စာမရေးဖြစ်တာလည်း ကြာပါပြီ ။ ယနေ့ ယမ်းခိုးနံ့ တသင်းသင်းနဲ့ စစ်ကိုင်းမြေအကြောင်း တွေးရင်း စာရေးချင်စိတ် ဖြစ်လာလို့ ချရေးဖြစ်ပါတယ် ... ။
ကျနော် အမှန်အတိုင်း ဝန်ခံရရင် ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်ကြီးရဲ့ အစမှာ စစ်ကိုင်းတိုင်းကို ယခုလောက်ထိ ဆိုးဝါးသွားလိမ့်မယ်လို့ ကျနော် လုံးဝ တွေးထင်မထားခဲ့ပါဘူး .. ။
အညာဒေသမို့ သွေးပူသွေးဆူလွယ်ပြီး ဒေါသထွက်ရင် ထန်းရည်သောက်ရင်းတောင် ထန်းလက်ပြားနဲ့ ထ ရိုက်သတ်တတ်ကြတဲ့ အညာသား လူရိုးကြီးတွေနေတဲ့ ဒေသဆိုတာတော့ သိထားပါတယ် .. ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး ဆန်အိုးကြီးဟာ အခုလို ဟက်တက်ကြီး ကျကွဲသွားလိမ့်မယ်လို့ အထိတော့ ကျနော် မမျှော်လင့်မိရိုး အမှန်ပါ .. ။
အခုတော့ ဖြစ်ပုံတွေက အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရင်း ၂ ဖက်အမှားတွေနဲ့ အကြောင်းတရားတွေက စစ်ကိုင်းမှာ ပေါင်းဆုံသွားပါပြီ .. ။ ဘေးကနေ လောင်းကျွမ်းမှုကို အားပေးမဲ့ ဒြပ်ပစ္စည်းတွေကလည်း ယခုအထိ တပုံတပင် ရှိနေဆဲပါဘဲ .. ။
၂၀၂၁ နှစ်ဆန်း တနိုင်ငံလုံး ဆန္ဒပြပွဲတွေ အရှိန်မြင့်နေစဉ်အတွင်း ဧပြီလောက်တုန်းက ကျနော်နဲ့ အရမ်းရင်းနှီးတဲ့ ( facebook မှာလည်း သူ့ Acc ကို လူသိများတဲ့ ) Senior အကိုကြီး တစ်ယောက်နဲ့ ဆွေးနွေးခဲ့ဖူးပါတယ် ။ သူပြောတဲ့အချိန်က အဲ့ဒီတုန်းက အတော်ကို စောပါတယ် ။ NUG / PDF တွေရဲ့ လက်နက်ကိုင်လမ်းစဉ်တောင် အတိတလင်း မစသေးဘဲ အစပျိုးဖို့ တာဆူနေတဲ့ အချိန်ပါ .. ။
သူပြောတာက ..
" ညီလေး .. စစ်ကိုင်းက သူတို့ရဲ့ အခြေခံနယ်မြေ ဖြစ်လာလိမ့်မယ် ၊ ချစ်တွင်းနဲ့ ဧရာဝတီကြား မြစ်ဝှမ်းကို မင်း သတိထားကြည့်နေ .. ။ အဲဒီဖက်က ဗမာတွေ ရိုးကြတယ် .. ဘာမှ မသိဘူး ၊ သူတို့ အကြီးအကျယ် သူပုန်ထလိမ့်မယ် " တဲ့ .. ။
ကျနော် အစက အဲဒီ အကိုကြီးပြောတာကို မယုံခဲ့ပါဘူး ။ မယုံကြည်လောက်တဲ့ အကြောင်းရင်းကလည်း ကျနော့်မှာ ယူဆချက် ခိုင်ခိုင်မာမာ ရှိပါတယ် ။
( ပထမအချက်က ) 👉🏻
ကျနော်တို့ တွေးလေ့ရှိတဲ့ သမားရိုးကျ တွေးဆချက်မှာ -
နယ်မြေဒေသတစ်ခု ၊ လူမျိုးတစ်ခု သူပုန်အကြီးအကျယ်ထဖို့အတွက် သူပုန်ထမဲ့ ဧရိယာက .. မိမိတိုင်းပြည်နဲ့ ပလဲနံပ မသင့်တဲ့ / မတည့်တဲ့ ( Non Allied Country ) ပြည်ပ ကျောထောက်နောက်ခံ နယ်မြေတစ်ခုခုနဲ့ ဆက်စပ်နေရမယ်ဆိုတဲ့ ကျနော့်ရဲ့ လှေကြီးထိုးရိုးရိုး တွေးဆချက်ပါ ။
သမားရိုးကျအရတော့ ကျနော့်ရဲ့ ဒီတွေးဆချက်က မမှားပါဘူး .. ။ စစ်ကိုင်းဒေသက အိန္ဒိယနဲ့ ဆက်စပ်နေတာပါ ။ ဒါပေမဲ့ ဒီအချိန်မှာ အိန္ဒိယနဲ့ မြန်မာ SAC အစိုးရကြား ဆက်ဆံရေးက ပြေပြစ်တယ်လို့ ပြောလို့ရပါတယ် ။
