မုန်တိုင်းအလွန် စိတ်ခွန်အားများနှင့်အတူ


ကြေကွဲဖွယ်ရာ နာဂစ်အလွန် ၁၅ နှစ်အကြာ ဆူနာမီထက်ပင်ဆိုးရွားခဲ့သော ၁၄၅ မိုင်နှုန်း နာဂစ်ကဲ့သို့ပင် အလွန့်အလွန်အားကောင်းသော တစ်နာရီ ၁၃၇ မိုင်နှုန်း မိုခါဆိုင်ကလုန်းဒဏ်ကို  မြန်မာပြည်သူတို့ ရှောင်လွှဲမရ ရင်ဆိုင်ကြုံခဲ့ရပြန်ပါပြီ။ ကြိုတင်မျှော်တွေး၊ ကြိုတင်ပြင်ဆင်၊ အလျင်မြန်ဆုံးတုံ့ပြန်မှုများက အနည်းဆုံးသော ထိခိုက်မှုကိုသာ ဖြစ်စေခဲ့သည်ဟုဆိုရမည်။  ယခုအခါတွင်မူ ပြည်တွင်းအင်အား၊ ပြည့်အင်အားဖြင့် မူလအခြေအနေထက်ပိုကောင်းလာမည့် ယုံကြည်ချက် မျှော်လင့်ချက်များကား ပြန်လည်နိုးထလာပေပြီ။
မလွဲမသွေကြုံရသည့်  ထိခိုက်မှုနှင့်  နောက်ဆက်တွဲပြဿနာများကို  ရင်ဆိုင်ဖြေရှင်းရန်သာရှိ
လယ်ယာစိုက်ပျိုး၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းရာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက် စစ်တွေမြို့ကြီးကား မိုခါဆိုင်ကလုန်း၏ ဗဟိုချက်မဖြစ်ခဲ့သည်။  မိုခါကြောင့် ရခိုင်နှင့် ချင်းပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးနှင့်  နေပြည်တော်ကောင်စီနယ်မြေအချို့  မုန်တိုင်းဒဏ်သင့်ခဲ့ရသည်။  မုန်တိုင်းကြောင့် လူနေအိမ်များ၊  ဌာနဆိုင်ရာအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လမ်းတံတားများ၊  လမ်းမီးတိုင်နှင့် ထရန်စဖော်မာများ၊ ဈေးများ၊ အားကစားကွင်းများ အတိုင်းအတာတစ်ခုအထိ ပျက်စီးဆုံးရှုံးခဲ့ရသည်။
လယ်ယာစိုက်ခင်းများ၊ ဆားကွင်းများ ပျက်စီးခဲ့ရသည်။ စာရင်းများအရ တစ်နိုင်ငံလုံး  အရေအတွက်အားဖြင့်  လူနေအိမ်ပေါင်း  တစ်သိန်းကျော်၊  ရပ်ကွက်ကျေးရွာပေါင်း  တစ်ထောင် ကျော်၊ ဘာသာရေးကျောင်း၊ ဆေးခန်း၊ ဌာနဆိုင်ရာအဆောက်အအုံပေါင်း ထောင်ဂဏန်းမျှ  ပျက်စီးဆုံးရှုံးခဲ့ရမည်ဟု ခန့်မှန်းမိသည်။ မုန်တိုင်းဒီရေများကြောင့် လမ်းများသည် မြစ်များ၊  ချောင်းများ ဖြစ်သွားခဲ့ရသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။  လယ်သမားယာသမားများ တန်ဖိုးထားရသည့်  နွားအပါအဝင်  တိရစ္ဆာန်များ ဆုံးရှုံးကြရသည်။
လူများမှာလည်း  ဒုက္ခသည်များအဖြစ် ယာယီသဘာဝဘေးခိုလှုံရာစခန်းများ၊  ဘေးလွတ်ရာများမှာ  ရွှေ့ပြောင်းနေထိုင်ကြရ၍ အနေအစားပျက်၊ လုပ်ငန်းများပျက်ရ၊ စာသင်ပျက်ရ၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ၊ ဆက်သွယ်ရေးကပြတ်တောက်၊ လျှပ်စစ်မီးကမရ၍ စသည့်ယာယီအခက်အခဲများ  တွေ့ကြုံကြရသည်မှာ ဓမ္မတာပင်။
မုန်တိုင်းနောက်ဆက်တွဲ ဆိုးကျိုး သက်ရောက်မှုများကလည်း ကြိုဆိုမည်မှာမလွဲ။  များသောအားဖြင့် နောက်ဆက်တွဲပါလာသည်က  ကူးစက်ရောဂါများပင်။ ရေ၊ အစားအစာ၊ အိမ်သာ မသန့်ရှင်းမှုများကြောင့် ဖြစ်ရသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အရေပြား ရောဂါနှင့် ကိုဗစ်စသည့် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါများ၊ စိတ်ထိခိုက်မှုပြဿနာများပင်  ဖြစ်သည်။ ထို့အတွက် နယ်ခံကျန်းမာရေးဝန်ထမ်းများအပြင် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အထူးဆေးကုသအဖွဲ့များဖြင့်လည်း ဆေးကုသမှုများ  ဆောင်ရွက်ပေးလျက်ရှိသည်။ 

ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး၊ ပညာပေးခြင်းနှင့် ဆေးကုသမှု လုပ်ငန်းများသည်  ပြန်လည်ထူထောင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် ပြည်သူလူထုကို ရက်တာရှည် ကျန်းမာရေး စောင့်ရှောက်ပေးရမည့် အနေအထားတွင်ရှိသည်။ ဒါသည်ပင် သဘာဝဘေးဒဏ်သင့် အခြေအနေတိုင်းမှာ မလွဲမသွေ အနည်းနှင့်အများ တွေ့ကြုံရသည့် ဒုက္ခဆင်းရဲများသာဖြစ်၍  အားလုံး ရင်ဆိုင်ကြရသည်သာ။

သဘာဝဘေးအန္တရာယ် ဟူသည်ကား ကြုံရတော့မည်ဟု သိသည်နှင့် ကိုယ့်ဆီ တိုက်ရိုက်ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ အနည်းနှင့်အများ အားလုံးမှာ  စိတ်မသက်မသာဖြစ်ကြ၊ ပူပန်သောကဖြစ်ကြရသည်။ တိုက်ရိုက်ထိခိုက်သည့်သူတွေမှာ  ကိုယ့်ကိုယ်ကိုယ် လမ်းစပျောက်သလို၊ တစ်ခုခုဆုံးရှုံးသွားသလိုပင် ခံစားကြရသည်ဟု ဆိုသည်။ အဆိုးဆုံးက စိတ်ဓာတ် အကြီးအကျယ် ကျဆင်းခြင်းပင်ဖြစ်၍ မကောင်းသည့် ဖိအားပေါင်းစုံကို  ရင်ဆိုင်ဖြေရှင်းရန်သာ ရှိပါတော့သည်။

နာဂစ်ဆိုင်ကလုန်း မွှေစဉ်က လူပေါင်း ၁၃၈၀၀၀ ကျော်ခန့် အသက်ဆုံးပါးခဲ့ရပြီး  အိမ်ရာအဆောက်အအုံပေါင်း ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကား ၁၁ ဒသမ ၈ ထရီလီယံကျပ်အထိ ရှိခဲ့သည်ဟု သိရှိခဲ့ရသည်။ ယခုမိုခါတွင်မူ လူအသက်ဆုံးရှုံးမှု ရာဂဏန်းသာ၊ တိတိကျကျဆိုလျှင် ယခုစာရေးသားချိန်အထိ ၁၄၅ ဦးသာရှိသည်။ နာဂစ်နှင့် မိုခါ နှစ်ခုအကြား လူ၊ ပစ္စည်း၊ ငွေကြေးဆုံးရှုံးမှုများစွာ ကွာခြားလွန်းပါသည်။ ဤသည်မှာ ကြိုတင်ပြင်ဆင်မှု၊  ကြိုတင်မျှော်တွေးမှု အားကောင်းခြင်း၏  အမှတ်အသားပင်ဖြစ်သည်။

