ကြိုက်ရာရွေးပါကိုယ်ဖြစ်ကိုယ်ခံ



ဒီရက်ပိုင်းအတွင်းမှာ သတိထားမိတာလေးတစ်ခုရှိပါသည်။ NUG နှင့် PDF တို့တော်လှန်ရေးနှင့်ပတ်သက်ပြီးအရှိန်မြှင့်မည်ဆိုသည့်အသံပါ။ မြေပြင်မှာလည်း အတန်သင့် လှုပ်ရှားမှုတွေပိုလာသည်ကိုလည်းတွေ့လာရပါသည်။ RFA  က "ရန်ကုန်ကိုသိမ်းနိုင်တဲ့အထိတိုက်ခိုက်မယ်လို့ပြည်သူ့တပ်မဟာကပြော" ဆိုသည့်သတင်းတစ်ပုဒ်တင်ထားသည်ကိုတွေ့ရပါသည်။ သတင်း၏ အဆိုအရ ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အဖွဲ့ ၁၆ ဖွဲ့ပေါင်းပြီး ဧပြီလအတွင်းက တပ်မဟာဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ သူတို့၏ အပြောအရ နှင်းဆီလှိုင်း၊ သိန်းငှက်လှိုင်း နှင့် နဂါးလှိုင်းဆိုသည့် လှိုင်းသုံးလှိုင်း ဖြင့်တိုက်ရန်လျာထားပြီး နှင်းဆီလှိုင်းကဖောက်ခွဲမှုနှင့် တရားရုံးတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသူတွေကို သတိပေးတိုက်ခိုက်မှုတွေလုပ်ဆောင်ခြင်းဖြစ်ပြီး လောလောဆယ်ဆောင်ရွက်နေသည်မှာနှင်းဆီလှိုင်းဟုဆိုပါသည်။ သိန်းငှက်လှိုင်းက နှင်းဆီလှိုင်းထက်ပိုကြမ်းကာ ပစ်ခတ်တိုက်ခိုက်မှုတွေပါလာမှာဖြစ်ပြီးမကြာမီဆောင်ရွက်မည်ဟုပြောပါသည်။  နောက်ဆုံးနဂါးလှိုင်းကရန်ကုန်တိုင်းအတွင်းမြို့တွင်း မြို့ပြင်နေရာစုံကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်ပူးပေါင်းတိုက်ခိုက်ပြီး ရန်ကုန်ကိုထိမ်းချုပ်သွားမည်ဟုဆိုပါသည်။ ဤသတင်းကို လေ့လာကြည့်ရင် သူတို့၏ အစီအစဉ်သည် မဟာဗျူဟာ Plan ဟုသတင်းဌာနကထုတ်ပြန်ခဲ့ပေမယ့် စိတ်ကူးယဉ်ဆန် ကလေးအတွေးလောက်သာဖြစ်သည်ဟုဆိုရပါမည်။  ဖောက်ခွဲမှု နှင့် လူသတ်မှုတွေပိုလုပ်လာသလိုမကြာသေးမီက  ရည်မှန်းသတ်ဖြတ်
မည့်စာရင်းထုတ်ပြန်ခဲ့သည်ကိုလည်းသတိထားမိပါသည်။ လှုပ်ရှားမှုအတန်သင့် ပိုလာပေမယ့် စစ်ရေးရည်မှန်းချက်ဆိုသည်မှာထုတ်ပြန်လေ့မရှိကြသည့်အတွက် ဤသတင်း၏ရည်ရွယ်ချက်မှာ ပြည်သူလူထုကို ချိမ်းခြောက်ရုံသက်သက်ဟု ဆိုရမည်သာ။ 