ယခုအချိန်မှာ မြန်မာ့အရေးကို အိန္ဒိယက လက်ရှောင်နေတာ ဖြစ်လို့ စစ်ကိုင်းဟာ ဒီလောက်ထိ ဖြစ်သွားစရာ မရှိဘူးလို့လည်း ကျနော် စစ်ကိုင်းကို အထင်ပေါ့ခဲ့ပါတယ် ။ ဒါက ပထမအချက်ပါ ။
နောက် ( ဒုတိယချက်က ) 👉🏻 .. စပါးစိုက်တဲ့ လယ်သမားကြီးတွေ ထွက်လေ့ရှိတဲ့ ၊ ရိုးသားကြတဲ့ ရှေးဗမာတို့ရဲ့ ဘူမိနက်သန် စစ်ကိုင်းသားတွေဟာ သူတို့ရဲ့ ရှိထားပြီးသား အေးချမ်းတည်ငြိမ်မှု နဲ့ တဒင်္ဂ နိုင်ငံရေးလိုဘတစ်ခုကို ပဲကြီးလှော်နဲ့ အိုးပုတ်လဲသလို အလွယ်တကူ လဲ မပစ်နိုင်ဘူးလို့ ကျနော် ယူဆထားလိုက်လို့ပါဘဲ ... ။ ဒါကတော့ စစ်ကိုင်းသား ရှေးမြန်မာကြီးတွေက သက်ဆင်းလာတဲ့ မျိုးဆက်ရဲ့ နိုင်ငံရေးရေချိန်ကို ကျနော် အထင်ကြီးထားမိလိုက်တဲ့ အချက်ပါ .. ။
ကျနော် အတွေး လွတ်ချော်ခဲ့တာတွေလည်း ရှိပါတယ် ။
အဲဒါက မြန်မာ့သမိုင်းမှာ စစ်ကိုင်းသားတွေဟာ လူစုပြီး ညီပြီဟေ့ ဆိုရင် ကုန်းဘောင် Dynasty ကိုတောင် စစ်ကိုင်းက ရှေးဗမာတောသားကြီးတွေ စုပြီး မန္တလေးတောင်ခြေအထိ ဆင်းပြီး တည်ထောင်ခဲ့ကြဖူးတယ်ဆိုတဲ့ အချက်ပါ ။
ရှေးမြန်မာကြီးတွေက ဆင်းသက်လာတဲ့ ဇာတိသွေး၊ ဇာတိမာန်ကို သူတို့ရဲ့ အသွေးအသားမှာ ယနေ့အထိ မြင်ရလေ့ ရှိတတ်ပါတယ် .. ။ ယခုတော့ နိုင်ငံရေး အမြင်မတူမှုတွေကြား ဗမာအချင်းချင်း သွေးချောင်းစီးရင်း ခုတော့ စစ်ကိုင်းဟာ ရေတိမ်နစ်ခဲ့ပါပြီ .. ။ စစ်ကိုင်းသားအစစ် ဦးအောင်ဇေယျသာ တမလွန်က ကြားရင် ရင်ကွဲရချည့်လေ .. ။
စကားဆက်ရရင် .. ကျနော် အဲဒီအချိန်တုန်းက ဆွေးနွေးဖက် အကိုကြီးနဲ့ ဆွေးနွေးစဉ် .. ကျနော့် စဉ်းစားချက်မှာ မတွေးထားမိတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ် ။ အဲဒါကတော့ စစ်ကိုင်းဟာ KIA ကြီးစိုးတဲ့ ကချင်ဒေသရဲ့ ဝင်ပေါက်ဆိုတာကို ထည့် မစဉ်းစား မိတာပါဘဲ ။
ကျနော် အပေါ်မှာ ပြောခဲ့ပါတယ် ။ နယ်မြေဒေသတစ်ခု(ဝါ) လူမျိုးတစ်ခု သူပုန်ထဖို့ Non-allied Country နိုင်ငံတစ်ခုနဲ့ နယ်မြေဆက်စပ်နေရမယ် ဆိုတဲ့ စဉ်းစားချက်မှာ KIA ကို သာမာန် Insurgent group တစ်ခုအနေနဲ့သာ ဖော့ စဉ်းစားမိတဲ့ အချက်က ကျနော့် ယူဆချက်တွေကို အကြီးအကျယ် မှားယွင်းစေခဲ့ပါတယ် ။ တကယ်တော့ KIO KIA ဟာ မြန်မာ့နိုင်ငံရေး မှာ ဂွင်တွေ့ရင် မဟာဗျူဟာ ဝင်ကစားတတ်တဲ့ ကျားအဆင့် သူပုန် ဖြစ်နေတာ ကြာပါပြီ ။
အခုနောက်ပိုင်းမှ အပြန်ပြန် အလှန်လှန် ၊ တစိမ့်စိမ့် ပြန်တွေးကြည့်တဲ့အခါ KIA ဟာ စစ်ကိုင်းဒေသ တစ်ခုလုံး မီးဟုန်းဟုန်း တောက်ဖို့ စနစ်တကျ လုပ်သွားတယ်ဆိုတာ ပိုမိုပြီး ပေါ်လွင်လာပါတယ် ... ။ ဒါကို ကျနော် အကျိုးအကြောင်းနဲ့ ဆက်ရေးပြပါ့မယ် ။
KIO / KIA ဟာ အနောက်နဲ့ရော .. ၊ တရုတ်နဲ့ပါ ခွချက်တတ်တဲ့ မဟာဗျူဟာ သဘာဝ ရှိတယ်ဆိုတာ အရင်က Post တွေမှာ ကျနော် ရေးခဲ့ဖူးပါတယ် ။ ဒါကြောင့် ဒီ ၂၀၂၁ ဖြစ်စဉ်ကြီးမှာ KIA ရဲ့ အကြီးအကျယ် ပါဝင် ပတ်သတ်မှုကြီးကို အထွေအထူး ရေးပြစရာ မရှိပါဘူး ( အားလုံး သိပြီးသားမိုလို့ပါ ) ။ မိသမျှ လက်နက် ၊ မိသမျှ ခဲယမ်း KIA စက်ရုံထုတ်တွေချည်း ဖြစ်နေတာ မြင်သာပါတယ် ။
