ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသော်လည်းအမေရိကန်၌ သဘာဝဓာတ်ငွေ့ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

စက်တင်ဘာ ၂၆ ရက် ရေနံဈေးကွက်အဖွင့်ကိုတော့  ရေနံဈေးနှုန်း ကျဆင်းမှုနဲ့ စတင်လိုက်ပါတယ်။  အခုရေနံဈေးနှုန်း ကျဆင်းမှုဟာ ဒီနှစ်ဇန်နဝါရီလ နောက်ပိုင်း ရေနံဈေးနှုန်း အနည်းဆုံး ဖြစ်တာကို တွေ့ရပါတယ်။

ဥရောပရဲ့ စံပြုသတ်မှတ်ချက်ဖြစ်တဲ့ Brent  ရေနံစိမ်းရဲ့ နိုဝင်ဘာလအတွက် ဈေးနှုန်းဟာ London Intercontinental Exchange ဈေးကွက်မှာ ရေနံစိမ်း တစ်စည်ကို ၈၄ ဒသမ ၅၅ ဒေါ်လာသာပေါက်ဈေးရှိပြီး  ဒီဈေးနှုန်းဟာ ယမန်နေ့ဈေးကွက် အပိတ်ပေါက်ဈေးထက် ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပါတယ်။

ဒါကြောင့် Brent ရေနံစိမ်းဈေးနှုန်းဟာ  ဒီနှစ်ဇန်နဝါရီ ၁၄ ရက်နောက်ပိုင်း ပထမဆုံးအနေနဲ့ တစ်စည်ကို ၈၅ ဒေါ်လာ အောက် ရောက်ရှိလာတာ တွေ့ရပါတယ်။

အလားတူပဲ အမေရိကန်ရဲ့ စံပြုရေနံစိမ်းဖြစ်တဲ့ WTI ရေနံစိမ်းဈေးနှုန်းကလည်း တစ်စည်ကို ၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး ၇၇ ဒသမ ၂၄ ဒေါ်လာနဲ့ ဈေးဖွင့်လာပါတယ်။ ဒါဟာ ဒီနှစ်ဇန်နဝါရီ ၆ ရက်နောက်ပိုင်း အနည်းဆုံးဈေးနှုန်းလို့ ဆိုနိုင်ပါတယ်။

အခုလိုမျိုး  ရေနံဈေးနှုန်းတွေ ကျဆင်းလာတာဟာ  အမေရိကန်ဒေါ်လာတန်ဖိုး ပိုမိုခိုင်မာလာအောင် လုပ်ဆောင်မှု၊  ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များက အတိုးနှုန်းကို တိုးမြှင့်လာနိုင်မှုနဲ့ စီးပွားရေး ကျဆင်းနိုင်ခြေရှိတဲ့အပေါ် စိုးရိမ်ပူပန်မှုတို့ကြောင့်ဖြစ်တယ်လို့ သုတေသီများက ဆိုပါတယ်။

ဗဟိုဘဏ်များက   အတိုးနှုန်းများကို တိုးမြှင့်ခြင်းဟာ ကမ္ဘာ့စီးပွားရေး အခြေအနေကို ပိုမိုဆိုးဝါးစေပြီး စီးပွားရေး ကျဆင်းမှုဆီ ဦးတည်စေနိုင်ပါတယ်။

ဒီအခြေအနေမှာ   ရေနံဝယ်လိုအား ကျဆင်းလာမှာဖြစ်ပြီး  တစ်ချိန်တည်းမှာပဲ အမေရိကန်ဒေါ်လာ တန်ဖိုးအားကောင်းလာခြင်းက အမေရိကန်ဒေါ်လာ မသုံးတဲ့ စားသုံးသူတွေကို ရေနံဝယ်ယူဖို့ ကန့်သတ်ချက်တွေ ပိုမိုဖြစ်ပေါ်လာစေတယ်လို့ သုတေသီများကရှင်းပြထားပါတယ်။

