အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကို တာဝန်ခံသည့် တပ်မတော်




ယနေ့မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးသမိုင်း၊ တပ်မတော်သမိုင်း၊ နိုင်ငံဖြစ်တည်မှုသမိုင်းတို့နှင့် ခွဲခြား၍မရလောက်အောင်ပင် အစဉ်အလာကြီးမားသော တပ်မတော်ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင်ပြုလုပ်မည့်အဖွဲ့အစည်းမဟုတ်မူ၍ တိုင်းရင်းသားနှင့် ပြည်သူအပေါ် သစ္စာဖောက်မည့် အဖွဲ့အစည်းမဟုတ်သည်မှာလည်း သေချာသည်။ အတိတ်ရော၊ ပစ္စုပ္ပန်မှာပါ တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် အရေးသုံးပါးဘက်မှ မားမားမတ်မတ် ရပ်တည်နေပြီး ဖြောင့်မတ်မှန်ကန်စွာထမ်းဆောင်နေဆဲဖြစ်သလို အနာဂတ်အတွက်လမ်းပြမြေပုံနှင့် ကောင်းမွန်သည့်သန္ဓေတည်နိုင်အောင်လည်း ကြိုးစားအားထုတ်လျက်ရှိသည်။

အမှန်ကို အမှန်အတိုင်း လမ်းမှန်ပြု၊ အမှားကို အမုန်းခံ၍ အမှန်ပြုကာ ပြည်သူအချင်းချင်း မုန်းတီး အောင်လည်း မျိုးစေ့မချခဲ့ဖူးပါ။ အချုပ်အခြာ၊ အမျိုးသား အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာကိုသာ အစဉ်ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးလျက်ရှိသည်။ ကာလသုံးပါးလုံး ပြည်သူနှင့်နိုင်ငံ အတွက်မကြည့်ဘဲ ပြည်သူအပေါ် သစ္စာဖောက်နေသည့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်ဖို့ မလိုလောက်အောင် မိုးနှင့် မြေပမာ ကွာခြားလွန်းသည်။ တပ်မတော်က ညီညွတ်ရေး ပြိုကွဲမည့် စကားမပြော၊ အကြမ်းဖက်စကားမပြော၊ နိုင်ငံကိုပျက်စီးအောင် မလုပ်၊ အပြောကို အလုပ်နှင့် သက်သေပြနိုင်အောင်သာ ကြိုးစားလျက်ရှိသည်။

တစ်ခုတည်းသော တပ်မတော်

နိုင်ငံတွင် တပ်မတော်ဟူ၍ တစ်ခုတည်းသာရှိသည်။ အခြားမည်သည့်လက်နက်ကိုင်အဖွဲ့ အစည်းမှ နိုင်ငံတော်နှင့် ပြည်သူကို ကိုယ်စားမပြုပါ။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု၍ ပြည်သူအကျိုးကိုသာ ကြည့်သည်။ အရေးကြုံက လှေကြုံ မလိုက်၊ ရေသာမခို နိုင်ငံနှင့်ပြည်သူအတွက် ဘေးသင့်လာလျှင် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်၍ ပြည်သူကို ကာကွယ်စောင့်ရှောက်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည် မခွဲခြား။ အားလုံးသည် မိမိအရေးသာ ဖြစ်သည်ဟု ခံယူသည်။ ကာကွယ်ရေးကဏ္ဍ၌သာမက နိုင်ငံတည်ဆောက်ရေးမှာလည်း ပါသည်။ နိုင်ငံကိုပြိုကွဲအောင်၊ မိမိပြည်နယ်၊ မိမိတိုင်းဒေသ ကြီး၊ မိမိဒေသ၊ မိမိလူမျိုး အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း ဒုက္ခပေးနေသည့် ဘေးအန္တရာယ်များကြား၊ အဖျက်အဆီးများကြားမှ မရရအောင် ပြန်လည်တည်ဆောက် ပေးနေသည်မှာလည်း တပ်မတော်ပင် ဖြစ်သည်။ သို့သော် တပ်မတော် မုန်းတီးရေးဝါဒမှိုင်းများကြား ကြိုးစားဖြေရှင်း ရုန်းကန်နေရဆဲဖြစ်သည်။ ဘာကြောင့်ပါလဲ။ ဒီနိုင်ငံက ငါတို့နိုင်ငံ၊ ဒီပြည်သူတွေက ငါတို့ပြည်သူ၊ ဒီလူမျိုး တွေက ငါတို့လူမျိုးဟူ၍ တပ်မတော်က အလေးအနက် ခံယူထား၍သာ ဖြစ်သည်။

