ယူကရိန်းအရေး၌ အမေရိကသည် "အဓိကလှုံ့ဆော်သူ" ဖြစ်ဟုတရုတ်ဆို

ယူကရိန်းအရေး၌ အမေရိကသည် "အဓိကလှုံ့ဆော်သူ" ဖြစ်ဟုတရုတ်ဆို

လန်ဒန်၊ဩဂုတ် ၁၀

ယူကရိန်းအရေးကြောင့် အနောက်အုပ်စု၏ ဖယ်ကျဥ်ထားခြင်းခံရသော ရုရှားအတွက် အဓိကမဟာမိတ်ဖြစ်လာသူ တရုတ်နိုင်ငံက ယူကရိန်းအရေးတွင် အမေရိကသည် အဓိကသွေးထိုးလှုံ့ဆော်သူဖြစ်သည်ဟုဆိုခဲ့သည်။

ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီတာစ့် နှင့် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၀ ရက်) ကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် မော်စကိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က အမေရိကသည် နေတိုးကာကွယ်ရေးမဟာမိတ်အဖွဲ့ကို အကြိမ်ကြိမ်ချဲ့ထွင်လျက် မော်စကိုထက်ဥရောပသမဂ္ဂနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေသည့် ယူကရိန်းတပ်ဖွဲ့များကိုကျောထောက်နောက်ခံပြုပေးကာ ရုရှားကိုချောင်ပိတ်ဖမ်းခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဆက်လက်၍လည်း ၎င်းက "ယူကရိန်းအကျပ်အတည်းကို အဓိကလှုံ့ဆော်အစပြုသူဖြစ်သည့် ဝါရှင်တန်သည် တစ်ဖက်က ရုရှားအပေါ်  ပိတ်ဆို့အရေးယူမှုများချမှတ်နေစဉ် အခြားတစ်ဖက်ကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့လျက်ရှိသည်" ဟုဆိုသည်။

"သူတို့ရဲ့အဓိကရည်ရွယ်ချက်က ရုရှားကိုစစ်ပမ်းအောင်လုပ်ပြီး ပိတ်ဆို့မှုတွေနဲ့ထပ်မံထိုးနှက်ချင်နေတာပါ" ဟုလည်း၎င်းကဆိုခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားတင့်ကားများခြေရှုပ်နေစဉ် ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း ရုရှားသမ္မတပူတင်က တရုတ်သမ္မတရှီနှင့်တွေ့ဆုံရန်‌ ပေကျင်းသို့သွားရောက်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံဆက်ဆံရေးသည် စစ်အေးခေတ်မဟာမိတ်များထက်သာလွန်ကာ "အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မှုအဖြစ်" သဘောတူညီခဲ့ကြသည်။

ထပ်မံ၍ ၁၀ ရက်နေ့အင်တာဗျူးတွင် Zhang က တရုတ် - ရုရှားဆက်ဆံရေးသည် "အပြန်အလှန်ယုံကြည်မှု၊အမြင့်ဆုံးဆက်ဆံ‌ေရးအဆင့် နှင့် မဟာဗျူဟာမြောက်အရေးပါမှုတို့ကြောင့် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလသို့ ရောက်ရှိသွားသည်" ဟုလည်းပြောကြားခဲ့သည်။

၎င်းက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကိုလည်းရှုံ့ချခဲ့ပြီး အမေရိကသည် ယူကရိန်းနည်းတူ ထိုင်ဝမ်၌ပါ စစ်အေးခေတ်စိတ်ဓာတ်ပြန်လည် ရှင်သန်လာစေရန် ကြိုးစားနေကာ တရုတ်၊ရုရှားတို့နှင့် အာဏာပြိုင်ဆိုင်မှုအပါအဝင် ထိပ်တိုက်ရင်ဆိုင်မှုများကို နှိုးဆော်ပေးလျက်ရှိသည်ဟုဆိုခဲ့သည်။

“ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အခြေခံအကျဆုံးနိယာမပါပဲ” ဟုဆိုကာ Zhang က ဝါရှင်တန်-ထိုင်ဝမ်မူဝါဒကို ဝေဖန်ခဲ့သော်လည်း ရုရှား-ယူကရိန်း ကိစ္စကိုလျစ်လျူရှုကာပြောကြားခဲ့သည်။

ရုရှားက ၎င်း၏ကျူးကျော်တိုက်ခိုက်မှုကို "အထူးစစ်ဆင်ရေး" ဟုသာ ခေါ်ဆိုခဲ့ပြီး ၎င်း၏ လုံခြုံရေးကိုထိန်းသိမ်းရုံသာမက ရုရှားဘာသာစကားပြောသူများကို နှိပ်စက်ညှဉ်းပမ်းခံရမှုမှ ကာကွယ်ရန်အတွက်လည်းဖြစ်သည်ဟုဆိုသည်။

သို့သော် ယူကရိန်းနှင့်အနောက်နိုင်ငံများကမူ အဆိုပါအကြောင်းပြချက်များသည် ၁၉၉၁ ခုနှစ်၌ မော်စကိုဦးဆောင်သည့် ဆိုဗီယက်ပြည်‌‌ထောင်စုပြိုကွဲချိန်ကတည်းက လွတ်လပ်ရေးရရှိခဲ့သော အိမ်နီးချင်းနိုင်ငံအား နယ်ချဲ့ကျူးကျော်စစ်ပြုလုပ်လိုသည့် အခြေအမြစ်မရှိသော အကြောင်းပြချက်များသာ ဖြစ်သည်ဟုဆိုကြသည်။

Source - Reuters/nh

Website တွင်ဖတ်ရန်>>
https://wp.me/paRxJm-lnz

Telegram တွင်ဖတ်ရန် >> 
https://t.me/

Post a Comment

Previous Post Next Post