အသုံးချခံ မဖြစ်စေနဲ့

      
အခုခေတ်မှာ တပ်မတော်ကနေ တောခိုသွားတာ တပ်သားအဆင့်ကနေ ဗိုလ်မှူး ခေတ္တတပ်ရင်းမှူး အဆင့်ထိတောင် ပါလာတယ် ။ CDM လုပ်တာလို့ တဖက်ကတော့ ကြေငြာတာပေါ့ ။

ဘာ့ကြောင့် တပ်မတော်ကို သစ္စာဖောက်ပြီး တောခိုသွားတာလဲ ဆိုတာ သေချာ  စုံစမ်းကြည့်ရင် သူ့အကြောင်းနဲ့ သူချည်းပါပဲ ။

အကြောင်းပြချက်ကတော့ အမျိုးမျိုး ပေါ့လေ ။ တပ်မတော်ထဲမှာ ဖိနှိပ်လို့ ၊ အာဏာသိမ်းတာကိုဆန့်ကျင်လို့ ၊ ဒီမိုကရေစီ လိုလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့ စသဖြင့် အကြောင်းချက်မျိုးစုံပေါ့ ။

အဓိက က တဖက်အဖွဲ့အစည်းတွေရဲ့ မစားရဝခမန်း မက်လုံးတွေကြောင့်လည်း ပါတာပေါ့ ။ 

တောခိုသွားပြီးနောက်ပိုင်း 
သူတို့ဘာဖြစ်သွားကြသလဲ ဆိုတာ ဆက်လေ့လာဖို့လိုပါတယ် ။ 
ဗိုလ်မှူး အဆင့်နဲ့ တောခိုသွားသူ ဟိန်းသော်ဦး တောထဲမှာ PDFလေ့ကျင့်ရေးတပ်မှာ နေရာရတယ် ။ 

PDF တပ်ရင်းမှူးတောင် မပေးဘူး ။
ဗိုလ်မှူးအဆင့်နဲ့ AAဆီတောခိုသွားတဲ့ အောင်မြင့်စိုး AAမှာ ဒုဗိုလ်မှူးကြီးတောင် မရပါဘူး ။ 
ဗိုလ်မှူးအဆင့်ပဲ ပေးထားတယ် ။ တပ်မဟာမှူး မပြောနဲ့ တပ်ရင်းမှူး  တောင်မရပါဘူး ။ 
ထို့အတူပါပဲ အခြားသော တောခိုသွားသူတွေ သူပုန်ထဲမှာ ဘာရာထူး ဘယ်နေရာရသလဲ ။ 
အရေးမပါတဲ့နေရာမှာပဲ သုံးပါတယ် ။ အဆုံးအဖြတ် ပေးနိုင်မယ့် Commander တပ်မဟာမှူး တပ်မမှူး တိုင်းမှူး ကာကွယ်ရေးဝန်ကြီး ရာထူးတွေ မပေးပါဘူး ။ 

စည်းကမ်းစနစ်တကျနဲ့ လစာ ရိက္ခာ ခံစားခွင့် ရတဲ့ တပ်မတော်ကိုတောင် သစ္စာဖောက် လာတဲ့သူကို  သူပုန်လုပ်နေသူတွေကလည်း အပြည့်အဝ မယုံကြည်တာ ဆန်းတော့မဆန်းပါဘူးလေ

ညီသုတ ဆိုက်ဝါးလုပ်နေတဲ့ ပြည်သူ့ရင်ခွင်အစီအစဉ်ဆိုပြီး တောခိုလာရင် သြစတေးလျနိုင်ငံကို ပို့ပေးမယ် ဆိုပြီး ဆွယ်နေတာ ရှိပါတယ် ။
ကဲ... သြစတေးလျနိုင်ငံကို တောခိုသွားသူ ဘယ်နှစ်ယောက် ရောက်သွားပြီလဲ လေ့လာပါ ။ တကယ်သာ ပို့နိုင်လို့ရောက်သွားရင် 
သြစတေးလျနိုင်ငံကနေ ကျနော် ကြည်း.........ဘယ်သူ ရောက်နေပါပြီဆိုပြီး သူတို့ဆိုက်ဝါး ဆက်လုပ်ကြမှာပေါ့ ။ 
ခုတော့ မပို့နိုင်လို့ အဲဒီဆိုက်ဝါးအကွက် မလုပ်ပြတာဆိုတာ သဘောပေါက်သင့်တယ် ။ 

