ကဆုန်လပြည့်နေ့

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ဘုရားလောင်းတော် သုမေဓာရသေ့သည် ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက်ဂေါတမဘုရားစင်စစ်ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသည့်နေ့သည် ကဆုန်လပြည့်နေ့ဖြစ်ပြီး ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ဖွားမြင်သောနေ့သည် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရားလောင်းတော် ဗောဓိပင်အောက်တွင် ဘုရားဖြစ်တော်မူသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၊ ဂေါတမဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့သည် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်ရာ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဟူ၍ မှတ်သားကြသည်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ဗောဓိပင်ညောင်ရေသွန်းပွဲနှင့်အတူယှဉ်တွဲကာ ဗုဒ္ဓဘာသာနိုင်ငံတို့တွင် တခမ်းတနား ကျင်းပလျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်သည် ၁၂ လရာသီပွဲတော်များအနက်မှ ရာသီပွဲတစ်ခုပင်ဖြစ်ပြီး ကျောက်စာအထောက်အထားများအရ ပုဂံခေတ်တွင်ပင်ကျင်းပနေပြီဖြစ်သည်။ ရှေးခေတ်ညောင်ရေသွန်းပွဲတော်များတွင် ဘုရင်နှင့်တကွ မင်းညီမင်းသား၊ မှူးမတ်များအပါအဝင် ရွှေမြို့တော်ကြီးအတွင်းအပြင် အများပြည်သူတို့ နှစ်စဉ်ကျင်းပမြဲဖြစ်၍ ခမ်းနားကြီးကျယ်လှသည်ကိုလည်း စာပေအထောက်အထားများတွင် တွေ့ရှိနိုင်သည်။
မျက်မှောက်လူသားကမ္ဘာတွင် မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အားကြီးသူက အားနည်းသူအပေါ် အနိုင်အထက်ပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ညှဉ်းပန်းခြင်း၊ မနာလိုမုန်းတီးခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်မျက်မြင်ဒိဋ္ဌ ပြင်ပမီးတို့ တညီးညီးတောက်လောင်နေရခြင်း၏ အရင်းခံမှာလောဘ၊ ဒေါသ၊ မောဟဟူသော အတွင်းမီးတို့ကြောင့်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ခြင်းသည် လောကကောင်းကျိုး၊ လူသားတို့၏ကောင်းကျိုးအတွက် ဖြစ်သည့်အလျောက် ဗုဒ္ဓဝစနဘုရားရှင်၏ အဆုံးအမတို့ကို လိုက်နာကျင့်ကြံခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီနှင့်တကွ လူသားကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းသာယာနိုင်ပါစေကြောင်း။
🙏🙏🙏🙏🙏🙏🙏🙏🙏

Post a Comment

Previous Post Next Post