ဒါ့ကြောင့် မဟာဗျူဟာအရ ၊ နိုင်ငံရေး/စစ်ရေးအရ စစ်ကိုင်းဒေသကို မီးရှို့ခြင်းအားဖြင့် KIA အတွက် အကြီးအကျယ် အမြတ်ထွက်စေတဲ့ အချက်တွေကို အချက်ကြီး(၃)ချက်နဲ့ ကျနော်တို့ ဖော်ထုတ် ဆန်းစစ်ရအောင်ပါ .. ။
💥💥💥💥💥💥💥💥💥💥
(၁) အချက် ။ စစ်ကိုင်းကို စစ်မီးမွှေးပေးခြင်းအားဖြင့် ကချင်ဒေသသို့ ထိုးဖောက်ထားတဲ့ မြန်မာ့တပ်မတော်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ခြင်း
✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️
ဒီအချက်က KIA အတွက် အရေးကြီးပါတယ် .. ။ မြန်မာ့တပ်မတော် အင်အားကြီးလာတိုင်း သူ့ကို ထိုးစစ်ကြီးတွေ ထထ, ဆင်နွှဲတတ်တဲ့ အလေ့အထကို သူ နှစ်ပေါင်းများစွာ နာလိုခံခက် ဖြစ်နေတာ ကြာပါပြီ ။ ၂၀၁၂ ကချင်ဒေသတိုက်ပွဲများနောက်ပိုင်း သူတို့ဌာနချုပ် လိုင်ဇာပတ်လည် နယ်မြေအများအပြား စွန့်လွှတ်ရတာကိုလည်း KIA ဟာ မီးခဲ ဖင်ခု ဖြစ်နေခဲ့ပါတယ် ။ ဒါ့ကြောင့် ၂၀၂၁ အရေးအခင်းဟာ သူ့အတွက်တော့ မြန်မာ့တပ်မတော်ကို ဂလဲ့စားချေဖို့ တကယ့် ဂွင်ကောင်းပါဘဲ ။
ကချင်ဒေသကို ပြည်မကနေ အဓိကအဝင်လမ်းက ၃ လမ်းပဲ ရှိပါတယ် ။
ဒီလမ်းတွေဟာ တနည်း-မြန်မာ့တပ်မတော်က KIA ကို ထိုးစစ်ကြီးတွေ ဆင်နွှဲရာမှာ အသုံးပြုတဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းကြီးတွေလည်း ဖြစ်ပါတယ် ။
အဲဒီ လမ်းကြောင်း ၃ ကြောင်းမှာ ကြည်းလမ်း ၂ ကြောင်း ၊ ရေလမ်း ၁ ကြောင်း ပါဝင်ပါတယ် .. ။
👉🏻 ကြည်းလမ်း (၁) က မန်းလေး-ရွှေဘို-အင်းတော်- ကချင် လမ်း ဖြစ်ပြီး ကားလမ်းနဲ့ ရထားလမ်း ပါဝင်ပါတယ် ။
👉🏻 ကြည်းလမ်း(၂) က မန်းလေး- မတ္တရာ-တကောင်း-ငအိုး-ကချင် လမ်း ဖြစ်ပြီး ကားလမ်းသက်သက် ဖြစ်ပါတယ် ။ ဒီ ကြည်းလမ်းကြောင်း ၂ ခုက ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ခြမ်း ၁ ခုနဲ့ အနောက်ဖက်ခြမ်း ၁ ခု မြစ်ကို ခွလျက် ဖြစ်ပါတယ် ။
ရေလမ်းကတော့ (အားလုံးသိတဲ့အတိုင်း - ဧရာဝတီမြစ်ကြောင်းလမ်းပါ) ။
ကဲ .. ဟုတ်ပါပြီ .. ။ ဒါ့ကြောင့် KIA ဟာ ပထမဆုံး သူ့ဆီကို မြန်မာ့တပ်မတော် ချီတက်တဲ့အခါ အဓိက အသုံးပြုမဲ့ ကြည်းလမ်း ၂ လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်က မြို့တွေက နိုင်ငံရေး Activist လူငယ်တွေကို ဗမာသူပုန်အဖြစ် အပူတပြင်း မွေးထုတ်ပေးပါတော့တယ် .... ။
( ပြောရရင်တော့ အားနာပါတယ် ။ နိုင်ငံရေး activist လူငယ်တွေ ဆိုတာထက် နိုင်ငံရေးအသိ လုံးဝ မရှိတဲ့ အသိနုံနဲ့တဲ့ ဗမာလူငယ်တွေလို့ ပြောလို့ရပါတယ် ) ။