ရင်းမှူး သင်တန်းအထိ အောင်ပြီးသား ဗိုလ်မှူး တစ်ယောက် ဆိုတာ တပ်မကြီးအဆင့် ကိုင်တွယ် နိုင်ပါတယ် ။ နိုင်ငံရေး စစ်ရေး သုံးသပ်ချက် အမြင်လေးမြင်တွေ အထိုက်အသင့် တတ်နေပါပြီ ။   NUGက ကာကွယ်ရေးဝန်ကြီး လုပ်နေတဲ့ ဦးရည်မွန် ဆိုတာ စစ်ပညာ ဘာမှမတတ် ၊ စစ်နည်းဗျူဟာ စစ်မဟာဗျူဟာတောင် ခွဲခြား  တတ်သူမဟုတ်ဘူး ။ အဲဒီလို လူတွေ နိုင်ငံရေး လေကြီးလေကျယ်ပဲပြောတတ်ပြီး စစ်ပညာဘာမှမတတ်တဲ့သူတွေရဲ့ အောက်မှာ... အရေးမပါတဲ့ နေရာပဲ အပေးခံရ 
အသုံးတော်ခံရတာပါ ။ 
နိုင်ငံရေး သမားက Commander လုပ်နေပြီး စစ်ပညာတကယ်တတ်တဲ့ သူတွေက သူ့အောက်မှာ သူတို့ပေါက်ကရ စီမံ ကွပ်ကဲမှု နဲ့ နေရတာ အဆင်ပြေမယ် ထင်လား ။ တကယ်နေရာပေးချင်ရင် တပ်က ဗိုလ်မှူးနဲ့တောခိုလာတဲ့သူကို ဗိုလ်မှူးကြီး ဗိုလ်မှူးချုပ် ဗိုလ်ချုပ်  တွေ ပေးပြီး သုံးရင် သူတို့တော်လှန်ရေး ပိုတောင် အောင်မြင်မှု ရဦးမှာ ။ 
ဒါပေမယ့် သူတို့ မလုပ်ဘူး ။ 
အသုံးချဖို့ပဲ သုံးတာပါ ။ 

စစ်ဗိုလ်တွေ စစ်သားတွေ 
တပ်ကထွက်ပြီး နောက်  
နိုင်ငံရေး လုပ်ကြတာသည်
ဗိုလ်ချုပ်အောင်ဆန်း တို့ စတယ်လို့ ပြောလို့ရပါတယ် ။  

အခုခေတ်မှာထိလည်း
စစ်တပ်က ထွက်ပြီး နိုင်ငံရေး လုပ်သူတွေလည်း 
ရှိပါတယ်။

လေ့လာမိသလောက်တော့ 
စစ်ဗိုလ်ထွက်တွေကို 
နိုင်ငံရေး ပါတီတွေက ကြိုက်ကြပါတယ် ။ ဘာ့ကြောင့် ကြိုက်လဲ ဆိုရင် စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ဆိုတာက လွယ်တာမှ မဟုတ်တာ ။ အရည်အချင်း အမျိုးမျိုး ကို 
ဗိုလ်လောင်းဖြေကတည်းက 
စပြီးစစ်ဆေးအစမ်းသပ်ခံလိုက်ရတာ ရာထူးကြီးရင် ကြီးသလို စမ်းသပ်ခံရ, တာဝန်ဖိအားတွေ အမျိုးမျိုး နဲ့ အကြိမ်ကြိမ် မီးဖုတ်ပြီးထုထားတဲ့ ဓားကောင်း တစ်လက်လို ဖြစ်နေပါပြီ ။ ဒါ့ကြောင့်လည်း စစ်တပ်ကထွက်လာတဲ့ စစ်ဗိုလ်ဆိုရင် ကုမ္မဏီတွေက လိုချင်သလို နိုင်ငံရေးပါတီတွေကလည်း 
လိုချင်ပါတယ် ။ 