သဘာဝဘေးဒဏ်ဟူသည် မမျှော်လင့်ဘဲ ရောက်လာနိုင်သည့်နည်းတူ မျှော်လင့်ထားသည့်  အချိန်တွင် မျှော်လင့်သလို ရောက်လာတတ်သည့်အတွက် ဝင်ရောက်လာပါက အပျက်အစီးနည်း၊  ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန် ထိထိမိမိကြိုတင်  စီမံပြင်ဆင်ထားကြရသည်။

ထိခိုက်မှုသက်သာခဲ့သည့် အားကောင်းသော ကြိုတင်ပြင်ဆင်မှုများ

မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍လည်းကောင်း  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၊ မုန်တိုင်းဒဏ်သင့်ဒေသများမှာ ကူညီဆောင်ရွက်ပေးနိုင် ရေး၊ ပြန်လည်ထူထောင်ရေး အစည်းအဝေးများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် တိုင်းဒေသကြီး၊  ပြည်နယ်အလိုက်၊ ဒေသဌာနအလိုက် အားလုံးပူးပေါင်း၍ သဘာဝဘေးကြိုတင်ညှိနှိုင်းအစည်း အဝေးများ အကြိမ်ကြိမ်ပြုလုပ်၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကြပ်မတ်  အားပေးထောက်ပံ့မှုများ  ပြုလုပ်ခဲ့ကြ သည်။ မုန်တိုင်းမဝင်ရောက်မီ  ငါးရက်ခန့် ကတည်းက  မုန်တိုင်းသတိပေးချက်များကို အခါမလပ် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေခဲ့ပြီး သဘာဝဘေး အန္တရာယ်ကာကွယ်ရေး ကြိုတင်သရုပ်ပြ လေ့ကျင့်မှုများလည်း ပြုလုပ်ဖြစ်ခဲ့ကြသည်။ အရန်ဆန်၊  စားရေရိက္ခာနှင့် စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်မိုးသွပ်၊ သစ်များအပါအဝင် အထောက်အပံ့ပစ္စည်းများ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်  ကြိုတင်သိုလှောင်ထားရပြီး တပ်မတော်ယာဉ်တန်းများဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို အချိန်မီ ကြိုတင် ပို့ဆောင်ထားရသည်များလည်း ရှိခဲ့သည်။ ယာဉ်တင်အသင့်၊ လူ၊ ပစ္စည်းကြိုတင်စုဖွဲ့  ထုပ်ပိုးထားရသည်။ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၊ သက်ကြီးဘိုးဘွားများ၊  အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းသူများကို ဦးစားပေးကယ်ဆယ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ဒေသခံပြည်သူ ခြောက်သိန်းကျော်ကို တပ်မတော်မော်တော်ယာဉ်များ၊ လေယာဉ်၊ ရေယာဉ်များဖြင့်  မုန်တိုင်းဘေးလွတ်ရာဆီ ကြိုတင်ပို့ဆောင်ထားနိုင်၍လည်း လူ့အသက်ပေါင်းများစွာ  သက်သာရာရရှိသွားခဲ့သည်ဟု ဆိုရပေမည်။ နိုင်ငံနှင့် ပြည်သူက လိုအပ်လာလျှင် အမြဲအသင့်ရှိနေကြ ရသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များကား သဘာဝ ဘေးဒဏ်ကိုရင်ဆိုင်ရန် မဖြစ်ခင်ကတည်းက ကြိုတင်၍ လူ၊ ပစ္စည်း၊ ရိက္ခာ၊ ဆေးဝါးများဖြင့်  ပြင်ဆင်စုဖွဲ့ လေ့ကျင့်ပြင်ဆင်ထားရသူများ ဖြစ်ကြသည်။