စိတ်ဓာတ်စည်းကမ်း သစ္စာစည်းလုံးမှု ခိုင်မာသည့်အဖွဲ့အစည်း

အချို့ကလည်း တပ်မတော်ကြောင့် နိုင်ငံပျက်စီးနေရသည်၊ နိုင်ငံသားတွေ စိတ်ဓာတ်ပျက်ပြားနေရသည်ဟု စွပ်စွဲလိုကြသည်။ ဤနေရာတွင် နိုင်ငံသား အားလုံးနှင့်ဆိုင်သော အချက်ကိုသာ ထောက်ပြချင်သည်။ တစ်ဦးချင်း၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်၊ စာရိတ္တ၊ စိတ်ဓာတ်၊ နိုင်ငံနှင့်လူမျိုးအပေါ်ထားသည့် သစ္စာတရား ခံယူချက်နှင့်သာ ဆိုင်မည်ထင်သည်။ ဤသို့ဖြင့် သပ်လျှိုဖြိုခွဲပြိုကွဲစေသည့် သွေးခွဲစကားများကို ကြားနေကြုံနေရဆဲဖြစ်သည်မှာ လက်ရှိ အရှိတရားဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်မှုကဏ္ဍ တွင် ရပ်တည်နေရဆဲဖြစ်၍ ယနေ့လိုကာလတွင် ဘယ်သူ့ကိုမှ ယုံ၍မရသေး၊ နိုင်ငံကိုဦးဆောင်နေရ ဦးမည်သာဖြစ်သည်။ အချို့က တပ်မတော်မရှိလျှင် နိုင်ငံအေးချမ်းမည်ဟု ဆိုသူက ဆိုသည်။ ကိုယ့်နိုင်ငံ ရေးအခြေအနေ၊ ကိုယ့်အခြေအနေကို ကိုယ်ပင် ကောင်းစွာ မဖတ်တတ်သူများဟု ဆိုရမည်။

ကံဆိုးသည်က နိုင်ငံတွင် တပ်မတော်ကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုပေတံများ နှင့် တိုင်းတာနိုင်သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း ယခုအချိန်အထိ မရှိသေးခြင်း ပင်ဖြစ်သည်။ တပ်မတော်မှလွဲ၍ ဗမာရော၊ တိုင်းရင်းသားများပါ လက်နက်ရှိလျှင် သတ်ကြ၊ ဖြတ်ကြ၊ ကွဲကြသည်ကများသည်။ ကိုယ့်လူမျိုး အချင်းချင်းလည်း သတ်ရဲဖြတ်ရဲသည်။ ထိပ်ပိုင်း ခေါင်းဆောင်အချင်းချင်းလည်း သစ္စာမရှိ၊ လုပ်ကြံသတ်ဖြတ်သည်။ တော်လှန်ရေးသမားအချင်းချင်းလည်း လက်ရဲဇက်ရဲသတ်ဖူးကြသည်။ ဒါကိုပင် တပ်မတော်မရှိမှသာ တိုင်းပြည်ငြိမ်းချမ်းမည်ဟု ဆိုဝံ့သူက ရှိသေးသည်။

