အမေရိကန်၏ ၁၆ခုမြောက်အကြီးဆုံးဘဏ်ဖြစ်သည့်ဆီလီကွန်တောင်ကြားဘဏ် SVB ပြိုလဲ


အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ ဆီလီကွန်တောင်ကြားဘဏ် SVB ဟာ သောကြာနေ့ မတ် ၁၀ ရက်နေ့က ပြိုလဲသွားခဲ့ပါတယ်။ ဒါဟာ ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းပြီးကတည်းက အမေရိကန်ရဲ့ ဘဏ်လုပ်ငန်းတွေထဲမှာ အကြီးမားဆုံးပ ကျရှုံးမှုတစ်ခုဖြစ်တယ်လို့ သတင်းများကရေးသားပါတယ်။

အမေရိကန်အာဏာပိုင်တွေဟာ SVB ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးပြီး သိမ်းပိုက်လိုက်ပါတယ်။ SVB ဆီလီကွန်တောင်ကြား ဘဏ်ဟာ ၁၉၈၀ပြည့်လွန်နှစ်များကတည်းက အမေရိကန်ရဲ့ နည်းပညာကုမ္ပဏီတွေတည်ထောင်ရာမှာ အဓိကငွေချေးငှားခဲ့တဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။

SVB ကိုအများပြည်သူတွေ သိပ်မသိရှိပေမယ့် အဲဒီဘဏ်ဟာ လုပ်ငန်းတည်ထောင်သူတွေအတွက် ငွေကြေးမတည်ပေးတဲ့ အထူးပြုဘဏ်တစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးအရ အမေရိကန်ရဲ့ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပါတယ်။

၂၀၂၂ခုနှစ်ကုန်အထိ SVB ဟာ ပိုင်ဆိုင်မှုတန်ဖိုး ၂၀၉ ဘီလျံရှိပြီး အပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၇၅.၄ ဘီလျံခန့်လည်းရှိပါတယ်။

SVB ရုတ်တရက်ပြိုလဲခဲ့တဲ့အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ယီလင်ဟာ အမေရိကန်ရဲ့ ထိပ်ပိုင်းဘဏ်လုပ်ငန်းအာဏာပိုင်တွေနှင့်  အရေးပေါ်အစည်းအဝေးတစ်ခု ကိုချက်ခြင်းခေါ်ယူပြုလုပ်ခဲ့ရပါတယ်။

“ ဝန်ကြီးယီလင်ဟာ ဒါကိုတုန့်ပြန်တဲ့အနေနှင့် ဘဏ်လုပ်ငန်းအာဏာပိုင်တွေက  သင့်လျော်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်မှာနှင့် ဘဏ်စနစ်ဟာ ဆက်လက်ကြံ့ကြံ့ခံနေပြီး ဒီလိုမျိုးအဖြစ်အပျက်ကိုဖြေရှင်းဖို့ ဘဏ်အာဏာပိုင်တွေမှာ ထိရောက်တဲ့ ကိရိယာတွေ ရှိတာကို အပြည့်အဝယုံကြည်ထားပါတယ်” လို့ သူမရဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

စိတ်ပူပန်မှုတွေက အမေရိကန်ရဲ့ဘဏ်လုပ်ငန်းအပေါ် ထိခိုက်မှုတွေရှိနေပါတယ်။
အမေရိကန်ဘဏ်တွေဟာ စတော့ဈေးကွက်မှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံ၁၀၀ကျော် ဆုံးရှံးမှုတွေ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းဖြစ်ခဲ့ပါတယ်။ အလားတူ ဥရောပဘဏ်တွေဟာလည်း အမေရိကန်ဒေါ်လာ ၅၀ဘီလျံဝန်းကျင် တန်ဖိုးဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက တွက်ချက်ထားပါတယ်။

Post a Comment

Previous Post Next Post