အဲဒီအထဲမှာ
စစ်တပ်နဲ့ မတည့်တဲ့ ပါတီနိုင်ငံရေးသမားတွေက ပိုတောင် လိုချင်ပါသေးတယ် ။ 
ဘာ့ကြောင့် လိုချင်လဲ ဆိုရင် သူတို့လိုချင်တာက 
စစ်တပ်က ဘယ်အဆင့် သူတို့ဆီ ပူးပေါင်း လာပါတယ်ဆိုတာကိုသာ လိုချင်တာပါ ။ ဥပမာ. ဗိုလ်ကြီးဟောင်း နေမျိုးဇင်. ဗိုလ်မှူး ဟောင်း ကျော်စွာဝင်း ... အဲဒီစစ်ဗိုလ်ရဲ့ အရည်အချင်း နဲ့ထိုက်တန်စွာ နေရာပေး ရာထူးပေးချင်လို့တော့ မထင်နဲ့ လုံးဝ မဟုတ်ပါဘူး ။ သူတို့ အသုံးချခံ အဖြစ်သာ သုံးချင်လို့ပါ ။  ငါတို့ပါတီ ငါတို့အဖွဲ့ ငါတို့တော်လှန်ရေးမှာ စစ်တပ်က ဘယ်အဆင့် ရှိသူ လာပူးပေါင်းပြီ ဆိုတာကိုပဲ ပြချင်တာပါ ။ 

နောက်ထပ်သမိုင်းဝင်
နမူနာ ပြောရရင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော က ကွန်မြူနစ် ပါတီကို တော်တော် ယုံကြည် ပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ တိုင်းမှူး ဖြစ်နေတာတောင် တပ်မတော်ကို သစ္စာဖောက်ပြီး  အောင်မာဃ စစ်ဆင်ရေးအပါအဝင် အရေးကြီး စာရွက်စာတမ်းတွေ ကို ဗကပ ဥက္ကဌ သခင်သန်းထွန်း ထံ ရဲဘော်ကြီးမြင့် ဆိုသူကတဆင့် အရောက်ပို့ခဲ့တယ် ။ အဲဒါတွေ ပေါ်လို့ အရေးယူခံရပြီးနောက် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော ဟာ မိသားစုလိုက် မြန်မာပြည် အရှေ့မြောက် ဒေသ ဗကပဌာနချုပ်ထံကို ဘဝအားလုံးစွန့်လွှတ်ကာ ဗကပအဖြစ် တောခိုခဲ့ပါတယ် 
ဒါပေမယ့် ဗကပ ဗဟိုကလူတွေဟာ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ငါတို့ဗကပ ထံလာပူးပေါင်းပြီ ဆိုတဲ့ Psywar မှာ အသုံးချဖို့ သာ ဗိုလ်ကျော်ဇော ကို လိုချင်တာပါ ။ 
မြန်မာ့တပ်မတော် မှာတုန်းက
စစ်တိုက်တော်တယ်လို့ နာမည်ကြီးခဲ့တဲ့ ဗိုလ်ကျော်ဇော လည်း ခြူးရွှေ.ပန်ကောက် တိုက်ပွဲများ မှာ ဗကပတပ်တွေကို ဦးစီးပြီး အစွမ်းကုန် တိုက်ခဲ့ပေမယ့် နာမည်သေသွားရပါတယ်။  