လိုအပ်ချက်များအရ ပါဝင်ထမ်းရွက်နေရဦးမည့် တပ်မတော်

ပြောကြသည်။ တပ်မတော်က နိုင်ငံရေးလောကမှ မထွက်ချင်ဘူးဆိုသည့် ဝေဖန်ချက်။ နိုင်ငံရေး လောကမှ ထွက်ချင်သည့်အတွက် ရာနှုန်းပြည့် ယူထားရာမှ ၂၅ ရာခိုင်နှုန်းထိ လျှော့ချပါဝင်ခဲ့သည်ကို သတိပြုဖို့ကောင်းသည်။ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်ရှိနေသရွေ့၊ အချုပ်အခြာ ခြိမ်းခြောက်မှုခံနေရသရွေ့၊ တိုင်းရင်းသားများညီညီ ညွတ်ညွတ်မရှိသရွေ့၊ တပ်မတော်ကိုပြိုကွဲစေမည့် အကြံအစည်များရှိနေသရွေ့ တပ်မတော်၏နိုင်ငံရေးတွင် ပါဝင်မှုအလားအလာ လျော့ပါးသွားရန် ခဲယဉ်းသည်။ မရင့်ကျက်သေးသည့် နိုင်ငံရေးစနစ်တွင် တပ်မတော်က လိုအပ်ချက်အရ ပါဝင်နေရခြင်းသည် အမှားအယွင်းတစ်ခုမဟုတ်ပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော်၏ ပါဝင်မှုသည် အထူးအဆန်းတော့မဟုတ်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကတည်းက နိုင်ငံရေးအရ တိုက်ပွဲဝင်မည့် နိုင်ငံရေးသမားအများစုသည် တပ်မတော်သား ဘဝမှတစ်ဆင့် လူလားမြောက်သူများဖြစ်ခဲ့ကြသည်ဆိုသည်မှာ သမိုင်းကြောင်းအရ သိထားသင့်သည့် အရာဖြစ်သည်။ ခေတ်အဆက်ဆက် တပ်မတော်သား နိုင်ငံရေးသမားဟူသည် စစ်ရေး၊ နိုင်ငံရေးအမြင် ထွန်းတောက်ခဲ့ကြသူများဖြစ်၍ တိုင်းပြည်၏အချုပ် အခြာနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသူများ ဖြစ်ခဲ့ကြသည်။ နိုင်ငံရေးသမားများ မညီညွတ်သရွေ့၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းပြ၊ နိုင်ငံရေးဝင်ရောက် စွက်ဖက်မှုများရှိနေသေးသရွေ့ မြန်မာနိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ ဆက်လက်ရှိနေဦးမည် သာဖြစ်သည်။ တိုးတက်မှုဘက် ဦးမတည်သည့် အရေးမပါသော ကွဲပြားမှုများရှိနေသေးသရွေ့၊ မလိုလားအပ်သော အားပြိုင်မှုများရှိနေသေးသရွေ့ တပ်မတော်အနေဖြင့် နိုင်ငံတာဝန်ကိုရယူပြီး အန္တရာယ်မှန်သမျှ တားဆီးနေရဦးမည်သာ ဖြစ် သည်။

ဆက်လက်ရှိနေဦးမည့် နိုင်ငံရေးဦးဆောင်မှုကဏ္ဍ

နိုင်ငံလွတ်လပ်ရေးကို ရယူပေးခဲ့ပြီး လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော တပ်မတော်ဖြစ်၍ နိုင်ငံလွတ်လပ်ရေးဆုံးရှုံးစေမည့်အရေး၊ နိုင်ငံကို ပျက်စီးစေမည့်အရေးကိုတော့ တပ်မတော်က ဘယ်တော့မှလုပ်မှာ မဟုတ်တာ သေချာသည်။ သို့ဆိုလျှင် တပ်မတော်က တိုင်းပြည်အာဏာကို ဘာကြောင့်ရယူနေရပါသနည်း။ နိုင်ငံရေးနောက်ခံ အကြောင်းတရားများ၊ အချုပ်အခြာဆုံးရှုံးနိုင်သည့် အကြောင်းတရားများကို မြင်အောင်ကြည့်စေလိုသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများကို အတွေးမှား၊ အမြင်မှား၊ အယူမှားအောင် လုပ်ကြံဖန်တီးပုတ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ပုံရိပ် ကျဆင်းအောင် ဖန်တီးနေကြဆဲဖြစ်သည်။ ရာဇဝတ်၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးပြဿနာများကြောင့် အမျိုးသားလုံခြုံရေး စည်းကျိုးပေါက်နိုင်မှု အခြေအနေများ ရှိဆဲဖြစ်သည်ကို လက်ခံရမည်ဖြစ်သည်။

ထို့ကြောင့်လည်း နိုင်ငံနှင့်ပြည်သူအတွက် လုံခြုံရေးအာမခံချက်ခိုင်ခိုင်မာမာရရှိပြီး အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်အေးချမ်းသည်အထိ တပ်မတော်၏အခန်းကဏ္ဍမှာ မပြောင်းမလဲရှိနေဦးမည်သာဖြစ်သည်။ နိုင်ငံရေးမှာ ဝင်ပါနေရသော်လည်း တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသားနိုင်ငံရေးဖြစ်သကဲ့သို့ ဖော်ဆောင်သည့် အကျိုးစီးပွားမှာလည်း အမျိုးသားအကျိုးစီးပွားသာလျှင်ဖြစ်သည်ကို သတိချပ်သင့်သည်။

