🔹မနေ့က ကိုယ်နဲ့ တရင်းတနှီးရှိလှပြီး ခင်မင်ရတဲ့ အသိမိတ်ဆွေတစ်ယောက်နဲ့တွေ့တဲ့အခါ တပ်မတော်က ဘယ်ချိန်အထိ မြန်မာ့ နိုင်ငံရေးမှာ ဝင်ပါနေဦးမလဲဆိုပြီး ကိုယ့်ကို မေးတယ်။ အကြောင်းတရားတွေ အများကြီး ရှိနေပေမယ့် မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးသမားစစ်စစ်ဆိုတဲ့ အင်စတီးကျူးရှင်းတွေ အားမကောင်းသရွေ့တော့ တပ်မတော်က ဝင်ပါနေဦးမှာပဲလို့ အတိုချုံး ပြောပြဖြစ်ခဲ့တယ်။
🔹မြန်မာ့နိုင်ငံရေးသမားတွေ အများစု လွဲချော်နေတဲ့ အဓိက အမှားကြီး တစ်ခုက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာကြီးကို ခေတ်အဆက်ဆက် ကနေ လက်ရှိအချိန်အထိ လစ်လျူရှုထားနေတာက အဓိက မဟာ အမှားကြီးပဲ။ ခုခေတ် လူငယ်တွေလည်း ဒါကို သိဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာက လက်နက်ကိုင်အင်အား အနိမ့်ဆုံး သောင်းဂဏန်းလောက်ရှိတဲ့ EAOs တွေကို ရင်ဆိုင်ဖို့ ဗဟိုအစိုးရဆီမှာခိုင်မာ အားကောင်းတဲ့ တပ်မတော် တရပ် ရှိဖို့လိုအပ်တယ်။ ဒါမှ နိုင်ငံရေးအကြောင်းဆွေးနွေးကြတဲ့အခါ အဆင်ပြေလိမ့်မယ်။
🔹အဲလိုမဟုတ်ဘဲ တပ်မတော်ကို ရန်သူအဖွဲ့အစည်းတစ်ခုလို ထင်မြင်ပြီး ထိပ်တိုက်တွေ့နေသမျှကာလပတ်လုံး မြန်မာ့နိုင်ငံရေးဟာ လုံးခြာလိုက်နေမှာပဲလို့ ပြောပြဖြစ်ခဲ့တယ်။ အမေရိကန်မှာဖက်ဒရယ်စနစ် ဖြစ်လာတာဟာ ဒီလိုသဘောသဘာဝမျိုးပဲ။ ပြည်နယ်တွေမှာ ကိုယ်ပိုင်တပ်ဖွဲ့တွေရှိပြီး ဗဟိုအစိုးရမှာ တပ်ဖွဲ့မရှိတဲ့အခါ အခြေခံဥပဒေပြင်ဖို့ကြိုးစားလာခဲ့ကြတာဟာ အမေရိကန် ရဲ့ဖက်ဒရယ်သမိုင်းဖြစ်စဉ်အခြေခံပဲ။
🔹တကယ်တော့ တပ်မတော်မှာလည်း သူ့ရဲ့ ခိုင်မာတဲ့ အိုင်ဒီယိုလောဂျစ်ကယ် ရှိတယ်။ သူ့ရဲ့အဓိက ရည်ရွယ်ချက်ဟာ ဒို့တာဝန် အရေး (၃)ပါးကာကွယ်ဖို့ပဲ။ အစိုးရတွေဟာ ရွေးကောက်ပွဲ အရ ဘယ်ပါတီဖြစ်နေပါစေ နိုင်တဲ့သူတက်လာမယ်ဆိုတာ တပ်မတော်က ကြိုမှန်းထားပြီးသားပဲ။ ဒါပေမဲ့ တက်လာတဲ့ အစိုးရက မူဝါဒ တမျိုးပြောင်းတိုင်း တပ်မတော်က မိအေး (၂)ခါ နာရမဲ့ အဖြစ်ကို မရင်ဆိုင်လိုတော့ဘူး။ ဆိုကြပါစို့။ NLD အစိုးရဖြစ်တဲ့ကာလမှာ AA ကို တိုက်ဖို့ အစိုးရကပဲ အမိန့်ပေးပူးပေါင်းခဲ့တာမျိုးရှိခဲ့တာပဲ။ အဲ့လိုအဖြစ်ကြုံတဲ့အခါ တပ်ဟာ အရင်အစိုးရကာလတုန်းက ပေါ်လစီတမျိုး၊ ခုလက်ရှိအစိုးရမှာ ပေါ်လစီ တမျိုး စသဖြင့် အမျိုးမျိုး ရင်ဆိုင်နေရတော့တယ်။
🔹ပိုဆိုးတာက မြန်မာ့နိုင်ငံရေးသမား စစ်စစ်တွေကို လက်ညိုးထိုးပြပါဆိုပြန်ရင်လည်း ဆန္ဒပြပွဲမှာ ပါလို့အဖမ်းခံရရင်းနဲ့ နိုင်ငံရေးသမားဘွဲ့ကို ခံယူကြတဲ့သူတွေက ခပ်များများရယ်။ နိုင်ငံရေးစနစ်ကို သိတတ်နားလည်း တတ်ကျွမ်းလို့ ဦးဆောင်နေတာမျိုးက အတော်လေးရှားသလို နိုင်ငံရေးအကြောင်း ပြောပါ ဆိုရင်လည်း တပ်မတော် ကို တိုက်ခိုက်ပြီး လက်ခုပ်ယူရတာကို "နိုင်ငံရေး"လို့ ထင်နေကြတာဟာ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုအတွက် အတော်လေး ဆိုးတဲ့ ဖြစ်စဉ်မျိုးပါပဲ။
