မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့မှစတင်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

#မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်နိုင်ရန် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်များထံမှ ဩဝါဒခံယူပြီးဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံး ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ စနစ်တကျ ညအိပ်တည်းခို နားနေခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ဘုရားဖူးလာရောက်ကြသူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် လုံခြုံရေးအစီအမံများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

#ဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်မည့်နေရာများ၊ တည်ခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရေး မြေနေရာသတ်မှတ်ခြင်း၊ မန်းချောင်းရေလမ်းကြောင်းလွှဲခြင်းနှင့် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး မန်းရွှေစက်တော် အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ ရာသီမရွေး လွယ်လင့်တကူ အဆင်မြေချောမွေ့စွာ သွားရောက်ဖူးမြော် နိုင်စေရန်အတွက် မန်းချောင်းတံတား(အထူးတံတား)ကို  ယခင် ဘေလီသစ်သားတံတားအစား ယခုအခါ ဘေလီသံပေါင်တံတားအဖြစ် အမှတ်(၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်မှ ဘုရားပွဲတော်ဖွင့်ပွဲမတိုင်မီ အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးဝင်းဌေးက ရှင်းပြသည်။

#မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)စားရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ မြန်မာနိုင်ငံ အတွင်း မြတ်စွာဘုရားရှင် ကြွရောက်တော်မူပြီး ထူးကဲလှသော သမိုင်းဝင် ဘုရားပွဲတော်ကြီးဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများက နှစ်စဉ် စည်ကားများပြားစွာ လာရောက်ဖူးမြော်လေ့ရှိကြောင်း သိရသည်။

Post a Comment

Previous Post Next Post