အမေရိကန်က မြန်မာကိုဒီမိုကရေစီရစေချင်သတဲ့လား...




အမေရိကန်အနောက်အုပ်စုအားကိုးပြီးမြန်မာပြည်ဒီမိုကရေစီရရေး လက်နက်ကိုင်တော်လှန်ရေးလုပ်တယ်ဆိုသူတွေ သေချာစဥ်းစားကြဖို့က အမေရိကန်က မြန်မာနိုင်ငံဒီမိုကရေစီရစေချင်တာလား၊တရုပ်ထိန်းချုပ်ရေးမဟာဗျူဟာအရ မြန်မာပြည်မှာကြိုးဆွဲအစိုးရတစ်ရပ်မထူထောင်နိုင်ရင် တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်ဖန်တီးနေတာလား ဆိုတာပါပဲ။

ကြိုးဆွဲအစိုးရတစ်ရပ်ထူထောင်ဖို့ အကြီးမားဆုံးအတားအဆီးက တပ်မတော်ဖြစ်နေတဲ့အတွက် တပ်မတော်ပြိုကွဲပျက်စီးရေးနည်းမျိုးစုံ ကြံစည်လုပ်ဆောင်နေရာမှာ ဒီမိုကရေစီတော်လှန်ရေးဆိုသူတွေက လက်ကိုင် တုတ်အဖြစ် အသုံးချခံနေကြရတာသတိပြုကြဖို့လိုပါတယ်။

တပ်မတော်ပြိုကွဲပျက်စီးရင် ဒီမိုကရေစီရမှာလား၊လက်နက်ကိုင်သူပုန်အဖွဲ့ပေါင်းစုံလင်လှတဲ့တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမှာလားဆိုတာ ပုံမှန်အသိညဏ်ရှိသူတိုင်း အလွယ် တကူ သုံးသပ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။

အမေရိကန်က ဒီမိုကရေစီအကြောင်းပြဝင်ရှုပ်ခဲ့တဲ့နိုင်ငံတွေ အခုအချိန်အထိ ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်ကျန်ရစ်တာ တွေ့နေကြရတာဖြစ်လို့ အမေရိကန်အနောက်အုပ်စုက ပုံသွင်းတဲ့အတိုင်း တပ်နဲ့ပြည်သူ သွေးကွဲရေး တပ်မုန်းဝါဒရိုက်သွင်းနေခြင်းဟာ တိုင်းပြည်ဒီမိုကရေစီရရေးလား၊အစိတ် စိတ်အမွှာမွှာပြိုကွဲပျက်စီးရေးလား ဆိုတာ မှန်မှန်ကန်ကန်သုံးသပ်နိုင်ကြဖို့လိုပါတယ်။

အမေရိကန်ကြံစည်နေတဲ့ တပ်မတော်ကို စစ်ရာဇဝတ်ကျူးလွန်သူအဖြစ်နိုင်ငံတကာအလယ်မှာပုံဖော်ရေး၊ပြည်သူလူထုက တပ်မတော်အပေါ်မုန်းတီးစိတ်များမြင့်မားလာစေရေးတွေဟာ တိုင်းပြည်ဒီမိုကရေစီရရေးလမ်းကြောင်းမဟုတ်ဘဲ တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲပျက်စီးရေးလမ်း ကြောင်းသာဖြစ်ပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူအမျိုးသမီးကလေးငယ်တွေကိုတပ်မတော်ကအကြမ်းဖက်သတ်ဖြတ်နေတယ်ဆိုတာအမေရိကန်အနောက်အုပ်စုအလိုချင်ဆုံးသတင်းဖြစ်လို့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကို ဖြစ်စဥ်အမှန်ကို မစိစစ်တော့ဘဲ လိုချင်တဲ့အချက်တွေသာဆွဲယူပြီး စစ်ရာဇဝတ်မှုကျုးလွန်သူများအဖြစ်အကြီးအကျယ် ဝါဒဖြန့်နေခြင်းဖြစ်ပါတယ်။

ကမ္ဘာတစ်ပတ် နိုင်ငံအနှံ့စစ်ရာဇဝတ်မှုတွေ အထင်အရှားကျူးလွန်ခဲ့ပြီးအရပ်သားအမျိုးသမီးကလေးငယ်တွေ သတ်ဖြတ်မှု ကမ္ဘာ့စံချိန်တင်ထားတဲ့အမေရိကန်က ပဇီကြီးရွာကိစ္စမှာ ဂရုဏာရှင်ကြီးဝင်လုပ်နေတာဟာ အသားစားကျူးတဲ့ဘီလူးဥပုဒ်စောင့်ပြနေသလို ဖြစ်နေပါတယ်။

#ThaungLwinHein

လက်နက်ကိုင်တော်လှန်ရေးနဲ့ဒီမိုကရေစီရနိုင်သလား

လွတ်လပ်ရေးရပြီးနောက်အစောဆုံးလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ဗကပ ဟာ (၂)နှစ်အတွင်းစစ်အနိုင်တိုက်ရေးကြွေးကြော်ပြီနှစ်ပေါင်း(၄၀)အကြာမှာပြိုကွဲကျဆုံးသွားခဲ့ပါတယ်။