🔹တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးသမျှ ကာလပတ်လုံး တပ်မတော်ကို နိုင်ငံရေးသမားတွေက ကာဗာယူပြီး လက်တွဲ ဖြေရှင်းရမယ်ဆိုတဲ့ အခြေခံအသိလောက်တော့ ရှိထားသင့်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း အိမ်နီးချင်း ထိုင်းလူမျိုးတွေရဲ့ နိုင်ငံရေး ရေချိန်လောက် အသိပညာပြည့်ဝရင်ကို နိုင်ငံဟာ ခုလို ဆိုးဆိုးဝါးဝါးဖြစ်မှာမဟုတ်ဘူး။
🔹ထိုင်းဟာ ကမ္ဘာပေါ်မှာ အာဏာသိမ်းမှုအရေအတွက် အများဆုံးနိုင်ငံတစ်ခုဖြစ်တယ်။ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်လို့ ပြည်တွင်းမှာရှိတဲ့ ဘယ်ပါတီ ၊ဘယ် အတိုက်အခံကမှ နိုင်ငံစီးပွားရေး တန့်သွားအောင်၊ ရင်းနှီးမြုပ်နှံမှုတွေ ဝင်မလာအောင် ၊ အစိုးရ ရုံးအဆောက်အဦတွေကို မီးရှို့ဖျက်စီး ဗုံးခွဲတာတွေ မလုပ်ကြဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးကို သူတို့ ကောင်းကောင်းခွဲခြားနားလည်နိုင်စွမ်းရှိကြသလို အာဏာသိမ်းစစ်တပ်အတွက် အာဏာရယူရနိုင်စေတဲ့ ဘယ်လိုအကြောင်းတရားမျိုးကိုမှ မဖန်တီးကြဘူး။
🔹အကောင်းဆုံးကတော့ မြန်မာ့နိုင်ငံရေးစနစ်မှာ နိုင်ငံရေးသမားစစ်စစ်တွေ ခိုင်မာ အားကောင်းလာတဲ့ အချိန်မှာတော့ တပ်မတော်နဲ့ နားလည်မှု ရှိရှိ အဆင်ပြေပြေ ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်မိတာပါပဲ။ မြန်မာ့တပ်မတော်ဟာ သူများနိုင်ငံတွေကလို ကြေးစားတပ်မတော်မဟုတ်ဘူး။ မဖြစ်မနေ ဝင်ခိုင်းတဲ့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တပ်မတော်လည်း မဟုတ်ဘူး။ မြန်မာ့နိုင်ငံရေး သမားတွေအနေနဲ့ မြန်မာ့တပ်မတော်ဆိုတာ လွတ်လပ်ရေး အခြေတည်ကတည်းက အလွှာအတန်းမျိုးစုံ ၊ အဖွဲ့အစည်းပေါင်းစုံကနေ ဝင်ရောက်လာခဲ့ကြ၊ ဖွဲ့စည်းတည်ထောင်ထားခဲ့ကြတဲ့ "မျိုးချစ်တပ်မတော်"ဆိုတဲ့ သန္ဓေကို မမေ့ဖျောက်ပစ်ဖို့လိုပါတယ်။ ခုလက်ရှိ ဖြစ်နေဆဲဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင်တွေ ချုပ်ငြိမ်းသွားတဲ့တနေ့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်အနေနဲ့ ဆက်ပြီးနေချင်ပါတယ်ဆိုရင်တောင် နေလို့မရနိုင်ပါဘူး။
ဒါပေမယ့်.....ဒီမိုကရေစီတိုက်စေးရှင်းလို့ အော်ပြီး ကိုယ့်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကို မလေ့လာမသုံးသပ်ဘဲ အခြားပုံစံတူ ဒီမိုကရေစီစနစ်မျိုးကို အတင်းပြောင်းလဲ ချင်လို့ မရဘူးဆိုတာ လူငယ်တွေရော၊ နိုင်ငံရေးသမားတွေပါ သဘောပေါက်ထားရမှာဖြစ်ပါတယ်။
#ဖိုးစီ
Post a Comment