NUG ကလည်း တိုးတက်တိုက်ခိုက်ဖို့ လမ်းကြောင်းပေးလှုံ့ဆော်ထာသည်ကိုတွေ့ရ ပါသည်။  လက်ရှိအခြေအနေအထိ NUG ၏ နိုင်ငံတည်ဆောက်ရေးရည်မှန်းချက်မှာ လက်ရှိတပ်မတော်ကိုဖြုတ်ချပြီး ခေတ်အဆက်ဆက်က လက်နက်ကိုင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  ဗမာလက်နက်ကိုင် PDFများပူးပေါင်းဖွဲ့စည်းကာဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ထူထောင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မည်ဟုလျာထားကြောင်းတွေ့ရပါသည်။ ထိုရည်မှန်းချက်အပေါ် မေးစရာတွေရှိပါသည်။ ခေတ်အဆက်ဆက် သမိုင်းကြောင်းအရတည်ရှိလာသည့်တပ်မတော်ကို ဖြုတ်ချဖို့ ဖြစ်နိုင်ပါ့မလား။ လွယ်လွယ်နှင့်ရပါ့မလား။ မည်မျှအချိန်ယူပါမည်နည်း။ လက်ရှိအခြေအနေအရအခြေစိုက်တပ်ရင်း တစ်ရင်းတောင်မသိမ်းနိုင်သေးတာကိုကြည့်ရင်မျှော်တိုင်းဝေးဇာတ်လမ်းဟုသာဆိုရပါမည်။  လက်ရှိ NUG ကို ထောက်ခံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မည်မျှရှိပါသနည်း။ခိုင်မာသည့်ဆက်ဆံရေးထူထောင်ပြီးပြီလား။လောလောဆယ်မှာပင် KNU ၊ KIA နှင့် KNDF တို့၏နောက်ကိုလိုက်နေရသည်မဟုတ်ပါလား။ NLD အစိုးရလက်ထက်မှာပင် တိုင်းရင်းသားအရေးကို တန်ဘိုးထားဖြေရှင်းပေးမှုမည်မျှရှိပါသနည်း။ NLD ကိုယ်တိုင်ပင် အခြေခံဥပဒေအရ ရထားသည့်အခွင့်အရေးကိုမှိန်းပြီးအာဏာတည်ဆောက်နေခဲ့တာဟုဆိုရင်ငြင်းနိုင်ပါ့မလား။တိုင်းရင်းသားတွေ၏ လက်တွေ့အမြင်နှင့်လိုလားချက်ကို NUG ကမည်မျှဆောင်ရွက်ပေးနိုင်ပါမည်နည်း။  NUG ချမှတ်ထားသည့်လမ်းကြောင်းသည် လက်တွေ့အခြေအနေနှင့်ကင်းကွာနေသည့် ဒေါသဆန္ဒအရဆောင်ရွက်နေသည့်လူပြိန်းကြိုက်စိတ်ကူးယဉ် စီမံချက် သက်သက်ဟုသာမြင်ပါသည်။

တစ်ဘက်ကလည်း နစကသက်တမ်းနောက်ထပ်ခြောက်လတိုးအပြီးနောက်တစ်နေ့ နစက ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြီးမှာ လုံခြုံရေးအဖွဲ့များကလုံခြုံရေးကိုပိုမိုဂရုစိုက်လာသည်ကို တွေ့ရပါသည်။ နေရာစုံမှာ PDF  နှိမ်နင်းရေး တိုက်ပွဲတွေလည်း မပြတ်ပြုလုပ်လာတာ သတိထားမိကြမှာပါ။ တပိုင်းကလည်း pdf   ထဲရောက်နေသူတွေ အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ပြန်ဝင်လာနိုင်စေရန်  TV  သတင်းများမှာ မပြတ်ထုတ်လွှင့်ပေးနေတာလည်းတွေ့ရပါသည်။ 