အရေးပေါ် ထောက်ပံ့အလှူဒါနများဖြင့် ချက်ချင်းတုံ့ပြန်နိုင်မှုဆိုသည်မှာ

မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်းပင် ဆရာတော်ကြီးများအပါအဝင် သက်ဆိုင်ရာအကြီးအကဲများ၏  မုန်တိုင်းဒဏ် သင့်ပြည်သူများအပေါ် အားပေးစကားများ၊ သီတဂူဆရာတော်ကြီးနှင့် ဓမ္မဓူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ဆရာတော်ကြီးနှစ်ပါး၏ လှူဒါန်းထောက်ပံ့ပစ္စည်းများ၊  လှူဒါန်းထောက်ပံ့ငွေများကား လူမျိုးဘာသာမခွဲခြား လိုအပ်ရာဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။  နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  သဘာဝဘေးအန္တရာယ်  ကျရောက်ခဲ့သည့်  စစ်တွေမြို့နှင့် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတို့ဆီ ချက်ချင်းဆိုသလို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများကို လမ်းညွှန်ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည် မှာ  များစွာအားရဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ မှတ်မှတ်ရရ မှာကြားချက်တွင် မုန်တိုင်းမဖြစ်ခင်က အခြေအနေထက်  ပိုမိုသာလွန်အောင် ဆောင်ရွက်ပေးရမည်ဟူသောစကားက ဒုက္ခရောက်၍ စိတ်ဓာတ်ကျ  အားငယ်နေသူများအတွက် အားတက်စရာ ခွန်အားတစ်ခုဖြစ်ခဲ့သည်။ နှုတ်စကားအပေါ် ထပ်ဆင့်လက်တွေ့ကျသည့်အချက်က များပြားလှသော အများပြည်သူတို့၏ လှူဒါန်းငွေပမာဏဖြင့်  အားတက်သရော တုံ့ပြန်မှုပင်ဖြစ်သည်။

သက်ဆိုင်ရာများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အဖွဲ့အစည်းများ၊ ရဟန်းရှင်လူ စေတနာရှင် ပြည်သူများ ကနဦးလှူဒါန်းလိုက်သည့် အလှူငွေ စုစုပေါင်းသည်ပင် ကျပ်သိန်းပေါင်း  ၁၃၁၈၁၀ (၁၃ ဘီလီယံကျပ်) အထိ ရှိခဲ့သည်။ လှူဒါန်းမှုအစုစုများအနက် အမြန်ဆုံးနှင့် အများဆုံး  သမိုင်းဝင်လှူဒါန်းမှုဖြစ်ခဲ့သည်ကို  သတိထားမိသည်။

