စိတ်ဓာတ်ကျခြင်းကို ဘယ်လို တိုက်ထုတ်ကြမလဲ ...?




တစ်ခါတစ်လေမှာ အလိုလိုနေရင်း အလုပ်မှာမပျော်မရွှင် စိတ်က လေးလံ ထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျဆင်းနေတာမျိုးကို လူတိုင်းနီးပါး ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလို စိတ်ဓာတ် ကျတာမျိုးကို ကြုံရတတ်ပါတယ်။
   စိတ်ဓာတ်ကျတာ (Depression) ကို အမျိုးအစား ၉ မျိုးအထိ ခွဲခြားထားပါတယ်။ ပုံမှန်အားဖြင့် ဝမ်းနည်းကြေကွဲမှုတွေ၊ ပုံမှန်လူနေမှုဘဝတွေနဲ့ ရက်သတ္တပတ်နဲ့ချီပြီး ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေပြီလို့ မှတ်ယူတတ်ကြပါတယ်။
   ဒါ့အပြင် လူတစ်ယောက် Depression ဝင်နေပြီဆိုရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာမျိုးအပြင် တန်ဖိုးမဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးလည်း ခံစားလာရမှာဖြစ်ပါတယ်။
   အဆိုးဆုံးအခြေအနေမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ပါ ကြိုးပမ်းလေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ Depression ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ရည်မှန်းချက်ကြီးကြီး ခြေလှမ်းသေးသေး
==========================

   လူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အထူးသဖြင့် ဖိအားပေါင်းစုံနဲ့ နေ့စဉ်ဘဝမှာ ရုံးကန်နေရသူတွေ၊ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ ရုံးကန်နေရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ Depression ဟာ လူတစ်ယောက်ရဲ့ ခွန်အား၊ စိတ်အားတက်ကြွမှုနဲ့ စိတ်ခံစားချက်တွေကို ဟာလာဟင်းလင်းဖြစ်သွားအောင် လုပ်ပစ်မှာဖြစ်ပါတယ်။
   ပြီးတော့ ဒီဝေဒနာဟာ ဝုန်းဒိုင်းဆိုပြီး ချက်ချင်း ပျောက်ကွယ်သွားမယ့် ဝေဒနာမျိုးလည်း မဟုတ်ပါဘူး။ ကျကျနနပြင်ဆင်ကုစားမှုမလုပ်ရင် အကြိမ်ကြိမ်ပြန်လည် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ခြေလှမ်း သေးသေးလေးတွေကနေ စတင်ရမှာဖြစ်ပါတယ်။
မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ စိတ်ခွန်အားမြင့်မားအောင်ပြုလုပ်တာက ခံစားနေရတဲ့ စိတ်ဓာတ်ကျခြင်းဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ပိုပြီးသက်သောင့်သက်သာ စိတ်ခံစားချက်မျိုးကို ခံစားရစေနိုင်ပါတယ်။ ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်း တချို့ရှိပါတယ်။
အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းမှုကို လက်တွေ့ထိရောက်စွာ တိုက်ထုတ်နိုင်မှာပါ။

၁။ ပုံမှန် အချိန်ဇယား သတ်မှတ်ပါ
=======================
တကယ်လို့ စိတ်ဓာတ်ကျနေပြီဆိုရင် ဘာမှမလုပ်ဖြစ်ဖို့ အတော်ကို သေချာနေပါပြီ။ ဒါကြောင့် အချိန်ဇယားသတ်မှတ်ထားပြီး လုပ်ဖို့လိုအပ်တာတွေကို ဆက်ပြီးလုပ်နေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နေ့စဉ်လူနေမှုဘဝကို ထိခိုက်မှု လျော့ပါးသွားမှာဖြစ်သလို အလုပ်တစ်ခုပြီးမြောက်တိုင်း ခံစားရတဲ့ ကျေနပ်မှုက စိတ်ဓာတ်ကျဆင်းမှုကို တိုက်ထုတ်ရာမှာ အသုံးဝင်မှာဖြစ်ပါတယ်။


၂။ ရည်မှန်းချက်ထားပါ
=================
စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ သူဟာ ဘာမှမလုပ်နိုင်တော့သူ၊ သူဟာ အသုံးမကျသူ၊ စွမ်းဆောင်ရည်ညံ့ဖျင်းသူလို့ ယုံကြည်နေတတ်ပါတယ်။ ဒီခံစားချက်ဟာ နေ့စဉ်နေ့တိုင်း မိမိကိုယ်ကို ပိုပို စိတ်ပင်ပန်းဆင်းရဲစေပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ် ကိုယ်ပြီးမြောက်အောင်လုပ်မယ့် ရည်မှန်းချက်လေးတွေထားပြီး အမှန်တကယ် ပြီးမြောက်အောင် လုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။ ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။

