ပတ်ဝန်းကျင်ရှုထောင့်စုံက ဘယ်အာရုံလာလာ၊ ကမ္ဘာကြီးရဲ့ဘယ်နေရာက ဘယ်လိုအရာတွေ ရိုက်ခတ်သည်ဖြစ်စေ အကြောင်းအကျိုး၊ အဆိုးအကောင်း ခွဲခြားစိတ်ဖြာဝေဖန်နိုင်မှုကို ပေးနိုင်စွမ်းတာလည်း ပညာပါပဲ။ အနာဂတ်ခရီးလမ်းကို ချောမွေ့စေမယ့် ပတ်စ်ပို့တစ်ခုအဖြစ် ပညာကို တင်စား နိုင်သလို ယနေ့အချိန်မှာ ကြိုတင်ပြင်ဆင်မှု အားကောင်းသူတွေသာလျှင် အနာဂတ်ကို ပိုင်ဆိုင်ကြပါလိမ့်မယ်။ မိမိ ကိုယ်မိမိပြောင်းလဲနိုင်တာ၊ မိသားစု လူ့အဖွဲ့အစည်းကို၊ နောက်ဆုံးကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီးကိုတောင်ပြောင်းလဲပေး နိုင်တာကပညာတည်းဟူသော လက်နက်စွမ်းပကားသာလျှင် ဖြစ်ပါတယ်။
ဒီလို ပညာရဲ့စွမ်းအားတွေကြောင့် လောကကြီးဟာ တရားမျှတမှုနဲ့အတူ အလှတရားတွေရှိလာပါတယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်မှုကြောင့် အမှား လည်းကင်းလာသလို အမှီကင်းကင်းနဲ့ ရပ်တည်ချက်ကြောင့်လည်း စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာပါလိမ့်မယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းသာယာမှု ကင်းမဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာ ကောင်းတာနဲ့မကောင်းတာကို ကွဲကွဲပြားပြားခွဲခြား တတ်သူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ပဋိပက္ခကို မှန်မှန်ကန်ကန်သုံးသပ် ဖြေရှင်းနိုင်စွမ်းသူတွေ နည်းပါးလာတာ ကြောင့်လို့ဆိုပါတယ်။ အဲဒီသုံးသပ်ချက်ပဲပညာရေးနဲ့ ငြိမ်းချမ်းခြင်းရဲ့ ဆက်စပ် မှုသဘောတရားကို ပြသနေတာလို့ ယူဆရမှာဖြစ်ပါတယ်။
ပညာအခြေခံလူ့စွမ်းအား အရင်းအမြစ်ဖြင့်သာ
မြင်ကွင်းကျယ်ကျယ်နဲ့ လှပတဲ့အနာဂတ်တစ်ခုကို ပုံဖော်လိုရင် ပညာအခြေခံတဲ့ လူ့စွမ်းအားအရင်းအမြစ်တစ်ခုကို မလွဲမသွေတည်ဆောက်ရပါ လိမ့်မယ်။ ပညာအခြေခံအုတ်မြစ် မခိုင်မာတဲ့နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဘယ်လိုမှဖွံ့ဖြိုးတိုးတက် လာစရာအကြောင်းမရှိပါဘူး။
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအရှိတရားကိုပဲ လေ့လာကြည့်ပါ။ အားကိုးထိုက်တဲ့ အသိအတတ်ပညာရှင် များစွာလိုအပ်နေတဲ့ အခြေအနေတစ်ရပ်ကို တွေ့မြင်နေရပါတယ်။ အခုကာလဟာ ဘာသာတရားကို အခြေခံပြီးနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အမျိုးသားရေးစရိုက် လက္ခဏာတွေကို ခက်ခက်ခဲခဲပြန်လည်ပြုပြင် တည်ဆောက်ရမယ့် အနေအထားတစ်ရပ်မှာ ရောက်ရှိနေပါတယ်။
အပြန်အလှန် လေးစားတတ်မှု၊ နားလည်ပေးနိုင်မှု၊ ကြင်နာသနားတတ်မှု၊ နာခံတတ်မှု၊ စိတ်ထားတတ်မှု၊ အကောင်းမြင်မှု စတဲ့လိုအပ်ချက်တွေအတွက် မှန်ကန်တဲ့အသိအမြင်တွေ ပေးဖို့၊ ရယူဖို့ များစွာလိုအပ်နေပါတယ်။ အသိအလိမ္မာ အားနည်းမှုနဲ့အတူ အကောင်းအဆိုး၊ အကြောင်းအကျိုး ဆန်းစစ်ဝေဖန်နိုင်စွမ်းမရှိခြင်းရဲ့ သက်ရောက်မှုတွေကို အားလုံးခံစားနေ ကြရပါတယ်။ ယနေ့ကြမ်းတမ်း ခက်ထန်မှုတွေ၊ ပူလောင်မှုဒဏ်ရာ ဒဏ်ချက်တွေဟာ ပညာမပြည့်ဝခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။
အတတ်ပညာအပြင် အသိပညာကိုပါ မှန်မှန်ကန်ကန်နဲ့စနစ်တကျ ဖြည့်ဆည်းပေးနိုင်မှသာ စဉ်းစားဉာဏ် ရင့်သန်ပြီး ထက်မြက်တဲ့အတွေးအခေါ် နဲ့အတူ ဆင်ခြင်တုံတရားရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်များစွာ ထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ အခမဲ့ပညာသင်ကြားနိုင်ခွင့်ကို အပြည့်အဝ လက်လှမ်းမီစေမယ့် ပညာသင်ကြားခွင့် ဆိုတဲ့အခွင့်အလမ်းကောင်းကို အားလုံး ရရှိအောင် ပေးဆောင်နိုင်ခြင်းရှိရပါမယ်။ အခုမျိုးဆက်အတွက်သာမက နောင်မျိုးဆက်တွေအထိပါ လှမ်းမျှော်ကြည့်ပြီး သင်ယူသူဘက်ကနေ သင်ယူလိုစိတ် တွေဖြစ်နေအောင် မပြတ်နှိုးဆွပေးနိုင် စွမ်းရှိနေရပါမယ်။
Post a Comment