ချက်ချင်းကယ်ဆယ်၊ အမြန်ဆုံးပြင်ဆင်၊ စုစည်းအားဖြင့် ပြန်လည်ထူထောင် 

အပျက်အစီးများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ပြီး ပြန်လည်ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာများက ချက်ချင်းစစ်ဆေး အစည်းအဝေးလုပ်၊ အမြန်ဆုံး  အကောင်အထည်ဖော်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများ  မနှေးအမြန်ဆောင်ရွက်ကြခြင်းဖြင့်  လျင်လျင်မြန်မြန်  တုံ့ပြန်နေကြသည်ကို တွေ့ရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)ကလည်း မိမိတို့၏ အရေးပေါ်စုစည်းတုံ့ပြန်နိုင်စွမ်း အရင်းအမြစ်အားကို အသုံးချလျက် ဘေးဒဏ်သင့်ပြည်သူများဆီအရောက် စားရေရိက္ခာ၊ ရေသန့်နှင့် အဝတ်အထည်များ၊ တစ်ကိုယ်ရေ အသုံးအဆောင်များ၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ မိုးကာတဲများ၊ ဆောက် လုပ်ရေးပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ  မပြတ်ပို့ဆောင်ကူညီပေးလျက် ရှိသည်။ ဆက်သွယ်ရေးမိုဘိုင်းကား၊ အသေးစားခွဲစိတ်ခန်းပါသည့် မိုဘိုင်းဆေးရုံ၊ မီးစက်၊ ရေသန့်စင်စက်များ၊ ရေသယ်ယာဉ်များ၊ ယာဉ်ယန္တရားများ၊ အစားအသောက် စသည်ဖြင့် ကဏ္ဍအစုံမှာ အကုန်ပါအောင် တပ်မတော် စစ်ရေယာဉ်ကြီးများ၊  ကမ်းထိုးရေယာဉ်များဖြင့် ဘေးဒဏ်သင့် ဒေသများဆီ အမြန်ဆုံးရောက်ရှိအောင် သယ်ယူပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရသည်။  ထိုလုပ်ငန်းများတွင် တပ်မတော်နှင့်လက်တွဲ၍ တစ်တပ်တစ်အားပါဝင်ကြသည့် မီးသတ် တပ်ဖွဲ့ဝင်များ၏ စွမ်းပကားကိုလည်း တွေ့မြင်ရသည်။ သူတို့ကား တပ်မတော်နှင့်လက်တွဲ၍  လမ်းပန်းဆက်သွယ်ရေးနှင့် မိုးထဲလေထဲတွင် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ကြရသည်။ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသောသစ်ပင်ကြီးများ၊ သစ်ကိုင်းများ၊ ပိတ်ဆို့အတားအဆီးများ၊ ပြိုကျပျက်စီး ခေါင်မိုးလန်နေသော အဆောက်အအုံများနှင့် အတားအဆီးများစွာကို  ဖယ်ရှားရှင်းလင်းရသည်။ နေအိမ်များကို ပြန်လည်ပြုပြင်၊ အိမ်မိုးသွပ်များ ဝေငှလဲလှယ်ခြင်းများ  ဆောင်ရွက်ပေးရသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ဘိုးဘွားရိပ်သာများ၊ ဆေးရုံများကို သန့်ရှင်းရေးဆောင်ရွက်ပေးကြသည်။ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေကြရသည်။ မီးသတ်၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်စသည့် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံ့ဝန်ထမ်းများ၏ အင်နှင့်အားနှင့် ဘေးဒဏ်သင့် ဒေသများဆီ အရောက်သွား၍ တစ်ရက်တစ်ပတ်တည်းလည်းမဟုတ်၊  နေ့စဉ်၊ လစဉ်များစွာ အပင်ပန်းခံ၍ လုပ်ကြကိုင်ကြရသော ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပေါ်  လေးစားဂုဏ်ယူရပါသည်။ 

ဆက်သွယ်ရေးလိုင်းများ တာရှည်မပြတ်တောက်အောင် ကြိုးစားပြင်ဆင်ကြရသည်။ ဓာတ်တိုင်တွေမှာယူ၊ ပြန်ထူ၍ အမြန်ဆုံး မီးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ မီးပြတ်၍မရသည့် ဆေးရုံများအတွက် မီးစက်ကြီးများဖြင့် မီးပေးနေရသည်။ ပျက်စီးသွားသော ဆေးရုံများကို အမြန်ပြုပြင်ပေးရသည်။ လေယာဉ်ခရီးစဉ်များ မပြတ်စီစဉ်ပေးခြင်းဖြင့် သယ်ယူပို့ဆောင်ရေး အဆက်မပြတ်အောင်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အများပြည်သူအများဆုံး သုံး လမ်း၊ တံတားများကိုလည်း ဦးစားပေးပြန်လည်ပြင်ဆင်နေကြရသည်။ စိုက်ပြီး နွေစပါးရိက္ခာများ  မထိခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရသည်။ သံဃာတော်၊ သီလရှင်များအတွက်လည်း ဆွမ်းဆန်တော်မပြတ်စေရ၊ မလစ်ဟင်းရန် စီမံရသည်။  လူထုအတွက် ထမင်းထုပ်များ၊ သောက်သုံးရေများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ဝေငှကြရသည်။ အချို့ဒေသများတွင်  သဘာဝဘေးနှင့်အတူ ရပ်ရွာသာရေး၊ နာရေး၊ လူမှုရေးလုပ်ငန်းများကို ကြိုတင်ဖွဲ့စည်းစုစည်း ထားသော ပရဟိတကွန်ရက်များ၏ အားကိုယူ၍ လျင်လျင်မြန်မြန်၊ ထိထိရောက်ရောက်၊  စည်းစည်းလုံးလုံး ဆောင်ရွက်နေကြသည်ကိုလည်း  သတိထားမိသည်။  

