NLD ၏ တရားဝင် Facebook Page ကို မောင်ပိုင်စီးခိုးယူအသုံးပြုပြီး NLD နာမည်နှင့် ကြေညာချက်များ ထုတ် နေခြင်းသည် လုံးဝတရားမဝင်ကြောင်း ဦးတိုးလွင်ပြောဆို


NLD ၏ တရားဝင် Facebook Page ကို မောင်ပိုင်စီးခိုးယူအသုံးပြုပြီး NLD နာမည်နှင့် ကြေညာချက်များ ထုတ်နေခြင်းသည် လုံးဝတရားမဝင်ကြောင်း NLD ပါတီ ဗဟိုကော်မတီ ဦးတိုးလွင်က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ပြောဆိုထားသည်။

ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့ ၄ ဦးကို မတ်လ ၂ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရဟုဆိုကာ NLD ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့မှုအား ဦးတိုးလွင် ပြန်လည်တုန့်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါး အဖမ်းခံထောင်ကျနေချိန်တွင် NLD ပါတီနှင့် CEC အဖွဲ့၏ ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့ကြောင်း၊ NLD နာမည်အသုံးပြုခြင်း၊ CEC နာမည် အသုံးပြုခြင်း များသည် လုံးဝတရားမဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD CEC အဖွဲ့က တာဝန်လည်း မခံသလို တာဝန်လည်းမယူကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့မှ ရှေ့နေများ (ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်)မှတစ်ဆင့် အပြတ်ပြောခဲ့ကြောင်း၊ ထိုကြောင့် NLD ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြသည့် NLD CWC အမည်ခံ ဦးအောင် ကြည်ညွန့် ဦးဆောင်သည့်သူများတွင် မည်သည့်လုပ်ပိုင်ခွင့်မှမရှိကြောင်း ဦးတိုးလွင်က ပြောဆိုသည်။

“NLD CWC အမည်ခံပြီး ဖွဲ့တာဟာလည်း တရားမဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကတဆင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ အပြတ်ပြောခဲ့ပါတယ်။ ဒါကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်တဲ့ NLD CWC နာမည်ကို အသုံးချပြီး NLD ရဲ့ တရားဝင် Facebook Page ကို မောင်ပိုင်စီး ခိုးယူအသုံးပြုပြီး NLD နာမည်နဲ့ ကြေညာချက်တွေ ထုတ်နေတာဟာ လုံးဝတရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဘူးသူ တိုင်း သိကြပါတယ်။” ဟု NLD ပါတီဗဟိုကော်မတီ ဦးတိုးလွင်က ဆိုသည်။

ယခု So-called NLD CWC ဆိုသည့် သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဖက်တွင် ဖွဲ့ထားကြသည့် အဖွဲ့မှာ ပါဝင်သည့်သူ အားလုံးသည် ထိုင်းနိုင်ငံ မဲဆောက်နှင့် အမေရိကားကို အကုန်ရောက်နေကြသည့်သူများ ဖြစ် ကြောင်း၊ NLD ၏ ဖွဲ့စည်းပုံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းအရဆိုပါက ထိုကဲ့သို့  တိုင်းပြည်အပြင်ဖက် ထွက်သွားကြသူများသည် NLD ပါတီဝင်အဖြင့်တောင် တရားမဝင်တော့ကြောင်း၊ NLD ၏ နှစ်ပေါင်း (၃၀) ကျော် နိုင်ငံရေးသမိုင်းကြောင်းတွင် ထိုသို့ တိုင်းပြည်အပြင်ဖက် ထွက်သွားကြသည့် ရှင်းရှင်းပြောပါက ကြောက်၍ ထွက်ပြေးသွားကြသည့်သူများသည် မည်သည့်တုန်းကမှ NLD တာဝန်ကို ယူလို့မရသကဲ့သို့ တာဝန်ယူခဲ့ပါကလည်း တရားမဝင်ကြောင်း၊ ဦးတိုးလွင်က ပြောဆိုသည်။

NLD ပါတီ၏ တရားဝင် Facebook Page နှင့် ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးသည် နဂို NLD ပြန်ကြားရေးအဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည့် နေဘုန်းလတ် (ယခု NUG) နှင့် လွင်ကိုလတ် (ယခု NUG) တို့ နှစ်ဦး၏ လက်ထဲတွင် ရောက်နေကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုကြည် တိုး အဖမ်းခံရပြီးနောက် နေဘုန်းလတ်နှင့် လွင်ကိုလတ်တို့နှစ်ဦးသည် NLD Facebook Page နှင့် ဒီလှိုင်း Facebook Page ကို Password ပြောင်းပြီး သိမ်းယူထားခဲ့ကြောင်း၊ နောက်ပိုင်း NLD ဖေ့စ်ဘွတ် Page မှ NLD ၏ ကြေညာချက်များကို တရားမဝင် ထုတ်ပြန်နေခဲ့ကြောင်း  ဦးတိုးလွင်က ပြောဆိုသည်။

#Newvisionmedia

Post a Comment

Previous Post Next Post