နစက အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီခြောက်လသက်တမ်းဟာ နောက်ဆုံးသက်တမ်းဟုဆိုရမှာပါ။ မူလတာဝန်ဖြစ်သည့် အရေးပေါ်အခြေအနေကနေ မူလအခြေအနေကိုပြန်လည်ရောက်ရှိဖို့ ဖိဖိစီးစီး ဆောင်ရွက်နိုင်မှသာ ၂၀၂၃ ခုနှစ်မှာရွေးကောက်ပွဲ ကျင်းပနိုင်မှာဖြစ်ပါသည်။ သည့်အတွက် ဤခြောက်လသည် တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးသည့်ကာလဟုဆိုရပါမည်။ ဤကာလအတွင်း ထိန်းမနိုင် သိမ်းမရ ဖြစ်လျှင် နောက်ထပ်သက်တမ်းတိုးခွင့်မရှိတော့သည့်အတွက် မည်သို့ဆက်ဖြစ်လာမည်ကိုမှန်းဆ၍မရနိုင်ပါ။ အဆိုးဆုံးအခြေအနေထိဖြစ်လာလျှင် တပ်မတော်က အာဏာသိမ်းပြီး စစ်အစိုးရဖြစ်လာပါလိမ့်မည်။ ထိုအခြေအနေရောက်လာလျှင် အခြေခံဥပဒေမရှိတော့သည့်အတွက် စနစ်တစ်ခုပေါ်လာအောင် အချိန်မည်မျှကြာမည်ကိုမှန်းဆနိုင်လိမ့်မည်မဟုတ်ပါ။ လက်ရှိအခြေအနေမှာ အခြေခံဥပဒေအရ အရေးပေါ်ကာလကြေညာပြီး တပ်မတော်က ခေတ္တထိမ်းထာသည်ကိုပင် အခက်အခဲပေါင်းများစွာ မည်မျှရင်ဆိုင်နေရသည်ကိုတွေ့ကြရမှာပါ။  အထူးသဖြင့် နိုင်ငံခြားရေး နှင့် သံတမန်ရေးကိစ္စတွေမှာ ယိုယွင်းမှုတွေ ရှိနေတာငြင်းမရနိုင်တဲ့ကိစ္စတွေပါ။ နစက ကတမင်သက်သက် ဖန်တီးခဲ့တာ မဟုတ်ခဲ့ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီး၏ရှုမြင်ချက်တွေဟာ သတိထားရမည့်ကိစ္စတစ်ရပ်ပါ။ တချို့နိုင်ငံတွေက ဖာသိဖာသာနှင့် အများယောင်လို့ လိုက်ယောင်ခဲ့ကြပေမယ့်  ကမ္ဘာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားလိုသည့်  နိုင်ငံကြီးတွေနှင့် သူတို့၏ နောက်လိုက်မဟာမိတ်နိုင်ငံတွေက တမင်သက်သက် ဆောင်ရွက်နေသည်ဆိုတာလည်းရှင်းရှင်းလင်းလင်း သိနိုင်သည့်ကိစ္စပါ။ အကြောင်းပြချက်က စစ်အာဏာရှင်စနစ်မဖြစ်စေလိုခြင်းပေါ့။ သို့သော်  သူတို့ထောက်ပံ့ မြှောက်ပင့်ပေးနေသည့် NUG နှင့် PDFတွေ၊ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၏ဆောင်ရွက်ချက်တွေက သူတို့အကြောင်းပြနေသည့် ထိုအခြေအနေကို တွန်းပို့နေသည်ဟုမြင်ပါသည်။

