည်သွပ်ဗူးတွေ၊ နို့ဆီ တွေကို  ရိက္ခာအဖြစ် ကြိုတင်ခွဲတမ်းချထားပြီးသား။ ဒီသတင်းဆိုးကြီးကို အနှေးနဲ့ အမြန် ကြားရလိမ့်မယ်ဆိုတာသိလင့်ကစား တကယ်တမ်း နဖူးတွေ့၊ ဒူးတွေ့ ကြားရချိန်မှာတော့ ဘယ်သူမှ မပျော်နိုင်တော့။ ကိုယ်စီတာဝန်ပေးထားသည့် ခံစစ်ကျင်းနေရာများတွင်သာ အသင့်အနေအထားစောင့်ဆိုင်းနေခဲ့ကြတယ်။



 ဗိုလ်ကြီး  မီးရောင်တွေ တွေ့ရတယ်

ကင်းသမားရဲ့စကားကြောင့် စခန်းရဲ့ အနောက်ဘက်မှာ ရှိသော ကားလမ်းမပေါ်ကို လှမ်းကြည့်လိုက်တော့  အဝေးက ဆိုသော်လည်း စူးရှသော မီးရောင်များကို မူ အတိုင်းသား မြင်နေရသည်။ 

ကားမီးတွေဖြစ်မယ်


ဆရာကြီး အောင်တိုးကို တချက်ကြည့်ရင်း ပြောလိုက်သည်။ 

စုနေတာတော့ သေချာပြီ ဘယ်နေ့တိုက်မလဲဆိုတာတစ်ခုပဲ မသိသေးတာ

ဒီစကားကို ဆရာကြီးအောင်တိုးကလည်း လက်ခံသည်။ 

လာပါစေပေါ့ဗိုလ်ကြီးရာ

သေတစ်နေ့ မွေးတစ်နေ့ပေါ့ 

ကြည့်ရတာ ဒီကောင်တွေ စခန်းနားကို ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ ကပ်နေတဲ့သဘောပဲ။ ပွဲတော့ ကောင်းကောင်း က ရပြီပေါ့




စခန်းတည်နေရာကို တချက်ပြန်ကြည့်ရင်း ငါသာရန်သူဆိုရင် ဘယ်ဘက်က တိုက်မလဲဆိုတဲ့ မေးခွန်းကို ကိုယ်ကိုယ့်ကိုယ်  ပြန်မေးကြည့်ရင်း စခန်းအနောက်ဘက်ခြမ်းက သစ်ရိပ်၊ဝါးရိပ်ရှိတယ်ဆိုပေမယ့် လယ်ကွင်းပြင် ဖြစ်နေတဲ့ လမ်းကိုတော့ ရန်သူတွေ ရွေးချယ်ဖို့ မရှိနိုင်လောက်။ သို့သော် မိုးတွင်းကာလမို့ မြင်ကွင်းတွေက သိပ်‌တော့ မရှင်း လင်းလှပေ။ 

ရန်သူ့ထံတွင် စနိုက်ပါ များတပ်ဆင်ထားနိုင်သည်မို့ စခန်းတွင်း သွားလာမှုကိုလည်း ဆက်သွယ်ရေးမြောင်း ထဲကသာ သွားလာဖို့ညွှန်ကြားထားသည်။ လူအင်အားသာ ယခုထက် ပိုရှိနေသေးလျင် စခန်းပတ်ပတ် လည် လှုပ်ရှားထားနိုင်သော်လည်း ယခုမူ စခန်းတွင်းနေရာထဲကသာလျင် လုံးလုံး လျားလျားခံစစ်ပြင်တိုက်ရပေတော့မည်။ 

ဝုန်း   ဂျိမ်း 
ပတောက်   ပတောက်  ပတောက်

မနက်ဝေလီဝေလင်းအချိန်မှာပဲစခန်း စအတိုက်ခံရပြီ။ ကျည်လာရာလမ်းကြောင်းတစ်လျှောက်ကိုကြည့်မိချိန် ရန်သူက စခန်းပတ်ပတ်လည်တစ်လျှောက်ရှိနေသည်။ ရန်သူလာနိုင်သည့် လမ်းကြောင်းများကို ကြိုတင်တွက်ချက်ထားသော်လည်း စခန်းမျက်နှာချင်းဆိုင်တွင်ရှိသော လူနေအိမ်နှင့်စာသင်ကျောင်းများကိုမူရန်သူအသုံးမပြုနိုင်လောက်ပါဘူး လို့တွက်ဆထားခဲ့ပေမယ့်တကယ်တမ်းတော့လူနေအိမ်အဆောက်အဦများအတွင်းမှ မျက်နှာချင်းဆိုင်အနေအထားနှင့်ပင် မိမိစခန်းကိုအဆမတန် များပြားလှသည့် ကျည်များက ထိုးဖောက်ဝင်ရောက်နေပြီ။ တစ်ဖက်နှင့် တစ်ဖက်ပစ်ခတ်သံများက ခဏအတွင်းမှာပင် ဆူညံသွားသည်။ 