ဒါ့ကြောင့် ယနေ့ စစ်ကိုင်းသူပုန်အဖွဲ့ပေါင်းများစွာရဲ့ အဖွဲ့နာမည်တွေမှာ ဇာတ်အဖွဲ့နာမည်တွေလိုမျိုး ၊ သိုင်းကားထဲက နာမည်တွေလိုမျိုး အမည်နာမတွေက လေ့လာသူတွေကြား ဟာသသဖွယ် ဖြစ်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။
စကားဆက်ရရင် - KIA ဟာ သူတို့ရဲ့ သင်တန်းနည်းပြတွေကို စစ်ကိုင်းတိုင်း အနှံအပြား စေလွှတ်ပြီး အညာ ဗမာလူငယ်တွေကို နေရာအနှံ့မှာ ဖြစ်သလို အရေးပေါ်လူစုပြီး ရက်တိုစစ်ပညာတွေ လေ့ကျင့်ပေးပါတယ် .. ။ စစ်ကိုင်းတိုင်း အနှံ့အပြား ဆိုတာထက် ဦးစားပေးအဖြစ် မြန်မာ့တပ်မတော်ရဲ့ LOC လမ်းကြောင်းတဝိုက် မြို့တွေရဲ့ Local PDF အဖွဲ့တွေဆိုရင် ပိုမှန်ပါမယ် ။ အခြားအဖွဲ့တွေထက် အဲဒီအဖွဲ့တွေအပေါ် KIA ထောက်ပံ့မှုက ပို အလေးသာပါတယ် ။
ဗမာလူငယ်တွေကို KIA အဓိက သင်ပေးလိုက်တာက IED မိုင်း လို့ခေါ်တဲ့ လက်လုပ်မိုင်း ပြုလုပ်နည်းနဲ့ အခြေခံ လက်နက်ငယ် ပစ်ခတ်နည်းပါ .. ။
လက်လုပ်မိုင်း( Improvise mine) ပြုလုပ်နည်း သင်ပေးရတဲ့ ရည်ရွယ်ချက်က ကြည်းလမ်းကြောင်းတလျှောက် ဥဒဟိုသွားလာ ချီတက်နေမဲ့ မြန်မာ့တပ်မတော် ယာဉ်တန်းတွေကို အလွယ်ကူဆုံး ၊ အထိရောက်ဆုံး ဒုက္ခပေးမဲ့နည်း ဖြစ်ပါတယ် ။
လက်နက်ငယ်ပစ်ခတ်နည်း သင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ KIA စက်ရုံတွေကနေ ဗုံးပေါလအော ထုတ်ပေးလိုက်မဲ့ Type 82 ပုံစံ K-12 သေနတ်တွေကို စစ်ကိုင်း အနှံအပြား ပျံနှံ့သွားစေမယ် ။ ၎င်းလက်နက်တွေနဲ့ စစ်ကိုင်းလူငယ်တွေကို သူပုန်တွေ ဖြစ်စေ ၊ ( သူပုန်ထက် သေးရင်လည်း ဒေသခံဓားပြတွေ ဖြစ်စေ ) ဖြစ်သွားအောင် ဇာတ်သွင်းလိုက်တဲ့ ဗျူဟာပါဘဲ .. စစ်ပညာအရ ပျောက်ကြားစစ်ကို လေ့ကျင့်ပေးတာ ဖြစ်ပြီး ကျနော်တို့ စစ်သားအခေါ် ဗန်းစကားနဲ့ ပြောရရင် သွေးသန်းကိုက် ဗျူဟာပါဘဲ .. ယားကျိ ယားကျိနဲ့ အငြိမ်နေလို့ မရအောင် လုပ်ထားတဲ့ ဗျူဟာပါဘဲ .. ။
လက်နက်ငယ်တွေဆိုတာ လူထုကြား ပျံနှံ့ပြီးသွားရင် အလွန် လိုက်သိမ်းရ ခက်ခဲတယ် ဆိုတာ KIA လို ဂျိုးကျတဲ့ အဖွဲ့မျိုးက ကောင်းကောင်း သဘောပေါက်ပါတယ် ။ ဒီနည်းနဲ့ မြန်မာ့တပ်မတော်ကို စစ်ကိုင်းမှာ သူပုန်နှိမ်နင်းရင်း အလုပ်များစေပြီး သူ့ဆီ လှည့်မလာအောင် အလုပ်ပေးထားတဲ့ သဘောပါဘဲ ။
ဒီလို စစ်ကိုင်းဒေသကို Buffer Zone အဖြစ် ပြောင်းလဲချင်တဲ့ အယူအဆဟာ UWSA ဝ တပ်ဖွဲ့ဆီက ကူးယူထားတဲ့ အယူအဆလို့လည်း ခန့်မှန်းလို့ ရပါတယ် .. ။ UWSA ဟာ သူ့ရဲ့ ဝ ဒေသနဲ့ အစိုးရဒေသ(တပ်) ကြားမှာ ကြားခံ SSPP/SSA ဒေသကို အင်အားကောင်းအောင် အကြီးအကျယ် အင်အားဖြည့်တင်းပေတဲ့ ပုံစံမျိုးပါ .. ။ သဘောက - မြန်မာ့တပ်မတော်ဟာ UWSA ဝ နဲ့ မတိုက်သေးခင် SSA ဒေသကို အရင်ထိန်းချုပ်ရမှာနဲ့ တင် အချိန်အတော်ယူရမှာပါ .. ။ Buffer Zone အယူအဆဟာ မြန်မာ့တပ်မတော်ရဲ့ စင်ပြိုင်လက်နက်ကိုင်အဖွဲ့တွေကြား အိမ်မက် မက်နေတာ ကြာပါပြီ .... ။