ဒုက္ခရောက်သူအပေါ် ပြည်တွင်းပြည်ပ စာနာအလေးထားသူများ

ဒုက္ခရောက်သူ မိမိတစ်ဦးတည်းကား မဟုတ်ပါ။ မိမိပတ်ဝန်းကျင်သည်ပင် မိမိအတွက်  ခွန်အားတစ်ခုဖြစ်သည်ကို ဘယ်တော့မှမမေ့ပါနှင့်။ မိမိခံစားချက်ကို အလေးထားစာနာသူ  ကိုယ့်ပတ်ဝန်းကျင်မှာ များစွာရှိပါသည်။ ဘေးဒဏ်သင့် ပြည်သူများအတွက် အလှူငွေများ၊  ပစ္စည်းများ လှူဒါန်းနိုင်ရန် နိုင်ငံတော်က ဆက်တိုက်နှိုးဆော်လျက်ရှိပြီး တပ်မတော်အပါအဝင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အများပြည်သူ စေတနာအလှူရှင်များ၏ သဒ္ဓါတရားအပြည့်ဖြင့်  ရက်ရက်ရောရော လှူဒါန်းမှုများကို  နေ့စဉ်ရက်ဆက်  တွေ့မြင်နေရပါသည်။

ပြည်ပမှဆိုလျှင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက အစောဆုံးလှူဒါန်းခဲ့သော အလှူငွေနှင့်  အသင့်စားရိက္ခာထုပ်များ လှူဒါန်းမှုအပေါ် သာဓုခေါ်မိသည်။ ပြည်တွင်းအင်အားသာမက ပြည်ပအင်အားနှင့် ပြင်ပအကူအညီများကလည်း မိတ်ဆွေကောင်းပီသပုံများကို ပြသနေပြန်သည်။ ယခုဖြစ်စဉ်ကြီးမှာ မိတ်ဆွေ အိန္ဒိယရေတပ်ရေယာဉ် လေးစင်းဖြင့် တန်ချိန်များစွာသော  ကူညီကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာသည့်အတွက်လည်းကောင်း၊ တရုတ်ယူနန်ပြည်နယ်  အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက ဆေးဝါးနှင့်စားသောက်ကုန်များ အပါအဝင်  တရုတ်ယွမ်ငွေ တစ်သိန်းခန့် လှူဒါန်းခဲ့သည့်အတွက်လည်းကောင်း ထိုအရေးပေါ်  အကူအညီများသည်  မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် ခွန်အားများဖြစ်စေသလို  အဝေးမှအလှူရှင်များ၏ တကယ့်စိတ်ကောင်းစေတနာများကို လေးစားတန်ဖိုးထားမိပါသည်။

ရုပ်ရှင်၊ ဂီတအနုပညာရှင်များကလည်း ပျက်စီးဆုံးရှုံးမှုများကြောင့် စိတ်ဒုက္ခရောက်နေသည့်  ညီအစ်ကို၊ မောင်နှမ ရခိုင်သွေးချင်းများဆီ စိတ်ဓာတ်ရေးရာအရ ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးကြပြီး ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် လှူဒါန်းကြသည်မှာ ပြည်သူကို  အလုပ်အကျွေးပြုခြင်း တစ်မျိုးပင်ဖြစ်သည်။ သူတို့ကား ဘေးဒုက္ခကြုံတိုင်း၊ ဒုက္ခရောက်သည့် အချိန်တိုင်းမှာ ဒုက္ခခံစားနေရသူများထံ အရောက်သွားခဲ့ကြသည့် အစဉ်အလာကြီးခဲ့သူများ ဖြစ်သည်။ ထိုပုံရိပ်များကား အများသူငါ ဝမ်းမြောက်ရာ လေးစားဖွယ်ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါတော့သည်။

