တရုတ်၏တာဝန်မဲ့ ဆက်ဆံရေးဖြတ်တောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးရှုံ့ချ

တရုတ်၏တာဝန်မဲ့ ဆက်ဆံရေးဖြတ်တောက်မှု ကန်နိုင်ငံခြားရေးဝန်ကြီးရှုံ့ချ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်အ‌နေဖြင့် ဝါရှင်တန်နှင့် အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို ရပ်တန့်လိုက်ခြင်းသည် တာဝန်မဲ့သည့်လုပ်ရပ်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထိုင်ဝမ်အပေါ် ပေကျင်း၏ လက်တုံ့ပြန်သည့် လုပ်ရပ်မှာလည်း တရုတ်သည် ငြိမ်းချမ်းစွာ အဖြေရှာရန်ဦးစားပေးလုပ်ဆောင်ခြင်းမှ အင်အားသုံးအနိုင်ယူခြင်းသို့ ပြောင်းလဲလိုခြင်းကို ပြသခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်အနီးအကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုများပြုလုပ်နေချိန်တွင် ကန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေး၊မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ရာသီဥတုဖောက်ပြန်မှု အပါအဝင် အဓိက နယ်ပယ်ရှစ်ခု၌ နှစ်နိုင်ငံလုပ်ငန်းစဉ်များကို တစ်ဖက်သတ်ရပ်တန့်ကာ လက်တုံ့ပြန်မှုသည် အမေရိကကိုသာမက ကမ္ဘာကိုပါထိခိုက်စေမည့် လှုပ်ရှားမှုဖြစ်ကြောင်း ဘလင်ကန်က မနီလာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

"ရာသီဥတုပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်တာဟာ အမေရိကန်တစ်နိုင်ငံတည်းမဟုတ်ပဲ တစ်ကမ္ဘာလုံးကိုထိခိုက်စေတဲ့လုပ်ရပ်ပါ။အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ့။နှစ်နိုင်ငံကြားသဘောထားကွဲလွဲမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ အလေးထားရမဲ့ကိစ္စတွေကို ဓားစာခံအဖြစ်မခံသင့်ပါဘူး” ဟု ၎င်းကဆိုခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကို အတူကိုင်တွယ်ဖြေရှင်းခြင်းသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးဖြစ်သည့် စူပါပါဝါကြီးနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ်တစ်ခုဖြစ်သည်။

မကြာသေးမီရက်အတွင်း ထိုင်ဝမ်တဝိုက်၌ တရုတ်နိုင်ငံ၏ လုပ်ရပ်များနှင့်ပတ်သက်၍ မဟာမိတ်များထံမှ စိုးရိမ်ပူပန်မှုများကို ကြားသိနေရကြောင်း ဘလင်ကန်ကပြောကြားသော်လည်း အခြေအနေကိုကိုင်တွယ်ဖြေရှင်းရာတွင်မူ ဝါရှင်တန်အနေဖြင့်တည်ငြိမ်နေရမည်ဖြစ်သည်ဟုဆိုသည်။

ထို့ပြင် အမေရိကန်အနေဖြင့် တရုတ်နှင့်ဆက်သွယ်ရေးလမ်းကြောင်းကို မူလအစီစဉ်အတိုင်းထားရှိကာ အထင်မြင်လွဲမှားမှုမဖြစ်စေလိုကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်။

"နားလည်မှုလွဲခြင်းကြောင့် ပဋိပက္ခတွေတိုးမြင့်လာတာကို ရှောင်ရှားနိုင်ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း‌တွေကို ဖွင့်ထားပါမယ်" ဟု ဘလင်ကန်ကဆိုသည်။သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမူ ဘလင်ကန်သည် တရုတ်နှင့် ပတ်သက်၍ “မမှန်မကန်ပြောနေခြင်းသာ” ဖြစ်သည်ဟု စနေနေ့ကစွပ်စွဲခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ကတော့ အမေရိကကို ကမောက်ကမတွေ မလုပ်ပါနဲ့၊ ပိုကြီးတဲ့ပြဿနာအကျပ်အတည်း‌ တွေကိုမဖန်တီးပါနဲ့လို့ သတိပေးချင်ပါတယ်" ဟုသာ ဝမ်ကတုံ့ပြန်ပြောကြားခဲ့သည်။

Source - Aljazeera

Post a Comment

Previous Post Next Post