တရုပ်ကွန်မြူနစ်ပါတီ ရဲ့လူလက်နက်ခဲယမ်းရိက္ခာ လိုလေသေးမရှိ ပုံအောထောက်ပံ့မှုယူပြီးတပ်မတော်ထက်အစစအရာရာသာလွန်အင်အားနဲ့လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့တာဖြစ်ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

အနှစ်(၇၀)ကျော်သက်တမ်းကြာပြီဖြစ်တဲ့ KNU ဟာလည်း တော်လှန်ရေးအစပိုင်းမှာတပ်မတော်ထက် လူလက်နက်ခဲယမ်းအသာစီးနဲ့ အင်းစိန်အထိသိမ်းပိုက်နိုင်ခဲ့ပေမယ့်နယ်စပ်အထိဆုတ်ခွာခဲ့ရပြီးနယ်စပ်စခန်းတွေပါလက်လွတ်ခဲ့ရတဲ့အထိ ဘဝပျက်ခဲ့ပါတယ်။

အခုအချိန်မှာ ဗဟိုအာဏာ မရှိတော့ဘဲ အကွဲကွဲအပြဲပြဲနဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ခွဲထွက်လာတာ အဖွဲ့ပေါင်းများစွာရှိနေပြီဖြစ်သလို
၊စောနယ်ဒါးမြကို လမ်းလုပ်သား(၁၇)ဦးသတ်မှုနဲ့ဗဟိုကဆင့်ခေါ်တာ မလာဘဲ KNUနယ်မြေအတွင်းမှာ ကော်သူလေးအာမီလို့ စင်ပြိုင်တည်ထောင်တာကို ဘာမှ အရေးမယူနိုင်ဘဲ လက်ပိုက်ကြည့်နေရတဲ့အထိ KNUဗဟိုသြဇာအာဏာကျဆင်းနေပြီဖြစ်ပါတယ်။

နိုင်ငံရေးရေချိန်မြင့်တဲ့ဗကပနဲ့ ဗြိတိသျှတို့ထံကစနစ်တကျ ဖွဲ့စည်းမှုစစ်ပညာနဲ့တည်ဆောက်ထားတဲ့KNU လက်နက်ကိုင်တော်လှန်ရေးဖြစ်စဥ်တွေဟာ မြန်မာပြည်မှာလက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်မြင်မှုရနိုင်မရနိုင် လေ့လာစရာအကောင်းဆုံးသင်ခန်းစာတွေ ဖြစ်ပါတယ်။

အခုဖြစ်ပျက်နေတဲ့ ဒေသခံပြည်သူလူထူတွေ သေကျေ ဒုက္ခရောက်နေကြရတာဟာ နောက်ဆုံးပေါ် PDF လက်နက် ကိုင်တော်လှန်မှုကြောင့်ဖြစ်တယ်ဆိုတာ PDF+EAO မရှိတဲ့နယ်မြေတွေကပြည်သူ လူထုတွေ စစ်ဘေးဒုက္ခမခံကြရတာကြည့်ရင်သိနိုင်ပါတယ်။

အမေရိကန်အနောက် အုပ်စုက မြှောက်ပေးတဲ့အတိုင်းလက်နက် ကိုင်တော်လှန်ရေးလုပ်တာဟာ တိုင်းပြည်နဲ့လူထု အတိဒုက္ခရောက်ဖို့သာရှိပါတယ်။

ပြည်ပကျည်လွတ်မြေကနေ မနက်ဖန်နိုင်တော့မယ်၊သဘက်ခါနိုင်တော့မယ် ဆိုတဲ့နည်းမျိုးစုံဝါဒဖြန့်မှုတွေ ဟာ ဖြစ်နိုင်မဖြစ်နိုင် နိုင်ငံရဲ့လက်နက်ကိုင်တော်လှန်ရေးသမိုင်းအဆက်ဆက်နဲ့ တပ်မတော် ရဲ့ဖြစ်တည်မှုကိုလေ့လာပြီးမှ သုံးသပ်ကြဖို့ လိုပါတယ်။

လူမျိုးတူလက်နက်ကိုင်အဖွဲ့အချင်း ချင်းတောင်အပြန်အလှန်တိုက်ခိုက်နေကြတဲ့ EAO တွေနဲ့ NUG,PDFပူးပေါင်းပြီး ဖက်ဒရယ်အာမီတည်ထောင်မယ်ဆိုတာ စိတ် ကူးယဥ်ရူးသွပ်မှုသာဖြစ်ပြီးတပ်မတော်ကသာ ဆန္ဒရှိရင် အလွယ်တကူ ဖြိုခွဲလို့ရပါတယ်။

တပ်မတော်အစိုးရအဆက်ဆက်မှာလက်နက်ကိုင်တော်လှန်သူများအပေါ် နစက လောက် သက်ညှာ တဲ့အစိုးရ မရှိခဲ့တဲ့အတွက်လည်းEAO+PDFတွေ အခုလိုရောင့်တက် ဇောင်းထနေကြတာလို့ ဝေဖန်ခံရတဲ့အထိဖြစ်ပါတယ်။

Post a Comment

Previous Post Next Post