NLD ပါတီရဲ့ အနာဂတ်အလားအလာ

🔹ပြည်ပရောက် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ(CWC)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်တွေ ဖြစ်ကြတဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင် တို့ကို နစကနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ NLD ပါတီကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းဟာ NLD ပါတီရှေ့ဆက်သွားမဲ့ အနာဂတ် အလားအလာကိုပါ ဂယက်ရိုက်စေခဲ့တာတွေ့ရတယ်။

🔹မနေ့က BBC  နဲ့ ဒေါ်စန္ဒာမင်းတို့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ကို နားထောင်လိုက်ရင် ပိုရှင်းတယ်။ သူပြောပြတာက လက်ရှိ မြေပြင်မှာ ပြည်ပကို  ထွက်ပြေးခြင်းမရှိတဲ့ NLD ပါတီရဲ့ CEC ၈ ဦးအထိရှိနေသလို UEC ရဲ့ ပါတီမှတ်ပုံတင်ခြင်းဥပဒေအရကို  ပြည်ပရောက် အဖွဲ့အစည်းမှန်သမျှဟာ ပါတီကို ကိုယ်စားပြုခြင်းမရှိဘူးလို့  ရှင်းရှင်းလင်းလင်း ပြောသွားခဲ့တာတွေ့ရတယ်။


🔹ဆိုလိုတာက  ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၅)ရက်နေ့ရက်စွဲနဲ့ CWC က ထုတ်ပြန်သွားတဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်ဖွဲ့စည်းခြင်းဆိုတာ  ဒေါ်အောင်ဆန်းစုကြည်ကလည်း  လက်သင့်မခံသလို   သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကလည်း လက်သင့်မခံခဲ့ဘူးဆိုတာ  ရှင်းရှင်းလင်းလင်းပြောပြသွားတယ်။ ဆိုတော့ ဦးအောင်ကြည်ညွှန့်ဦးစီးလုပ်ကိုင်နေတဲ့ CWC ဟာ ပါတီမှတ်ပုံတင်ခြင်းအရ တရားဝင်မှုမရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နဲ့  ကြေငြာချက်တွေထုတ်ပြန်နေတာကလည်း အကျုံးဝင်မှု မရှိဘူးဆိုတဲ့သဘောဆိုတာ ဒီလိုပဲ နားလည်လို့ရတယ်။

🔹BBC နဲ့ အင်တာဗျူးက ဘယ်လောက်မှ  မကြာဘူးဆိုပေမယ့် ဒေါ်စန္ဒာမင်း  ပြောသွားတဲ့  စကားလုံးတွေထဲမှာ  သတ္တိရှိရှိ ဆိုတဲ့  စကားက  (၁၂)ခွန်း အထက်မှာရှိတယ်။ ဆိုလိုတာက ပြည်ပရောက်နေတဲ့ CWC   အနေနဲ့ နစက  ရဲ့ ဖမ်းဆီးခြင်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နေတဲ့  ပြည်တွင်းက NLD ပါတီထိပ်ပိုင်း CEC ကို လာပြီးလွှမ်းမိုးချုပ်ကိုင်နေတာ မဖြစ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်သဘောလည်း  သက်ရောက်တယ်။ 

🔹နောက်တချက် ဖြေရှင်းပြသွားတာက  နစက  နဲ့  ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ အချက်အလက်တွေက  မမှန်ဘူး။  ပါတီအနေနဲ့  မှတ်ပုံတင်ခြင်းမတင်ခြင်းကို ဆုံးဖြတ်ရမှာက  သူတို့ မလုပ်မဟုတ်ဘဲ  CEC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆုံးဖြတ်ချက်ကသာ အဓိက ဖြစ်တယ်လို့ ဖြေရှင်းပြသွားတယ်။ တကယ်လည်း  ဒေါ်စန္ဒာမင်းရဲ့ဖြေရှင်းချက်က ကျိုးကြောင်း ဆီလျော်တာမို့   ပြည်ပရောက် CWC က စွပ်စွဲမှုတွေလုပ်ပြီး ပါတီကနေ အပြီးတိုင်ထုတ်ပယ်တာမျိုးပြုလုပ်တာတွေဟာ မြေပြင်မှာ ရှိနေတဲ့ CEC (၈)ယောက်ထက်ကို  ဦးအောင်ကြည်ညွှန့်တို့က လက်စောင်းထက်နေတာလားဆိုပြီး  မေးစရာဖြစ်လာတယ်။ 


🔹NLD ပါတီဝင်တွေအနေနဲ့    အမြင်ကွဲပြားမှုဖြစ်စေတာကတော့  ပါတီမှတ်ပုံတင်ခြင်း  ဆက်လုပ်မလုပ်ဆိုတဲ့ မေးခွန်းပဲ။ ဒေါ်စန္ဒာမင်း  နဲ့ BBCရဲ့ တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို  ကြည့်ရင်  ဒေါ်စန္ဒာမင်းအနေနဲ့  လက်နက်ကိုင်စွဲပြီးတော်လှန်တာမျိုးကို သဘောကျပုံမရဘူး။ နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒရှိတာတွေ့ရတယ်။ နောက်တခု စဉ်းစားရမဲ့ အချက်က နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအသစ်က တကယ်လို့ ပြန်မှတ်ပုံမတင်ဘူး ဆိုရင် ပါတီပိုင်ပစ္စည်းတွေက နိုင်ငံတော်ကို အပ်ရမယ်၊ နိုင်ငံတော်က သိမ်းမယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိထားတော့  NLD ပါတီလို ပိုင်ဆိုင်မှုတွေ အများကြီးရှိတဲ့ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ ဒီတိုင်းပဲ  အဟောသိကံ ဆုံးရှုံးခံမလားဆိုတဲ့ မေးခွန်းတွေ ရှိလာတယ်။  ဒေါ်စန္ဒာမင်းလိုပဲ   အပြင်မှာ  နိုင်ငံရေးပင်စင်  သိန်း(၅၀)စားပြီး  နိုင်ငံရေးလမ်းကြောင်း  သွားချင်တဲ့  လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက  အများကြီး ရှိနှင့်နေပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း  သတိထားမိတယ်။