အလုံးစုံဆုံးရှုံးပျက်စီးမှုသို့သာ ဦးတည်ခဲ့မှုများ

ယခုလက်ရှိအခြေအနေများကိုပင်ကြည့်ပါ။ တပ်မတော်က အရပ်သားအစိုးရထံ အာဏာအပ်ချင် ၍ အထွေထွေရွေးကောက်ပွဲပြုလုပ်ဖို့ စိုင်းပြင်းနေသည်။ ဒါကို ကဖျက်ယဖျက်လုပ်နေသည်က ဘယ်သူတွေလဲ။ ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲကို ဖျက်ဆီးမည့် ပြည်ဖျက်အုပ်စုများ၏အကြံအစည်ကပင် တပ်မတော်ကို နိုင်ငံရေး လောကမှ မထွက်ခွာနိုင်အောင် လုပ်သကဲ့သို့ဖြစ်နေသည်။ တပ်မတော်ကို နိုင်ငံရေးမှ ထွက်စေချင်လျှင် တပ်မတော်နှင့် ယုံကြည်မှု တည်ဆောင်နိုင်ဖို့သာ လိုအပ်သည်။ အပြန်အလှန်ယုံကြည်မှုအတွက် အပြန်အလှန်နားလည်မှု ရှိသင့်သည်ဟုမြင်သည်။

နားလည်မှု၊ ယုံကြည်မှုမပေးခဲ့သည့်အတွက် ယုံကြည်မှုများ ပျောက်ဆုံးပြီး အပြန်အလှန် ဆက်ဆံရေးများ အားမကောင်းခဲ့သည်ကို သင်ခန်းစာယူသင့်သည်။ တပ်မတော်နှင့် အပြု သဘောဆက်ဆံရေးနေရာတွင် အမုန်းတရားတို့က နေရာယူခဲ့သည်ကို တွေ့ရသည်။ အလွှာစုံမှာ အမုန်းတရားကို ပျိုးထောင်ခဲ့မှုက အလုံးစုံပျက်စီး ဆုံးရှုံးမှုဆီသို့သာ ဦးတည်ခဲ့သည်။ မဟုတ်မမှန် သတင်းအချက်အလက်များဖြင့် ပြည်သူကို သိမ်းသွင်း၊ တပ်မတော်နှင့်ပြည်သူအကြား သွေးခွဲခဲ့ကြသည်။ မိဘပြည်သူများ စိတ်မချမ်းမသာဖြစ်ရပြီး လူငယ်တွေဘဝ ပျက်ကြရသည့်အခါ နိုင်ငံတော်အတွက်လည်း ထိခိုက်မှုများစွာရှိခဲ့သည်။

ငြိမ်းချမ်းရေးကို လိုချင်လွန်း၍သာ

မြန်မာ့သမိုင်းခေတ်အဆက်ဆက်တွင် နိုင်ငံ၌ အစိုးရအဆက်ဆက် ဘယ်လိုပြောင်းပြောင်း၊ စနစ် ဘယ်လိုပြောင်းပြောင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ တပ်မတော်အစိုးရခေတ်၊ ပါတီစုံဒီမိုကရေစီခေတ် ဘယ်ခေတ်ရောက်ရောက် ဖိအားမျိုးစုံနှင့် လွတ်သည်မရှိ၊ စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ ဖြေရှင်းခဲ့ရသည်ချည်းဖြစ်သည်။ အတက်အကျ၊ အနိမ့်အမြင့် ကံကြမ္မာမျိုးစုံကြုံတွေ့ခဲ့ရသော မြန်မာ့တပ်မတော်သည် ယခုအချိန်ကစ၍ အကျမရှိ၊ အနိမ့်မရှိ တည်တည်ငြိမ်ငြိမ်ဖြင့် စည်းရုံးရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းစည်းရုံး၊ ပြည်ပကျူးကျော်မှုကို အချိန် မရွေး ရင်ဆိုင်နိုင်မည့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်အဖြစ်သို့ ကူးပြောင်းရန် ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိသည်ကို တွေ့ရသည်။ ပြည်ပ ရန်ကို ရင်ဆိုင်ရန်ပြင်ဆင်ပြီး ပြည်တွင်းငြိမ်းချမ်း ရေးအတွက် ဦးတည်ချက်ထားသည်။

Post a Comment

Previous Post Next Post