ဒါမျိုး Buffer Zone အယူအဆကို ရခိုင်လက်နက်ကိုင် AA ကလည်း အတုခိုး လုပ်ဆောင်လာတာကို တွေ့ရပါတယ် ။ ရခိုင်ကို ချီတက်လာမဲ့ မြန်မာ့တပ်မတော်ရဲ့ Main LOC မကွေး-အမ်း တောင်ကြားလမ်းကို ဖြတ်တောက်နိုင်ဖို့ အဲဒီလမ်းတဝိုက်က Local PDFs အဖွဲ့တွေကို ULA/ AA ကပါ ထောက်ပံ့ လေ့ကျင့်ပေးလာတာကို ကြားရပါတယ် .. ။ ရခိုင်ကို ပြည်မနဲ့ ဖြတ်တောက်ဖို့ ကြားခံ Buffer ထားတဲ့ သဘောပါဘဲ ။
ဒါ့ကြောင့် Buffer Zone အယူအဆအရ KIA ဟာ သူ့ဆီကို လာနိုင်တဲ့ လမ်းကြောင်း ၃ ကြောင်း ဖြတ်တောက်နိုင်ဖို့ အဲဒီ ပတ်လည်က Local PDFs တွေကို အကြီးအကျယ် ထောက်ပံ့ခဲ့တာပါ ... ။
မန္တလေး-ရွှေဘို-အင်းတော်လမ်း(ဧရာဝတီမြစ် အနောက်ဖက်ကမ်း လမ်း) မှာ ဆိုရင် လမ်းတလျှောက်လုံးက ရွှေဘို၊ ဝက်လက် ၊ ရေဦး ၊ ကောလင်း ၊ ဝန်းသို ၊ ကသာ ၊ အင်းတော် PDFs တွေဟာ KIA ဆီက သင်တန်းပို့ချမှု ၊ ထောက်ပံ့မှု ရပါတယ် .. ။ လမ်းမပေါ် မကျပေမဲ့လည်း စစ်ကိုင်းအတွင်းကျတဲ့ ဆားလင်းကြီးလို ၊ ပင်လည်ဗူးလို့ နေရာတွေက PDFs တွေကိုလည်း KIA က ထောက်ပံ့ပါတယ် ။
အဲဒီလို ထောက်ပံ့တဲ့ အကြောင်းအရာက အချို့နေရာတွေက KIA အတွက် သယံဇာတ အကျိုးအမြတ်တွေ ရှိလာနိုင်တဲ့ ဒေသတွေ ဖြစ်လို့ပါဘဲ (ဒါကို အချက်တစ်ချက် အနေနဲ့ သီးခြားရေးပါမယ် ) ။
နောက် မန္တလေး-မတ္တရာ- စဉ်ကူး-တကောင်း-ထီးချိုင့်-ရွှေကူ လမ်း ( ဧရာဝတီမြစ် အရှေ့ဖက်ကမ်း လမ်း ) မှာ ဆိုရင်လည်း .. မတ္တရာ PDF ၊ စဉ့်ကူး PDF ၊ ထီးချိုင့် PDF ၊ ရွှေကူ PDF တွေဟာ KIA ရဲ့ ထောက်ပံ့မှု ပိုရပါတယ် .. ။ ဒီလမ်းတွေကပဲ ဖြစ်စဉ် အစပိုင်းတွေမှာ KIA သေနတ်တွေ ဥဒဟို စီးဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ် .. ။
နောက် .. ရေလမ်းခရီးမှာ ဆိုရင်လည်း မြန်မာ့တပ်မတော်ဟာ ရေလမ်းကိုလည်း LOC အဖြစ် အသုံးပြုတတ်ကြောင်း KIA က သဘောပေါက်ပါတယ် .... ။
ဒါ့ကြောင့် ဧရာဝတီနဲ့ ချစ်တွင်းမြစ် ဆုံရာ မြစ်ဆုံဒေသ ( မြစ်ခြေ ၊ ပခုက္ကူ ၊ ရေစကြို ၊ မြောင် ) ဂွဆုံက ဗမာလူငယ်တွေကို Local PDF တွေအဖြစ် KIA က လာရောက် လေ့ကျင့်ပေးခဲ့ပါတယ် .. ။
မြန်မာ့တပ်မတော်(ရေ) Navy Ships တွေကို မြင်းခြံ အနောက်ကမ်း ဆီမီးခုံဆိပ်ကမ်းကနေ စ လို့ ... ဟိုး KIA ရှိရာ ဗန်းဗော်အထိ ရေလမ်းတလျှောက်လုံး ပစ်ခတ်နှောင့်ယှက်နိုင်အောင် လုပ်တဲ့ KIA ဗျူဟာပါဘဲ ... ။ သူတို့နဲ့ မတိုက်ရသေးခင် .. ဗမာသူပုန်ကို ကြားခံပေးလိုက်တဲ့ သဘောပါဘဲ .. ။
ကဲ .. ကောင်းပါပြီ .. ။ မြန်မာ့တပ်မတော်ရဲ့ LOC လမ်းကြောင်း ၃ ခုကို ဖြတ်တောက်ဖို့ စစ်ကိုင်းဒေသကို ဓားစာခံ အသုံးချခဲ့တယ်ဆိုတဲ့ အကြောင်းကို ကျနော် အကျယ်တဝင့် ရေးပြီးပါပြီ ... ။ KIA အတွက် အမြတ်ထွက်တဲ့ နောက်တစ်ချက်ကို ဆက်ရေးပါမယ် ။
