ထိုင်ဝမ်ကျွန်း အခြေအနေက ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေး၏ အရေးပါမှုကို မီးမောင်းထိုးပြနေဟု မားကို့စ်ဆို

ထိုင်ဝမ်ကျွန်း အခြေအနေက ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေး၏ အရေးပါမှုကို မီးမောင်းထိုးပြနေဟု မားကို့စ်ဆို

မနီလာ၊ သြဂုတ် ၆ ရက်

ပထဝီဝင်နိုင်ငံရေးအခြေအနေ အပြောင်းအလဲနှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်များသည် အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေး၏ အရေးပါမှုကို မီးမောင်းထိုးပြနေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဩဂုတ်လ ၆ ရက် စနေနေ့တွင် ပြောကြားခဲ့သည်။

မနီလာမြို့ရှိ သမ္မတအိမ်တော်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် တွေ့ဆုံစဉ် မားကို့စ်က ၎င်း၏ ခရီးစဉ်သည် အချိန်မီဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် ပေလိုစီ၏ ခရီးစဉ်သည် နဂိုမူလကတည်းက မတည်မငြိမ်ဖြစ်နေသော ထိုင်ဝမ်ကျွန်း၏ အခြေအနေကို ပိုမိုပြင်းထန်အောင် ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဘလင်ကန်သည် မားကို့စ် စတင်အာဏာရချိန်မှစ၍ ဖိလစ်ပိုင်သို့ လည်ပတ်ခဲ့သည့် အမေရိကန်၏ ရာထူးအမြင့်ဆုံး အရာရှိဖြစ်သည်။

ဘလင်ကန်က ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော ၎င်းတို့နှစ်နိုင်ငံ၏ ပူးတွဲကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်များကို စောင့်ထိန်းသွားမည်ဟု မားကို့စ်အား အာမခံခဲ့သည်။

“ကျွန်တော်တို့ရဲ့ မဟာမိတ်ဖွဲ့မှုဟာ အားကောင်းပါတယ်၊ ဒီထက် ပိုပြီး အားကောင်းလာနိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု ဘလင်ကန်က မားကို့စ်အား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကနှင့် တရုတ်တို့ကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုတွင် အခရာကျသော နိုင်ငံဖြစ်နေပြီး မားကို့စ်သည် အဆိုပါ စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုကြား ၎င်းနိုင်ငံ၏ဆက်ဆံရေးကို ဟန်ချက်ညီအောင်ထိန်းညှိရာတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။

ပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့် စပ်လျဉ်း၍ မားကို့စ်က ၎င်း၏ခရီးစဉ်သည် တရုတ်-ထိုင်ဝမ် ပဋိပက္ခ၏ အခြေအနေ မည်မျှ ပြင်းထန်သည်ကို ပြသခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့နိုင်ငံနဲ့လည်း အဲဒီလို အခြေအနေမျိုး အချိန်အတော်ကြာ ရှိခဲ့ဖူးပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ နေသားကျနေပါပြီ”ဟု တံခါးပိတ်အစည်းအဝေး မတိုင်မီ မားကို့စ်က ဘလင်ကန်ကို ပြောကြားခဲ့သည်။

Source: Reuters

Post a Comment

Previous Post Next Post