အင်အားများတယ်

ကျည်ကို သေချာမှ ပစ်

RPG သံ ကြားရင် ဝပ်နေ

လက်နက်ကြီး မထိစေနဲ့



အင်အားရာကျော်ရှိသောရန်သူဆီက သေနတ်သံများကို  ဆယ်ဂဏန်းမျှရှိသော ခံစစ်က အချိန်ကြာကြာ တောင့်ခံနိုင်ဖို မဖြစ်သည်ကိုသိသည်။ 


ရထားဖြစ်လား 

ပွဲက နေပြီ 

ရန်သူက စခန်းအနောက်ဘက် လူနေအိမ်တွေကိုအခြေပြုတယ်

အားလူးများတယ် 

မြေပုံညွှန်း  LG-XXXXXX 


အထက်ကို တိုက်ပွဲအခြေအနေတင်ပြရင်း စစ်သည်တွေကို ကျည်မဖြုန်းတီးဖို့ သတိပေးနေရသည်။  ပစ်မှတ်ကိုတိတိကျကျ မြင်တွေ့နေရချိန် သူပစ်ကိုယ်ပစ်အနေအထားကအကြောင်းမဟုတ်။ အသံပေးယောင်ပြပစ်ခတ်နေချိန်မျိုးဖြစ်လျင် ခဲယမ်းများ အလဟသပ် ဆုံးရှုံးသွားပေမည်။ 



ဝေါလေ ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူပေးသလို နာရီပိုင်းလောက် အကြာမှာတော့  တိုက်လေယာဉ်သံများကို စကြားရပြီ။ ငပွေးဆိုသည်မှာလည်း အလည်သား။ လေယာဉ်သံကြားနေရချိန်မျိုးတွင် ပစ်သံ မကြားရတော့။ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ လေယာဉ်ပစ်ကူကျဲချပြီးသွားချိန်တွင်တော့ မြေပြင်ရှိ တပ်များက တဖက်နှင့် တဖက် အပြန်အလှန် ပစ်ကြလေပြီ။ 


ကြားဖူးခဲ့သည့် ပင်လုံ ရက် (၄၀)တိုက်ပွဲဆိုတာ ကွမ်လုံမကျဖို့  ရင်ဆိုင်စခန်းကုန်းငယ်လေးတွေ တစ်ခုပြီးတစ်ခု တိုက်ခဲ့ရသည့် တိုက်ပွဲမျိူး။ ခုလို နာရီနဲ့ ချီသည့် စခန်းမျိုးမှာ ခံစစ်ပြင်ပြီး စစ်တိုက်နေချိန်မှာတော့ ရန်သူ၏သာလွန်အင်အားကြောင့် အနည်းနှင့် အများစိတ်ပူမိသည်။ တကယ်လို့များ လက်နက်/ခဲယမ်း ကုန်သွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့ စစ်ကူ အချိန်မီ မရောက်ခဲ့ရင်ဆိုတဲ့ အတွေးက  အချိန်တိုင်းနှိပ်စက်နေသည်။ 


မှောင်ရီပျိုးချိန်ရောက်သည့်အခါတနေကုန်ပင်ပန်းနွမ်းနယ်မှုတွေပြေပျောက်စေရန် စိတ်ခွန်အားရစေသောစကားများပြောရင်း အချင်းချင်း အားပေးကြသည်။ တစ်ရက်တာကုန်လွန်သည် အထိ အဖိတ်အစင်မရှိသေးသည်မို ယုံကြည်မှု ရှိသွားသည်ဟုဆိုကပိုမှန်လိမ့်မည်။ 

ကျနော် လမ်းကြောင်းကတက်လာတဲ့ ငပွေးတွေတော့ ငရဲပြည် ပို့လိုက်ပြီ ဗိုလ်ကြီး

ငါ ဘက်က တကယ့်ကိုနီးနီးလေးတွေ  ဒီကောင်တွေ ခြံစည်းရိုးနားကို အရမ်းကပ်နေပြီ  ငါလည်း အနားကပ်မှလှော်တာ 

