ကသာမြို့နယ်၌ ထိတွေ့တိုက်ပွဲအတွင်း ABSDF တံဆိပ်ပါယူနီဖောင်းဝတ်ထားသော အလောင်းအချို့နှင့်ခဲယမ်းများ သိမ်းဆည်းရမိဟု နစကဆို

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၌ ဖြစ်ပွားသော ထိတွေ့တိုက်ပွဲအတွင်း ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသော အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ လ ၆ ရက်၊ နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃ဝဝ ခန့်အကွာသို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF များက လက်နက်ငယ်များဖြင့် စတင် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ၎င်းလက် နက်ကိုင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးထွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်အလုံးပေါင်း ၁၆ဝ ရှိသည့်အနက် နေအိမ်(၂ဝ)ခန့်မှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖြစ်ပွားခဲ့သောနေရာတစ်ဝိုက်အား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာတွင် ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ ၎င်းဖြစ်စဉ်အတွင်း အမ် ၂၂ သေနတ် တစ်လက်၊ ကျည်တောင့် ၄ဝ၊ ကျည်အိမ်နှစ်ခုနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)သည် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ နစကအကြီး အကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သေးကြောင်း ငြင်းပယ်ထားသည့်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

#NPnews

Post a Comment

Previous Post Next Post