ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က လတ်တလောတွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်၏ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများဖြစ်သည့် BA.4 နှင့် BA.5 စသည့်ရောဂါများ ကူးစက်ဖြစ်ပွားမှုမြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံ၌လည်း စစ်‌ဆေးတွေ့ရှိနေရပြီဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ အထူးသဖြင့် နယ်စပ်ဝင်ထွက်ဂိတ်များတွင် ရောဂါကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိနေရကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၌သာမက ပြည်တွင်းကူးစက်ဖြစ်ပွားမှုများကို လည်းတွေ့ရှိလာရသည့်အတွက် ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသူများတွင် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို ထိုးနှံပေးခြင်း၊ အဆိုပါ Booster Dose ထိုးနှံပြီးကာလ(၆)လပြည့်ပြီးသူများတွင် ထပ်မံ၍ အပိုထပ်ဆောင်းကာကွယ်ဆေး (Additional Booster Dose) ထိုးနှံခြင်းလုပ်ငန်းများအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်မြှင့်တင် အားဖြည့်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူစုလူဝေးဖြစ်ပေါ်ရာနေရာများတွင် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေရေးအတွက် ပညာပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းပြုလုပ်ကြရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရာတွင်လည်း အခမ်းအနားများသို့ တက်ရောက်မည့်သူများနှင့် အခြားလူစုလူဝေးရှိရာနေရာများကို ဦးစားပေးထိုးနှံရန်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်ရာတွင်လိုအပ်သည့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ အထူးသဖြင့် ကာကွယ်ဆေး၊ ကုသဆေးများ၊ ဆေးပစ္စည်းကိရိယာများကို ဝယ်ယူဖြည့်တင်းထားရှိပြီးဖြစ်၍ အဆိုပါပစ္စည်းများ လေလွင့်မှုနှင့်ပြတ်လပ်မှုမရှိစေရေးအတွက် လက်ကျန်နှင့် ထပ်မံလိုအပ်မည့် စာရင်းအချက်အလက်များကို စနစ်တကျကောက်ယူ၍ တိတိကျကျ အချိန်နှင့်တစ်ပြေးညီ စိစစ်တင်ပြပေးရန်ဖြစ်ကြောင်း၊ လိုအပ်သည့်ဖြည့်ဆည်းဆောင်ရွက်မှုများကို ဗဟိုအဆင့်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးမည် ဖြစ်ပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်ရှိရာဒေသများသို့ ဆက်လက်ဖြန့်ဝေပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက လတ်တလောအတည်ပြုလူနာတွေ့ရှိမှု အနည်းငယ် ပြန်လည်မြင့်တက်လာသည့်အတွက် ကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများ၌ လူနာခုတင်၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာမြင့်မြင့်သန်းနှင့် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက  ပြည်‌ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post