လူမျိုး၊ ဘာသာ၊ ကာလာ ဘာမှ မခွဲခြားပါ

အင်အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းအမျိုးအစားဖြစ်၍ ထိုက်သင့်သော အပျက်အစီး  ဆုံးရှုံးမှုများကား ရှိနေမည်သာဖြစ်သည်။ မုန်တိုင်းမဖြစ်အောင် ကြိုတင်မကာကွယ်နိုင်သော်ငြား  ထိခိုက်ပျက်စီးမှု၊ ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်စီမံထားသည်ဖြစ်၍ ပျက်စီး ဆုံးရှုံးနိုင်မည့် ခန့်မှန်းပမာဏထက်တော့ နည်းပါးသည်ကို တွေ့ရသည်။ မုန်တိုင်းမဝင်မီရော ဝင်ပြီးကာလမှာပါ ဘေးဒဏ်သင့် မည်သူကိုမဆို ကိုယ့်သွေးချင်း သားချင်းပမာ လူမျိုး၊ ဘာသာ၊  ကာလာမခွဲ လူသားချင်း စာနာစိတ် အပြည့်ထား၍ ကူညီလျက်၊ ကယ်ဆယ်လျက်၊  ထောက်ပံ့လျက်ပင် ဖြစ်သည်။ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးဟူသည် အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ရသည်ဖြစ်၍ အားလုံးပူးပေါင်းပါဝင်မှုက အရေးကြီးဆုံးဖြစ်သည်။ ကယ်ဆယ်သူ၊  ကူညီထောက်ပံ့သူဘက်က အားထည့်ပါဝင်သည့်နည်းတူ ဘေးဒဏ်သင့် တိုင်းရင်းသားပြည်သူများ၏  ပူးပေါင်းပါဝင်လိုစိတ်နှင့် အသိစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ဆောင်ရွက်မှုများကလည်း  အောင်မြင်မှုသော့ချက်များထဲက တစ်ခုဖြစ်သည်။ သဘာဝဘေးအန္တရာယ်သင့်ပြီး ဒေသများတွင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းဟူသည် ထောင့်စုံဘက်စုံမှ ဆောင်ရွက်ရသည်ဖြစ်၍ စီမံခန့်ခွဲ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းများ စနစ်တကျဖြစ်ရန် အလွန်အရေးကြီးလှသည်။ ဆင့်ကဲဆင့်ကဲစုဖွဲ့မှုဖြင့်  စစ်ဆင်ရေးတစ်ခု ဆင်နွှဲသည့်ပမာ မပြတ်ကြပ်မတ် ကွပ်ကဲနေရသည်။

သဘာဝဘေးအန္တရာယ်ဟူသည် ရှောင်လွှဲ၍မရ၊ ရင်ဆိုင်တုံ့ပြန်ရမည်သာဖြစ်သည်။ ဖြစ်ချိန်တန်ဖြစ်၍ ပျက်ချိန်တန်ပျက်သည့် လောကဓံသဘောပင် ဖြစ်ပါသည်။ လောကဓံသဘောက မိမိ၏ ခံနိုင်ရည်အပေါ် များစွာမူတည်ပါသည်။ အရာရာဘာမှမမြဲတာဖြစ်၍ အားမငယ်ကြရန်နှင့်  အရေးကြုံက အားပေးကူညီကြရန် အသင့်ရှိနေခြင်းသည်ပင် တိုင်းရင်းသားအားလုံး၏ စိတ်ကောင်း စေတနာနှင့် မြန်မာအချင်းချင်း ရိုင်းပင်းကူညီသည့် မိသားစုစိတ်ဓာတ် ဖြစ်ပါသည်။ ဒုက္ခရောက်ရသူ  တစ်ယောက်မကျန် မည်သူ့ကိုမှ ဖယ်ကြဉ်ထား၊ ပစ်ထားမည်မဟုတ်ဘဲ ပြည်သူအားလုံးက ကူညီပေးကြမည်သာဖြစ်၍ စိတ်ပျက်၊ စိတ်ဓာတ်ကျစရာ မလိုပါ။ ပျက်လျှင် ပြင်ရသည်၊  ခဏတာပဲလေ၊ မူလထက် ပိုကောင်းသည့် အသစ်ကို ပြန်ရကြမှာပါပဲ ဆိုသည်ကို  အလေးအနက်ထားသင့်သည်။