(၂) အချက် ။ ဗမာလူမျိုးစစ်စစ်တို့ရဲ့ ဘူမိနက်သန် စစ်ကိုင်းဒေသ ဗမာလူထုနဲ့ မြန်မာ့တပ်မတော်ကို အကြီးအကျယ် သွေးကွဲစေသည့် ဗျူဟာ သုံးခဲ့ခြင်း
✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️
ဒီအချက်က ရေးရတာ နည်းနည်းတော့ တာဝန်ကြီးပါတယ် ။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်စေလိုတဲ့ သဘောနဲ့ ရေးတာ (လုံးဝ) မဟုတ်ဘဲ Logic ရှုဒေါင့်က သုံးသပ်ပြီး ရေးတာသာ ဖြစ်ပါတယ် ။
မြန်မာ့တပ်မတော်ဟာ ပြည်ထောင်စုတပ်မတော် အဖြစ် ရပ်တည်ပြီး အခြား တိုင်းရင်းသား လူမျိုးတွေပါ တာဝန်ထမ်းဆောင်နေသည် ဆိုသော်ငြား အများစုကတော့ ဗမာလူမျိုးတို့ကသာ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတာ များပါတယ် ။ အခြားတိုင်းရင်းသား လူမျိုးတွေလည်း တာဝန်ထမ်းဆောင်ကြပေမဲ့ % အားဖြင့် နည်းပါတယ် ။ ဒါ့ကြောင့် EAOs အဖွဲ့အတော်များများက မြန်မာ့တပ်မတော်ကို " ဗမာစစ်တပ် " လို့သာ ရှုမြင်ကြပါတယ် ... ။ သူတို့ interview တွေကို လေ့လာရင်လည်း သိသာမြင်သာပါတယ် ။
ဒါ့ကြောင့် ဗမာအများစု တာဝန်ထမ်းဆောင်တဲ့ မြန်မာ့တပ်မတော်နဲ့ ဗမာလူမျိုးစစ်စစ်တွေကြား သွေးကွဲစေပြီး ဗမာဒေသတွေမှာပဲ အချင်းချင်း ပြန်တိုက်ခိုင်းလို့ရတဲ့ အခွင့်အရေးဟာ KIA အတွက်တော့ သမိုင်းမှာ တစ်ခါမှ မရခဲ့ဖူးတဲ့ တကယ့် မဟာအခွင့်အရေးကြီးပါဘဲ .. ။
ဒီအတွက် ၂၀၂၁ ဖြစ်စဉ်ကြီးကို KIA က ဗမာလူထုနဲ့ ဗမာလူများစု တပ်မတော် သွေးကွဲရေးကို ကောင်းကောင်း အသုံးချခဲ့တာပါ ။
KIA အတွက် အခြေအနေဖန်တီးနိုင်ခွင့်က ၁၉၈၈ နဲ့ ၂၀၂၁ အခြေအနေတောင် မတူတော့ပါဘူး ။ ၁၉၈၈ မှာလည်း ပါဂျောင်ကို ဗမာလူငယ် အများအပြား ပြေးကြပြီး သူပုန်လုပ်ကြတယ်ဆိုပေမဲ့ ABSDF ဟာ မြန်မာ့တပ်မတော်ကို အံတုဖက်ပြိုင်နိုင်တဲ့ လောက်လောက်လားလား သူပုန်အထိ ဖြစ်မလာခဲ့ပါဘူး .. ။ ဒါ့အပြင် ၁၉၈၈ KIA ဟာ မောင်းပြန်ရိုင်ဖယ်ကိုတောင် သူတို့အတွက် လောက်ငှရုံသာ ကိုင်နိုင်တဲ့ အခြေအနေပါ ။ ကိုယ်ပိုင် မထုတ်လုပ်နိုင်သေးပါဘူး ။
ခု ၂၀၂၁ ကျတော့ မတူတော့ပါဘူး .. ။ KIA ဟာ ဗမာလူငယ် တအုပ်တမကြီးကို လိုင်ဇာအထိ တကူးတက သင်တန်းခေါ်ပေး ၊ သူပုန်လုပ်ခိုင်းတာမျိုး မလုပ်တော့ဘဲ .. သူဒေသမှာပဲ သူနေပြီး Type 81 မောင်းပြန်ရိုင်ဖယ် အလက် ရာနဲ့ချီ ပို့ပေးလိုက်တာက သူ့အတွက် ပို အလုပ်ဖြစ်ပါတယ် ။ ၂၀၂၁ မှာကျတော့ KIA ဟာ မောင်းပြန်သေနတ်ကိုလည်း ဗုံးပေါလအော ထုတ်နိုင်တဲ့ အခြေအနေ ရှိနေပြီလေ .... ။
အဲဒီတော့ စစ်ကိုင်း ဗမာလူငယ်ထုဟာ သူပုန်အသစ်ကျပ်ချွတ်ကလေးတွေ အဖြစ် ပြောင်းလဲသွားပြီး စစ်ကိုင်းဒေသဟာ ယမ်းခိုး အကြီးအကျယ် ဝေ ပါတော့တယ် ... ။ သူ လေ့ကျင့်ပေးလိုက်တဲ့ ဗမာလူငယ်ထုကပဲ ဗမာလူများစုပါဝင်တဲ့ အစိုးရတပ်မတော်ကို အကြီးအကျယ် ပြန်ချနေကြတာဟာ လူမျိုးစွဲအတွေးကြီးတဲ့ KIA အတွက်တော့ တကယ့်ကို မဟာအောင်ပွဲပါဘဲ ... ။