သူ့ကို စစ်ရှုံးတဲ့ စစ်သူကြီးသဖွယ် ဖြစ်အောင် တကယ်  လုပ်လိုက်တာ က မြန်မာ့တပ်မတော် ရဲ့ တန်ပြန်တိုက်စစ် က အဓိက မဟုတ်ပါဘူး။ 
ဗကပ ခေါင်းဆောင် တွေက ဗိုလ်ကျော်ဇော ရဲ့ လုပ်ဆောင်နိုင် စွမ်းတွေကို ချုပ်ထားပြီး နာမည် သတ်လိုက် လို့ပါပဲ.. 
ပေးသင့်တဲ့ ထောက်ပို့တွေ တပ်အင်အားတွေ မပေးပဲ 
ဗကပ ဗဟိုကလူတွေဟာ ညစ်ထားပြီး နာမည် အသတ်ခံရ တာပါပဲ ။ အဲဒီနောက် ဗိုလ်ကျော်ဇော ဘာဖြစ်လဲ ... သေသည်အထိ ဗကပ စစ်အကြံပေးအဆင့်နဲ့ ဂိမ်းသွားပါတယ် ။ Commander ပေးမကိုင်တော့ပါဘူး ။ သူပေးတဲ့ စစ်ရေးဆိုင်ရာအကြံဥာဏ်တွေ ဘယ်လောက်ကောင်းကောင်း ပယ်ချခံရပါတယ် ။ .
ဗကပ ဗဟိုကလူတွေရဲ့ လိုလားချက် ကလည်း 
ဒါပါပဲ ။ 

ရဲဘော်သုံးကျိပ် ဝင် စစ်တိုက်တော်သော ဗိုလ်ကျော်ဇော က ဗကပပါတီဘဝကနေ တောခိုလာတဲ့ လူတွေထက် စစ်တိုက်တော်တာကို 
သူတို့ သိတာပေါ့ ။ ဒါပေမယ့် သူ့ကို ဗကပ စစ်ဦးစီးချုပ် မခန့်ပေးဘူး ။ ပါတီကနေတောခိုလာတဲ့ 
စစ်ပညာသေချာမတတ်တဲ့သူတွေက ဗကပ ဗဟိုမှာကြီးစိုးနေပြီး ဗိုလ်ကျော်ဇောလို လူမျိုးက သူတို့၏ ကွပ်ကဲမှုအောက်က တပ်မမှူးအဆင့်လောက် စစ်ဆင်ရေးမှူးလောက်.ပဲ ထားခဲ့တာပါ ။ ဒါတောင် အဆင့်သတ်မှတ်ချက် မရှိပဲ ခေတ္တ ရာထူး သဘောမျိုးပါ ။ စစ်ဆင်ရေး မအောင်မြင်တော့ Commabder Role မထားတော့ပဲ စစ်အကြံပေး.ဆိုပြီး ချောင်ထိုးခဲ့ကြတယ် ..
အစည်းအဝေး ခေါ်ရင်လာတက် ပေးချင်တဲ့အကြံပေး သူတို့သုံးချင်မှ သုံးတဲ့အဆင့် ဖြစ်သွားရတာပါ ။ 
ဗိုလ်ကျော်ဇော ကိုယ်တိုင် ရေး အထုပ္ပတ္တိဖြစ်တဲ့ ရေးတဲ့ ဆိုင်းဆုမှသည် မံဟိုင်းဆီသို့ထဲမှာတော့ ဒါမျိုး ဘယ်ပါမလဲဗျာ ။ သူရှက်လို့လည်း ဖြစ်နိုင်သလို သူ့ကိုယ်သူ ဘေးကနေ အမြင်နဲ့ မသုံးသပ်နိုင်လို့လည်း ဖြစ်မယ် ထင်ပါတယ် ။ 

စစ်သားသာမက ဝန်ထမ်းတိုင်းဟာ မိမိအလုပ်မှာ မကျေနပ်တာ ရှိတတ်ပါတယ် ။ မကျေနပ်လို့ တောခိုရင် ကျေနပ်စရာ တွေ လိုချင်တာ တွေ ရသွားရောလား ။ 

အတိုချုပ် ပြောရရင် 
အသုံးချခံ မဖြစ်စေနဲ့ လို့ပဲ ပြောချင်ပါတော့တယ် ။🍒

မူရင်းရေးသားသူ ##ခိုင်မင်း

Post a Comment

Previous Post Next Post