🔹ပါတီမှတ်ပုံတင်ခြင်းကို  ပြန်မလုပ်သင့်ဘူးလို့  ယူဆထားကြတဲ့ အများစုကတော့  NLD ပါတီဟာ မှတ်ပုံတင်စရာမလိုဘူး။  လူထုထောက်ခံမှု  ရှိတဲ့  အတွက် NLD ပါတီဟာ အမြဲထာဝရ တည်ရှိနေမယ်ဆိုတဲ့  အချက်ကို  အကြောင်းပြကြတယ်။  ခက်တာက လူထုက  ထောက်ခံမှုပေးနေတယ်ဆိုတာ ဦးအောင်ကြည်ညွှန့်ကိုလည်း  မဟုတ်သလို  ဒေါ်စန္ဒာမင်းကိုလည်းမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ်မှာသာ လုံးလုံးလျားလျား မှီခိုနေတဲ့  ပါတီဖြစ်တယ်။ ဒီကနေ ဒေါ်အောင်ဆန်းစုကြည်မရှိလိုက်တာနဲ့ ချက်ခြင်း  ပြာကျသွားတဲ့  ပါတီတစ်ခုလည်းဖြစ်တယ်။ လာမဲ့ ၂၀၂၃ မှာကျင်းပလာနိုင်တဲ့ ရွေးကောက်ပွဲဟာ နစက က ဦးစီးလုပ်လာတဲ့ ရွေးကောက်ပွဲဖြစ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘူးဆိုတဲ့သူတွေအနေနဲ့  ၂၀၀၈ ခြေဥအောက်ကနေ ၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅  ရွေးကောက်ပွဲ  တွေမှာ NLD ပါတီဖြတ်သန်းခဲ့ရတဲ့အတိတ်သမိုင်းကြောင်းတွေကိုလည်း  တချက်ပြန်လှည့်ကြည့်ဖို့လိုပါလိမ့်မယ်။

🔹စာပြန်ချုပ်ရရင်  ပြည်ပရောက် CWC ကို ဒေါ်အောင်ဆန်းစုကြည်ကအစ အသိအမှတ်မပြုထားတာဖြစ်တဲ့ အတွက်  ဦးအောင်ကြည်ညွှန့်ဦးစီးလုပ်ကိုင်နေတဲ့ CWC ဟာ ဘယ်နည်းနဲ့မှ တရားမဝင်ဘူးဆိုတာ လူထုကို  မီးမောင်းထိုးပြလိုက်တာတွေ့ရမှာဖြစ်ပါတယ်။  တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် လွတ်နိုင်ဖို့ NLD ပါတီအနေနဲ့   ရွေးကောက်ပွဲ ဝင်ဖို့လိုအပ်တယ်ဆိုတဲ့ အယူအဆကိုများ လက်ရှိ  မြေပြင် CEC တွေမှာ ဒီလို အတွေးရှိလာခဲ့ရင်  NLD  ပါတီဟာ နစက  ဦးစီးကျင်းပမဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ  ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ 

🔹ဒီလိုဆိုရင်တော့   ဒေါ်အောင်ဆန်းစုကြည် ထမိန်တွေကို လေလံပစ်ပြီး  NUG ကို Support လုပ်ခဲ့ကြတဲ့ မင်းမော်ကွန်းကအစ ဒေါ်အောင်ဆန်းစုကြည် ဆောင်းခဲ့တဲ့ ပုသိမ်ထီး နဲ့ ဒေါ်အောင်ဆန်းစုကြည်သားရဲ့ မျက်နှာကို ဘန်းပြပြီး ဝင်ငွေရှာခဲ့ကြတဲ့  ပန်ဆယ်လိုတို့ကအဆုံး အကုန်လုံးက မျက်နှာပျက်စရာကိစ္စတွေချည်းပါပဲ။ ပိုဆိုးတဲ့အချက်က ဒေါ်စန္ဒာမင်း ပြောခဲ့တဲ့ NLD ပါတီရဲ့  လုပ်ထုံးလုပ်နည်းနဲ့  မူဝါဒဆိုတဲ့ စကားလုံးပါပဲ။  ဒီနေရာမှာ  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စိတ်ထဲက ကျေနပ်နေစေဦးတော့  ကျမ အနေနဲ့ ငြိမ်းချမ်းရေးလမ်းကိုပဲ သဘောကျပါတယ်လို့ ဖြေပါလိမ့်မယ်။ ဒါဆိုရင်တော့  တပ်မတော်ကို အပြုတ်တိုက်မယ်ဆိုတဲ့ PDF တွေဟာ NLD ပါတီသာ မှတ်ပုံတင်လာခဲ့ရင် ခွေးလုံးလုံးဖြစ်မဲ့ သဘောရှိပါတယ်။



#ဖိုးစီ

Post a Comment

Previous Post Next Post