စစ်ကိုင်းဒေသ တစ်ခုလုံးအတွက်တော့ နစ်နာဆုံးရှုံးမှုက အရမ်းကြီးမားပါတယ် ။ စစ်ကိုင်းဟာ အသက်ပေါင်းများစွာ ၊ အိုးအိမ်ပေါင်းများစွာ ၊ ဘဝပေါင်းများစွာ စုတ်ပြတ်သွားခဲ့ပြီး .. ဒါကို ပြည်တွင်း/ပြည်ပ ဘေးတီးသူအချို့က Democracy အရေး လက်နက်ကိုင် တိုက်ပွဲဝင်သူ စစ်ကိုင်း သူရဲကောင်းတွေအဖြစ် မြှောက်ပေးကြပါတယ် .. ။
ရိုးသားသူ စစ်ကိုင်းသား ဗမာစစ်စစ် လူငယ်ထုကလည်း ဒါကို ကျေနပ်သာယာကြပါတယ် ။ သူတို့ မသိလိုက်တာတွေက အများကြီးရယ်ပါ ။ KIA ကတော့ နောက်ကွယ်ကနေ ပြုံးပြုံးကြီး ကြည့်နေပါတယ် ။
ဒီအချက်ကို မြန်မာ့တပ်မတော်ဟာလည်း အတော်လေးကို အချိန်ယူ ကုစားရမယ် ထင်ပါတယ် ... ။ တကယ့် Master Strategy ချမှတ်ပြီး တပ်နဲ့ပြည်သူကြား ရင်ကြားစေ့အမြင် ပြန်လည်ကုစားရေးစီမံချက်ကို နည်းလမ်းပေါင်းစုံ ချမှတ်လုပ်ဆောင်မှ ရမယ် ထင်ပါတယ် ။ အချိန်လည်း ကြာနိုင်ပါတယ် ။
နောက်ထပ် KIA အမြတ်ထွက်တဲ့ တတိယအချက်ကို ကျနော် ဆက်ရေးပါမယ် ။
(၃) အချက် ။ KIA အတွက် လှုပ်ရှားနယ်မြေ(ဝါ) ထိန်းချုပ်နယ်မြေများ ပိုမိုလာနိုင်ခြင်း ၊ (ဒီထက်မက ထပ်တိုး သုံးသပ်ရလျှင်) စီးပွားရေးအရ ဗျူဟာမြောက် ထိန်းချုပ်နယ်မြေများ တိုးလာနိုင်ခြင်း
✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️✍🏻️
ဒီအချက်ကလည်း အရေးကြီးပါတယ် .. ။ ဘယ် လက်နက်ကိုင်အဖွဲ့အစည်း မဆို ငွေကြေးနဲ့ရပ်တည်ရတာ ဖြစ်ပါတယ် .. ။ မြန်မာပြည်ရဲ့ အမျိုးမျိုးသော လက်နက်ကိုင်တွေထဲကမှ KIA ဟာ စီးပွားရေးအရ တောင့်တင်းတဲ့ အဖွဲ့မျိုးထဲမှာ ပါဝင်ပါတယ် .. ။
ဘာလို့လဲဆိုတော့ KIA လှုပ်ရှားဒေသတွေထဲမှာ သယံဇာတထွက်တဲ့ ဒေသအများအပြား ပါဝင်နေပါတယ် ။ ကျောက်စိမ်း ၊ ရွှေ ၊ ပယင်း ၊ သတ္တု ၊ သစ် တရားမဝင်လမ်းကြောင်း တွေနဲ့ KIA ဟာ ကြီးပွားချမ်းသာပါတယ် .. ။ ဒါအပြင် ကချင်ပြည်နယ်တွင်း ကချင်၊ ရှမ်းနီ ဒေသခံလူထုဆီက ရတဲ့ ဆက်ကြေးကလည်း တစ်နှစ်တစ်နှစ် တနင့်တပိုး ရပါတယ် ။
ဒါ့ကြောင့် .. ဒီ ၂၀၂၁ အရေးအခင်းကြီး နောက်ပိုင်းမှာ KIA တပ်ဖွဲ့အချို့ဟာ စစ်ကိုင်းတိုင်း ဒေသတွေထဲ အထိ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လှုပ်ရှားလာတာ ရှိပါတယ် .. ။ KIA ဟာ သူ့အတွက် မကျန်ရင် ယင်တောင် မရိုက်ဘူး ဆိုသလိုပဲ KIA မှာ အကြောင်းရှိတယ်လို့ ယုံကြည်ရပါတယ် .. ။ သူ ဝင်ရောက် လှုပ်ရှားတဲ့ စစ်ကိုင်းဒေသ တွေဟာ သယံဇာတ ထွက်ရှိတဲ့ နေရာတွေ ဖြစ်ပါတယ် ။ ပင်လည်ဗူးဒေသ ၊ ကောလင်းဒေသ ၊ ချင်းတွင်း အထက်ပိုင်း ၊ မူးမြစ် အထက်ပိုင်းဒေသတွေမှာ KIA တပ်တွေ ဝင်ရောက်လာလို့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ် ။