သဘာဝဘေးဒဏ်ခံ ခေတ်မီမြို့ပြ အိမ်ရာများ၊ စက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်သွယ်မှု၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ လူမှုဘဝများ ယခင်ထက်ပိုမိုဖွံ့ဖြိုးလာမှာ မြင်ယောင်နေပါသည်။

အသက်ရှင်ရေးသည် ပထမ၊ ဘဝတွေ ရှင်သန်ရပ်တည်ရေးသည်လည်း ပထမဟူ၍  ခံယူထားသည့်အတွက် လတ်တလောပြင်ဆင်ရေးမှသည် ရေရှည်ပြန်လည် ထူထောင်ရေးအတွက်ပါ  ကြိုတင်စဉ်းစား ပြင်ဆင်ထားပြီးဖြစ်၍ ဘေးသင့်ပြည်သူများ၏ မျှော်လင့်ချက်များ  အသေအချာပြည့်ဝလာမည်မှာ မလွဲပါ။ အဆိုးထဲကအကောင်း၊ အရှုံးထဲကအမြတ်ဟူ၍သာ  မှတ်ယူစေချင်သည်။ အားနည်းချက်တွေကို သင်ခန်းစာယူတတ်လျှင် အားသာချက်များဖြစ်လာမှာ  သေချာပါသည်။ စိန်ခေါ်မှုများကို ရင်ဆိုင်လျက် အခွင့်အလမ်းကောင်းများကို  ရှာဖွေရမည်သာ ဖြစ်သည်။ 

ယုံကြည်ချက်တော့ရှိစေလိုပါသည်

ယခုလိုအခြေအနေမျိုးတွင် မတူကွဲပြား၊ အရောင်ကွဲများကြားမှာ တူတာတွေစုစည်းမိပြီး အတူလက်တွဲလုပ်ကိုင်သွားမည်ဆိုလျှင် စည်းလုံးညီညွတ်မှု အခွင့်အလမ်းတစ်ခုကို ပြန်လည်ရရှိ နိုင်ပါသည်။ အဓိကအချက်က အကောင်းမြင်ပေးရန်ပင် ဖြစ်သည်။ အကောင်းမြင်စိတ်ဖြင့် ကြိုးစားမှုက  ခံနိုင်ရည်ကို တိုးစေပြီး ညီညွတ်ခြင်းက ပျက်စီးထိခိုက်မှုကို နည်းစေပါသည်။

ယခုလို အခက်အခဲအကျပ်အတည်းကာလတွင် အားလုံး၏စည်းလုံးမှုကိုရယူ၍ စိတ်ဓာတ်မကျဘဲ  စိတ်ဓာတ်ကောင်းကောင်း၊ ဝီရိယကောင်းကောင်းဖြင့် အားထည့်ကြိုးစားပါက အချိန်တန် ပြန်လည်ရုန်းထွက်၊ နိုးထနိုင်မှာ သေချာပါသည်။ တစ်နိုင်ငံလုံးကလည်း သူတို့၏ ချစ်ခြင်းမေတ္တာများကို ပေးပို့မျှဝေပြီးသား ဖြစ်ပါသည်။ တည်တည်ငြိမ်ငြိမ်ဖြင့် ကြိုးစား၍  ကျော်ဖြတ်နိုင်ကြပါစေ၊ ဝိုင်းဝန်းကူညီပံ့ပိုးမှုအားဖြင့် အားထည့်၍ ပြန်လည်တည်ဆောက်ကြပါစို့ ဟူ၍သာ။      ။  

မိုးကေနိုင်

Post a Comment

Previous Post Next Post