ကျောက်တော်တွင် လယ်ခွန်၊ မြေခွန်ဟုခေါင်းစဉ်တပ်ကာ ဆက်ကြေးတိုးကောက်ရန် AA စစ်ဒေသမှူး ပြောကြားမှုကြောင့် ဒေသခံများအခက်တွေ့

ကျောက်တော်မြို့နယ်အတွင်းက လယ်သမားများ၊ ဒေသခံပြည်သူများကို AA က လယ်ခွန်၊ မြေခွန်ဆိုပြီး ခေါင်းစဉ်တပ်ကာ ဆက်ကြေးတိုးကောက်ဖို့ AA စစ်ဒေသမှူး ဇော်အေးထွန်းရဲ့ ပြောကြားမှုကို နယ်မြေမှူးတွေက တစ်ဆင့်ပြန်ပြောလာတဲ့အတွက်   ဒေသခံများက အခက်တွေ့ကာ အပြစ်တင်ဝေဖန်လျက်ရှိပါတယ်။

“ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ကြာညိုအင်းရွာကို ULA/AA နယ်မြေမှူးတွေ အစည်းအဝေးသွားကြတယ်၊ အဲဒီမှာ ဘာပြောလဲဆိုတော့ ဒီနှစ်မိုးမကျခင် လယ်စိုက်မယ့်သူတွေ သူတို့(AA)ကို အခွန်(ဆက်ကြေး)ပေး လက်မှတ်ထုတ်ပေးမယ်၊ လက်မှတ်မရှိရင် လယ်လုပ်ခွင့်မပေးဘူး၊ ရွာတွေမှာရှိတဲ့ လူနေအိမ်တွေကိုလည်း နေထိုင်ခွင့်နဲ့ ဆောက်လုပ်ခွင့် အခွန်(ဆက်ကြေး)ကောက်ဖို့ ULA/AA ဗဟိုရုံးချုပ်ကနေ သတ်မှတ်လိုက်တာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထား စကောက်ရမယ့်နေ့ ပြန်ပြောမယ်၊ မပေးရင် နေထိုင်ခွင့်မရဘူး” ဆိုပြီး အမည်မဖော်လိုသူ ရွာသားတစ်ဦးက ULA/AA နယ်မြေမှူးရဲ့ ပြောကြားချက်ကို ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီသတင်းကို အတည်ပြုချက်ရဖို့ ကြာညိုအင်းရွာသားတစ်ဦးကို ဆက်သွယ်မေးမြန်းရာ လယ်ခွန်၊ မြေခွန်ဆိုပြီး ဆက်ကြေးတိုးကောက်ဖို့ ၎င်းတို့ရွာမှာ AA စစ်ဒေသမှူး ဇော်အေးထွန်း၊ နိုင်ငံရေးမှူး ကျော်ဇောဝေ၊ ဒုနိုင်ငံရေးမှူး ကောင်းမြတ်နဲ့ ကျော်အေးတို့က ULA/AA နယ်မြေမှူးနဲ့ ရွာတာဝန်ခံတွေကို အစည်းအဝေးခေါ်ယူ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“လယ်သမားတွေအတွက် အစိုးရက စိုက်ပျိုးရေးချေးငွေပေးတဲ့ အချိန်မှာ ULA/AA က လယ်သမားတွေဆီက ကိုယ်ကျိုးစီးပွားရှာနေတာ မဖြစ်သင့်ဘူးလေ၊ သူတို့ ULA/AA က တောင်းတာမရရင် သေနတ်နဲ့ ခြိမ်းခြောက်နေတာဖြစ်လို့ ကျနော်တို့ ဒေသခံပြည်သူတွေ လယ်သမားတွေ အခက်အခဲဒုက္ခနဲ့ တွေ့နေပြီ”လို့ အဆိုပါရွာသားက ပြောဆိုခဲ့ပါတယ်။

ထို့အပြင် ကျောက်တော်မြို့က ရှောက်ချောင်းရွာသားတွေ ပိုင်ဆိုင်တဲ့ လယ်ဧက ၁၀၀ ခန့်ကို ULA/AA က (၂)နှစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခုနှစ်မှာ ၎င်းတို့အပိုင် သိမ်းယူမယ်လို့ ခြိမ်းခြောက်ပြောဆိုလာတဲ့အတွက် ရွာသားတွေက ထွန်းမြတ်နိုင်ထံ စာပို့တိုင်ကြားထားပေမယ့်လည်း အခုချိန်ထိ အကြောင်းပြန်မှုမရှိသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ- #ပြည်သူပိုင်လယ်မှာစပါးခိုးရိတ်နေတဲ့_အေအေ
#ULA/AA ဆက်ကြေးရဖို့
#ခေါင်းစဉ်အမျိုးတပ်_ပြည်သူတွေကိုနှိပ်စက်

Post a Comment

Previous Post Next Post