ဤ သံတမန်ဆက်ဆံရေးနှင့် နိုင်ငံခြားရေး အခြေအနေတွေဟာ ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့ နိုင်ငံရေးဆက်စပ်မှုတစ်ခုအဖြစ်မြင်တွေ့ရမှာဖြစ်ပါသည်။ အရင်းရှင်စီးပွားရေးစနစ်စတင်ကတည်းက ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်လာခဲ့ပြီး ဆက်လက် ချုပ်ကိုင်ထားလိုသည့်အုပ်စုနှင့် ထိုအုပ်စုအောက်မှရုန်းထွက်လိုသည့်အုပ်စုကြားကပြဿနာဟုဆိုလျှင်ရနိုင်ပါသည်။ မြန်မာနိုင်ငံမှာလည်း ဆက်လက်ချုပ်ကိုင်လိုသည့် အနောက်အုပ်စုကို အထင်ကြီးလက်ခံသည့်သူများနှင့် ထိုလက်အောက်မှရုန်းထွက်လိုသည့် အမျိုးသားရေးအမြင်ရှိသူများဟူ၍ ခွဲခြားနိုင်ပါသည်။ လက်ရှိဖြစ်ပျက်နေသည့်ပြဿနာများ၏ တစ်စိတ်တစ်ပိုင်းမှာ ဤအခြေအနေကြောင့်ဟုဆိုရပါမည်။  ဒီပြဿနာ ဒီအရှုပ်အထွေးကြားက မည်သို့ ရုန်းထွက်ပြီး အေးချမ်းသာယာသည့် နိုင်ငံတစ်ခုအဖြစ်ဖန်တီးကြမည်နည်း။ မိမိတိုင်းပြည်၏ အခြေအနေ သရုပ်မှန်နှင့် ကိုက်ညီသည့် စစ်မှန်သည့်စနစ်ခိုင်မာဖို့ အရေးကြီးသည်ဟုမြင်ပါသည်။ လက်ရှိ ရထားပြီးသား အခြေခံဥပဒေသည် တိုင်းပြည်အတွက် တန်ဖိုးကြီးပါသည်။ စေ့စေ့ငုငု မလေ့လာဘဲ ယခင်စစ်အစိုးရက ရေးဆွဲခဲ့လို့ သူတို့ထွက်ပေါက်အဖြစ်ရေးခဲ့တာ၊ ရာသက်ပန်အုပ်ချုပ်လိုလို့ရေးခဲ့တာ၊ ဖျက်ပစ်ရမည်ဆိုသည့် အမြင်များမှားသည်ဟုဆိုချင်ပါသည်။

နစက အစိုးရ၏ နိုင်ငံရေးဦးတည်ချက်နှင့် အနာဂါတ်နိုင်ငံ တည်ဆောက်ရေးကို သတိထားလေ့လာသင့်ပါသည်။ လက်ရှိသူချမှတ်ထားသည့် လမ်းကြောင်းက ရှင်းရှင်းလေးပါ။ ရှိပြီးသားအခြေခံဥပဒေကို မှန်ကန်မျှတစွာတည်ရှိစေမည်။ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချပြီးတိုင်းရင်းသားများ၏ လိုလားချက်နှင့် အခွင့်အရေးကို အခြေခံဥပဒေမှာပြင်ဆင်ထည့်သွင်းမည်။ လွှတ်တော်အသီးသီးမှာ တိုင်းရင်းသားများ၏ အသံပိုမိုကျယ်လောင်စေရမည်။ 

သူ့၏ အစီအမံနှင့် သူ့၏ဆောင်ရွက်ချက်မှာအတူပါဝင်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မည်မျှရှိပါသနည်း။ ၂၀၂၃ ခုနှစ်မှာလွတ်လပ်မျှတသည့်ရွေးကောက်ပွဲကျင်းပပြီး နိုင်သည့် မည်သူကိုမဆို အာဏာလွှဲပေးမည်ဆိုသည်ကို အတိအလင်းကြေညာထားပြီးဖြစ်သည်ကို လက်ခံရမှာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ။ တက်လာမည့်အစိုးရမှာ တပ်မတော်သားအသွင်ပြောင်း ဖြစ်ရင်တောင် တပ်မတော်ကအုပ်ချုပ်ခြင်းမဟုတ်ပါ။ အခြေခံဥပဒေအရသာဆောင်ရွက်ရမှာပါ။ တပ်မတော်သားအသွင်ပြောင်းအစိုးရ မလိုချင်ရင် ကိုယ်တိုင်ဒီလမ်းကြောင်းမှာဝင်ကစားဖို့ လိုပါမည်။ လာမည့်ခြောက်လသက်တမ်းအတွင်းမှာ ဤလမ်းကြောင်းနှစ်ခုကို ပြည်သူတွေရွေးရမှာပါ။ အဓိကစဉ်းစားရမှာက ရှိပြီးသားစနစ်တစ်ခုဖြစ်သည့် အခြေခံဥပဒေ မပျက်စေဖို့ဘဲဖြစ်ပါသည်။ 

ဇော်နိုင်။

Post a Comment

Previous Post Next Post