စစ်ကိုင်းတိုင်း မြောက်ပိုင်း ၊ ချင်းတွင်းမြစ် အထက်ပိုင်းက အချို့ ခိုးတူး ရွှေမှော်တွေ ၊ တပိုင်တနိုင်ရေနံတွင်းတွေ ၊ သစ် ခိုးထုတ်ရာ နေရာတွေ ဒါတွေဟာ အမျိုးမျိုးသော ဝင်ငွေလမ်းကြောင်းတွေနဲ့ စီးဆင်းနေပြီး (အကယ်ရွေ့သာ) KIA ဟာ ထိန်းချုပ်နယ်မြေ တိုးလာခဲ့ရင် Local PDF အကူအညီနဲ့ သူရဲ့ ဝင်ငွေလည်း တိုးပွားလာစရာလည်း ရှိပါတယ် ။ Local PDF ဆိုတာလည်း သူဩဇာခံမို့ စစ်ကိုင်းဒေသမှာ စီးပွားရေးအရ ဗျူဟာမြောက်အကျိုးအမြတ်တွေ KIA အတွက် မက်လောက်စရာ ရှိနေပါတယ် ။
နောက်တစ်ချက်ကတော့ များများစားစား ကြိုမခန့်မှန်းချင်လို့ အချက်(၁)ချက် အနေနဲ့ ခေါင်းစဉ်ဖော် မရေးတော့ဘဲ .. သာမန် ခန့်မှန်းချက်အနေနဲ့သာ ရေးပါမယ် ။ KIA ဟာ တရုတ်နဲ့ US ကြားမှာ ဗျူဟာ ခွချက်တတ်ကြောင်း ကျနော် Post တွေ ရေးခဲ့ဖူးပါတယ် ။ ဒါ့အပြင် KIA ဌာနချုပ် လိုင်ဇာဟာ မြန်မာ့တပ်မတော် သိမ်းပိုက်ထားတဲ့ တောင်ကုန်းတွေ ပတ်လည်ရဲ့ အောက်က ဒယ်အိုးချိုင့်လေးမို့ လိုင်ဇာဟာ အချိန်မရွေး အန္တရာယ်ရှိကြောင်း KIA လည်း ကောင်းကောင်း သဘောပေါက်ပါတယ် ။
ဒါ့ကြောင့် တနေ့ တရုတ်နဲ့ သူတို့ အဆင်မပြေခဲ့ရင် ၊ မြန်မာ့တပ်မတော်က လည်း သူတို့ ဌာနချုပ် လိုင်ဇာကို ခြိမ်းခြောက်လာခဲ့ရင် ဌာနချုပ်သစ် တစ်ခုကို ပြောင်းကို ပြောင်းရမယ်လို့ တွေးဆချက်ရှိပုံရပါတယ် ။ သူတို့ စဉ်းစားတဲ့ ၄င်း ဌာနချုပ်သစ်ဟာ ကချင်ပြည်နယ်ရဲ့ အခြားနေရာသစ် တစ်ခုလည်း ဖြစ်ချင်ဖြစိမယ် ၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း နေရာတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ် ( တစ်ခုခုတော့ ဖြစ်နိုင်ပါတယ် ) ။ အဲဒီတစ်ခါ ထို ဌာနချုပ်သစ်ကို ရံဖို့ Buffer Areas အဖြစ် စစ်ကိုင်းကို ရွေးချယ်ပြီး စစ်ကိုင်းဒေသကို စနစ်တကျ စစ်မီးတောက်စေခဲ့သလားလို့ တွေးစရာပါဘဲ (ဒါကတော့ ခန့်မှန်းချက်သက်သက်ပါ၊ မှားကောင်းလည်း မှားနိုင်ပါတယ်) ။
မည်သို့ပင်ဆိုစေ .. ၂၀၂၁ အရေးအခင်းဟာ KIA အတွက် အကျိုးအမြတ်ထွက်တဲ့ Master Profit ပွဲကြီးပါဘဲ ... ။ သေချာတာတော့ ဒီပွဲမှာ KIA ဝင်ပါခဲ့တာ NUG / PDF အတွက်လည်း မဟုတ်ဘူး ၊ ဒီမိုကရေစီရေးအတွက်လည်း မဟုတ်ဘူး ၊ သူ့အတွက်သူ ဆိုတာတော့ လေ့လာသူတွေသာ သိနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ် .. ။
KIA အကျိုးအမြတ်ထုတ်သမျှ နင့်နေအောင် ခံစားရတဲ့ ၅.၃ သန်းသော စစ်ကိုင်းတိုင်းသူ ၊ တိုင်းသားများ အမြန်ဆုံး ငြိမ်းအေးချမ်းသာပြီး ဘေးဘယာ ဝေးကွာ ကြပါစေ .. ။
(မှတ်ချက် ။ ဒီ post ဟာ စစ်ကိုင်းတိုင်းရဲ့ ပထဝီတည်နေရာတွေကို အကြမ်းဖျင်း နားလည်မှ ဖတ်ရတာ အဆင်ပြေပါမယ် ၊ စစ်ကိုင်းတိုင်း မြေပုံနဲ့ တွဲကြည့်ပါ )
Credit.... လင်းထင်မောင်မောင်
Post a Comment