အခုအချိန်မှာတော့ ရေနံဈေးကွက် အခြေအနေအတွက် အလားအလာက ရေနံတင်ပို့သည့် နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ အဖွဲ့အစည်း (OPEC+) က နောက်တစ်ကြိမ် ပြုလုပ်မယ့် အစည်းအဝေးအပေါ် မူတည်နေပါတယ်။

အဲဒီအစည်းအဝေးကိုတော့ အောက်တိုဘာ ၅ ရက်မှာပြုလုပ်ဖို့    စီစဉ်ထားပြီး လက်ရှိမှာဆိုရင် OPEC+ကလည်း သူတို့ နိုင်ငံအသီးသီးက    နေ့စဉ်ထုတ်လုပ်ဖို့ သဘောတူထားတဲ့   ရေနံပမာဏထက်  တစ်ရက်ကို ရေနံစည်သန်းပေါင်း  ၃ ဒသမ ၅၈ သန်းလျှော့ချ ထုတ်လုပ်လျက်ရှိပါတယ်။

တစ်ဖက်မှာ ရေနံဈေးနှုန်းနဲ့ ဝယ်လိုအား အခြေအနေက အထက်မှာ တင်ပြထားတဲ့ အတိုင်းဖြစ်နေပေမယ့် တစ်ဖက်မှာကျတော့ သဘာဝဓာတ်ငွေ့အပေါ် ပြည်တွင်း သုံးစွဲမှုနဲ့ ကမ္ဘာတစ်ဝန်းဝယ်လိုအား မြင့်တက်လာတဲ့အတွက် အမေရိကန် အနေနဲ့ သဘာဝ ဓာတ်ငွေ့ပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

အမေရိကန်နိုင်ငံမှာ  ထင်ထားတာထက် ပိုမိုပူပြင်းတဲ့ နွေရာသီနဲ့  စွမ်းအင်အတွက် တခြားအရင်းအမြစ်များ  နည်းပါးမှုတို့ကြောင့် နိုင်ငံရဲ့ အရန်သဘာဝဓာတ်ငွေ့ ပမာဏဟာ  လိုအပ်တဲ့ ပမာဏအောက်ကို ကျဆင်းပြီး   လျော့နည်းလာနေတယ်လို့ Reuters သတင်းဌာနက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

လတ်တလောမှာ ဥရောပဒေသက ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ ရရှိမှုနည်းပါး လာတဲ့အတွက် အမေရိကန်ကနေ ထွက်သမျှ သဘာဝဓာတ်ငွေ့များကို ဥရောပဆီစံချိန်တင် အမြင့်ဆုံးပမာဏနဲ့ တင်ပို့နေရပါတယ်။

ဒီလိုတင်ပို့ရမှုကြောင့်  ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ဖူလုံမှု မရှိတော့တဲ့အတွက် ဥရောပဆီ စွမ်းအင် တင်ပို့နေရမှုကို လျှော့ချဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာပါပြီ။

ဥရောပဒေသမှာသာမက အမေရိကန်နိုင်ငံမှာပါ  မကြာခင် ဆောင်းရာသီ ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်  ဒီရာသီမှာ အနွေးဓာတ်ရရှိစေဖို့ သဘာဝဓာတ်ငွေ့ကိုသာ အများဆုံး အသုံးပြုရတာကြောင့်   အဲဒီစွမ်းအင်ဈေးနှုန်းက ကျဆင်းဖို့လမ်း မမြင်ပါဘူး။

အရင်တုန်းကတော့  အမေရိကန်မှာ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့အတွက် စွမ်းအင်ဈေးနှုန်းကို  ဂရုစိုက်စရာ မလိုပေမယ့် အခုတော့ ပြည်တွင်းဖူလုံမှုလည်း နည်းပါးလာကာ ဆောင်းတွင်းလည်း ရောက်တော့မှာဖြစ်တာကြောင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်ကထက် ၃၀၀ ရာခိုင်နှုန်းကျော်အထိ ဆက်လက်မြင့်တက် လာမှာဖြစ်ပါတယ်။ 

Source -  thepillarmedia

Post a Comment

Previous Post Next Post