ပုသိမ်-မုံရွာလမ်းနှင့်အတူ ဖွံ့ဖြိုးလာသော တိုင်းဧရာ လူမှုစီးပွားရေး


ရွာစဉ်ရွာဆက် ချိတ်ဆက်ကာ မြို့ကြီးမြို့ငယ်အသွယ်သွယ်ဖြတ်သန်းပြီး တိုင်းဒေသကြီးလေးခုကို သွယ်ဆက်၍ အချိန်တို၊ ခရီးတိုဖြင့် လမ်းပန်းသာအောင် ထမ်းဆောင်နေသည်မှာ ပုသိမ်-မုံရွာလမ်းမကြီးပင်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်(ကံကလေး)မှအစပြု၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အထိ ဆက်သွယ်ပေးထားသော ပုသိမ်-မုံရွာလမ်းမကြီးသည် ၄၁၆ မိုင် ၆ ဖာလုံ ရှည်လျားပြီး ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီးလေးခုကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးတစ်ခုဖြစ်သည်။

ရခိုင်ရိုးမအရှေ့ခြမ်း တောင်စွယ်တောင်တန်းများနှင့်အပြိုင်

ပုသိမ်-မုံရွာလမ်းမကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ၁၀၂ မိုင် ၃ ဖာလုံရှိသည်။ ပထဝီမြေအနေအထားအရ ဧရာဝတီမြစ်အနောက် ဘက်ခြမ်းတွင်တည်ရှိပြီး ရခိုင်ရိုးမအရှေ့ခြမ်း တောင်စွယ်တောင်တန်းများနှင့်အပြိုင် တောင်နှင့်မြောက်ဖောက်လုပ်ထားသဖြင့် မြေပြန့်ပိုင်းအနေ အထားရှိသည်။ ပုသိမ်-မုံရွာလမ်းမကြီးသည် ပြည်ထောင်စုလမ်းမကြီး (National Highway NH-10) ဖြစ်ပြီး ယင်းလမ်းမကြီးမှတစ်ဆင့် ရန်ကုန်- ပုသိမ်လမ်း၊ ကျုံပျော်-အင်းမ-သုံးခွလမ်း၊ ဟင်္သာတ-နိဗ္ဗာန်-သောင်ကြီး-ကျုံပျော်-ရေကြည်လမ်း၊ လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်း၊ ငါးသိုင်းချောင်း (ရေနံ့သာ)-ဂွလမ်း၊ လေးမျက်နှာ-ပန်းတောကြီးလမ်း၊ ထန်းပင်ကန်-ကွင်းကောက်လမ်း၊ မဲဇလီကုန်း-ကျွဲဇင်းလမ်း၊ အင်ပင်- လက်ပံကွင်း-ညောင်ခြေထောက်လမ်း၊ ကြံခင်း-ဘက်ရဲလမ်းများနှင့် ချိတ်ဆက်ပေးထားသည့်အတွက်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်စေသည့် အဓိကလမ်းမကြီးဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းကုန်းမြို့နယ် အသုတ်မြို့၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့နယ်တို့ကို ချိတ်ဆက်ပေးထားသည့်လမ်းဖြစ်သောကြောင့် မြို့တစ်မြို့မှတစ်မြို့သို့ လွယ်ကူလျင်မြန်စွာ သွားရောက်နိုင်မည်ဖြစ်သည်။

ပုသိမ်(ကံကလေး)-မုံရွာလမ်းကို ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပုသိမ် (ကံကလေး)- မုံရွာလမ်း (တောင်ပိုင်း) စီမံကိန်းအမည်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် မြေသားလမ်းအဆင့် ဆောင်ရွက်ပြီးစီးခဲ့ကာ ရာသီမရွေးသွားလာနိုင်ရန် ချောင်းကျောက်အမာခံလမ်းအဆင့်ထိဆောင်ရွက်ခဲ့သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ကွန်ရက်လမ်းမကြီးဖြစ်

“တိုင်းဒေသကြီးတွေကို ချိတ်ဆက်ပေးထားတဲ့ ကွန်ရက်လမ်းမကြီးဖြစ်တဲ့အတွက် ဒီလမ်းကိုအသုံးပြုတဲ့ ပြည်သူတွေ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေဖို့အတွက် လမ်းအဆင့်မြှင့်တင်တာကို လမ်းဦးစီးဌာနအနေနဲ့ ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ရတဲ့ တိုင်းဒေသကြီးအတွင်းရှိ လမ်းအပိုင်းကို နှစ်အလိုက်ရရှိတဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ အဆင့်မြှင့်တင်တာတွေကို ခရိုင်နှင့် လမ်းဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့တွေနဲ့ အပိုင်းလိုက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍

ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ဒေသတွင်းလမ်းများကောင်းမွန်စေရေးဆောင်ရွက်ရာတွင် ကတ္တရာကွန်ကရစ် (AC)လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်း၊ မြေလမ်းစသည့် လမ်းအမျိုးအစားများကို ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်းပါဝင်သည့် ပုသိမ်-မုံရွာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ ကျုံပျော်ခရိုင်နှင့် လမ်းဆောက် လုပ်ရေးစီမံကိန်း အထူးအဖွဲ့ (၂၀) က အပိုင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပုသိမ်-မုံရွာလမ်းက ကျွန်တော်တို့ဒေသဖွံ့ဖြိုးဖို့ အများကြီးအထောက်အကူပြုတဲ့ လမ်းလို့ပြောလို့ရပါတယ်။ ကိုယ့်တိုင်းဒေသကြီးက ထွက်တဲ့ထွက်ကုန်ကို ဒီလမ်းကနေတစ်ဆင့် မြန်မာပြည်အထက်ပိုင်းကို လွယ်လွယ်ကူကူ ပို့ဆောင်လို့ရတယ်။ လမ်းဆိုတာဖွံ့ဖြိုးမှုပြယုဂ်ပါ။ လမ်းကောင်းတော့ ပြည်သူစိတ်ချမ်းသာတာပေါ့” ဟု ပုသိမ်မြို့မှ ဒေသခံဦးဌေးနိုင်က ပြောသည်။

လမ်းဦးစီးဌာနသည် လမ်းများ တိုးတက်ကောင်းမွန်ရေးဆောင်ရွက်ရာတွင် နှစ်ရှည်စီမံကိန်းတွင် ပါဝင်သော နိုင်ငံတကာနှင့်ဆက်သွယ်သည့်လမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းများကို မြေလမ်း/အမာခံလမ်း/ကျောက်လမ်းနှင့် ၃ ဒသမ ၆၆ မီတာ (သို့) ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းများအဆင့်မှ ၇ မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် ရရှိရန်ပုံငွေပေါ် မူတည်၍ အဆင့်ဆင့်တိုးမြှင့် ဖောက်လုပ်ရန်ဟူသည့် လုပ်ငန်းစဉ်များကို ချမှတ်ထားသည်။

“ပုသိမ်-မုံရွာလမ်းအခြေအနေကတော့ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းအဖြစ် ရာသီမရွေးသွားလာနိုင်တဲ့ လမ်းဖြစ်ပြီးသားဖြစ်ပါတယ်။ အခုကတော့ လမ်းအကျယ်ချဲ့တဲ့ လုပ်ငန်းတွေနဲ့ကတ္တရာ၊ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တဲ့လုပ်ငန်းတွေကို ဘဏ္ဍာနှစ်အလိုက် ရရှိဘဏ္ဍာငွေနဲ့ အကောင် အထည်ဖော်နေပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ၁ မိုင် ၂ ဖာလုံ ၂၂၀ ပေကို ၁၈ ပေအကျယ်ကနေ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့တာနဲ့ ၁ မိုင် ၄ ဖာလုံ ၅၀၀ ပေကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းခင်းတာ ဆောင်ရွက်ခဲ့ပါတယ်”ဟု လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၂၀)လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကျော်အောင်က ပြောသည်။

ပုသိမ်-မုံရွာ လမ်းအဆင့်မြှင့်တင်ပေးခြင်းအားဖြင့် လမ်းအသုံးပြုသူ ပြည်သူများပိုမိုအဆင်ပြေစွာ အသုံးပြုလာနိုင်သည်နှင့်အမျှ ကုန်စည်စီးဆင်းမှုကိုများစွာ အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။ ထို့သို့ဒေသတွင်း ကုန်စည်စီးဆင်းမှုပိုမိုလွယ်ကူ မြန်ဆန်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်စရိတ် လျော့ကျစေနိုင်သည့်အပြင် ဘက်စုံကဏ္ဍတစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဖော်ဆောင်ပေးနိုင်သည့် လမ်းမကြီးဖြစ်ပါကြောင်းနှင့် ယင်းလမ်းမကြီးသည် ရန်ကုန်မှငပလီသို့ ချိတ်ဆက်ပေးသည့် လမ်းဖြစ်သောကြောင့် နိုင်ငံ၏ခရီးသွားလာရေးကဏ္ဍကို အထောက်အကူပြုနေသည့် လမ်းမကြီး ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရသည်။ ။

https://t.me/myanmarnewspaper/74291

Post a Comment

Previous Post Next Post