တစ်ယောက်တစ်ပေါက် စကားတွေ အပြန်အလှန်ပြောရင်းဖြင့် စိတ်ခွန်အားတွေယူကြသည်။ နယ်စပ်နှင့်နီးနေသည့် အနေအထား၊ ရန်သူနှင့် ကားလမ်းသာ ခြားနေသည့် အခြေအနေမို့လေကြောင်းပစ်ကူကို အချိန်တိုင်း အားထား၍ မဖြစ်နိုင်ဆိုသည်ကို မိမိစစ်သည်များ နားလည်သဘောပေါက်စေရန် ကြိုတင်ပြောပြထားရသည်။ 


ဆရာကြီး ခဲယမ်းတွေ တချက်စစ်၊ ကျည်ဘောက်ကွဲတာတွေ ရှိသေးလား။ ရှိရင် တခါတည်း ဖယ်ထားလိုက်တော့။  လင်းမောင်က စက်လက်သမား  အသင့်ဖြစ်‌အောင်  ကျည်ဘောက်တွေ လိုက်ဖြည့်။ သောက်ရေကို ရေဗူးတွေထဲအကုန်ဖြည့်ထား။ မနက်ဖြန် ထပ်တွေ့ကြတာပေါ့။




မင်းတို ဆီ စစ်ကူတွေ ပို့နေပြီ

နောက်ဆုံး အချိန်ထိ တောင့်ထား 

ဒီတိုက်ပွဲက ငါတို တပ်မတော်ရဲ့ စွန့်လွှတ်စွန့်စားတဲ့ သူရဲကောင်းစိတ်ဓာတ်နဲ့ တိုက်နေတယ်ဆိုတာ မမေ့နဲ့


စက်ပေါ်မှ အထက်လူကြီး၏ အားပေးသံတွေကြားမှပင် စခန်းရှိ စစ်သည်များမှာ ဒဏ်ရာအထိအခိုက်နှင့် အဖိတ်အစင်လေးတွေ ရှိလာသည်။  အချိန်တိုင်း နာရီစက္ကန့်မလပ်ကြားနေရသည့် ဗုံးသံ၊ ကျည်ဆံသံများကြားတွင် ထိခိုက်စွန့်လွှတ်ခဲ့ရသည့် ရဲဘော်ရဲဘက်များအတွက် စိတ်မကောင်းဖြစ်နေရုံကလွဲ၍ မည်သိုမျှမတက်နိုင်။ မိမိအသက်ရှင်သန်ရေးနှင့် နောက်ဆုံးအချိန်ထိ စခန်းမကျစေရေးအတွက် မဆုတ်တမ်းစိတ်ဖြင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့ရသည်။ 



(၇)ရက်မြောက်နေ့တွင်တော့ ပစ်ခတ်သံများ အတော်လေးပါးသွားခဲ့ပြီ။ စစ်ကူလာသည့် စစ်ကြောင်းမှူးနှင့်လည်း  အဆက်အသွယ်တောက်လျှောက်ရသည့်အခါ ပို၍ အားတက်မိသည်။ 


ညီလေး တောင့်ထား  

ကိုယ်တို နယ်မြေရှင်းရင်း တက်လာနေပြီ

မင်းစခန်းနဲ့ ဂရစ်ကွက် ၄  ကွက်အကွာမှာငါတိုရောက်နေပြီ 



ရထားပါ ရာမ  ကျနော်တို့ နောက်ဆုံးအချိန်ထိ တောင့်ခံထားပါ့မယ်

(၈)ရက်မြောက်နေ့မှာတော့ စစ်ကူလာသည့် စစ်ကြောင်းမှူးနှင့် ၄၃ ဖြစ်ကြသည်။ စခန်းပတ်ဝန်းကျင် ပတ်ပတ်လည်ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ကြသည်။ ဆယ်ဂဏန်းမျှအင်အားရှိသော မိမိစခန်းသည် အင်အားရာကျော်ရှိသော ရန်သူ့အင်အားကို ရက်ပေါင်း(၈)ရက်၊ နာရီပေါင်း (၁၉၂)နာရီတိုင်အောင် ကြံ့ကြံ့ခံ တွန်းလှန်ကာကွယ်နိုင်ခဲ့ကြသည်။ စခန်းမကျအောင် ကာကွယ်နိုင်ခဲ့ကြသော ထိုစိတ်ဓာတ်သည် ပင်လျှင်  ဒေါနမြေပေါ်၌ မိမိတို့ တပ်မတော်သားများ ထွင်းထုခဲ့သော သူရဲကောင်းစိတ်ဓာတ်ပင်ဖြစ်လေတော့သည်။

Post a Comment

Previous Post Next Post