၃။ လေ့ကျင့်ခန်းလုပ်ပါ
=================
လေ့ကျင့်ခန်းလုပ်တာဟာ ရုပ်ပိုင်းအတွက်ရော စိတ်ပိုင်းအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်အတွင်းက endorphins ဆိုတဲ့ ဓာတ်တွေကို ထုတ်လွှတ်ပေးပြီး ဒီဓာတ်က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်။ လေ့ကျင့်ခန်းတွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက လေ့ကျင့်ခန်းတွေကို ပင်ပင်ပန်းပန်းလုပ်ကိုင်နေတာမျိုးထက် ကိုယ်တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလုပ်ကိုင်တာမျိုးက ပိုသင့်လျော်ပါတယ်။


၄။ အာဟာရပြည့်ဝအောင်စားပါ
=======================

စိတ်ဓာတ်ကျဆင်းလာပြီဆိုရင် အစားစားချင်စိတ်လည်း လျော့ပါးလာပါတယ်။ အစားမစားတာဟာ ဝေဒနာကို ပိုဆိုးစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုလည်း ရင်ဆိုင်လာရစေမှာဖြစ်ပါတယ်။ အစားအသောက်ကို ဖွယ်ဖွယ် ရာရာနဲ့ အာဟာရပြည့်ပြည့်ဝဝစားဖြစ်အောင် ကြိုးစားကြည့်ပါ။ အာဟာရပြည့်ဝမှုဟာ ရုပ်ပိုင်းစိတ်ပိုင်းအခြေအနေတွေအားလုံးကို မြှင့်တင်ပေးနိုင်ပါတယ်။ omega-3 fatty acids နဲ့ folic acid ပါဝင်တဲ့ အစားအစာတွေဟာ Depression ဝေဒနာကို သက်သာလျော့ပါးစေနိုင်ပါတယ်။

၅။ အိပ်ရေးဝဝ အိပ်ပါ
================
စိတ်ဓာတ်ကျနေပြီဆိုရင် အိပ်ရခက်ခဲလာတတ်ပါတယ်။ အိပ်ရေးပျက်လေ စိတ်ဓာတ်ပိုကျလေပါပဲ။ ဒီလိုနဲ့ လုံးလည်ချာလည်လိုက်ပြီး အခြေအနေပိုဆိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ဖြစ်အောင် မဖြစ်မနေကြိုးစားရမှာ ဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ပြီး အစားအသောက်ကို အာဟာရပြည့်ဝစွာ စားသုံးပေးရုံနဲ့တင် ဝေဒနာကို ကောင်းကောင်း လျော့ပါးစေနိုင်ပါတယ်။

၆။ တာဝန်ယူမှုရှိပါ
==============
စိတ်ဓာတ်ကျနေရင် ဘာမှမလုပ်ချင်တော့ပါဘူး။ လုပ်လည်း မလုပ်ဖြစ်တော့တာ များပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ ပြဿနာပေါင်းစုံ ပျက်ကွက်မှု အသွယ်သွယ်ကိုလည်း ခေါင်းရှောင်တတ်လာကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေတိုင်းကို တာဝန်ယူဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါမှ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်ချင်စိတ် စိတ်လိုလက်ရ ပြန်လည်ပေါ်ထွက်လာမှာပါ။

၇။ အဆိုးမြင်စိတ်ကို စိန်ခေါ်ပါ
=======================
အဆိုးမြင်တတ်တဲ့ အတွေးတွေ၊ စိတ်နေသဘောထားတွေကို တွန်းလှန်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အရမ်းအဆိုးမြင်နေရင် ဝေဒနာကို တွန်းလှန်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ အဆိုးမြင်စိတ်ဓာတ်ကို စိန်ခေါ်ပြီး ငါဖြတ်ကျော်နိုင်တယ်၊ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးမွေးထားဖို့ လိုအပ်ပါတယ်။

၈။ ဆေးဝါးဓာတ်စာမမှီဝဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ
========================
တစ်ချို့က ဆေးဝါးတွေ ဓာတ်အာဟာရတွေ မှီဝဲဖို့ကို ပိုမိုစိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ဆေးဝါးမှီဝဲတာဟာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာမို့ ဒီလိုမလုပ်ခင် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အာဟာရဓာတ်စာပိုင်းမှာလည်း ဘယ်လိုအာဟာရဓာတ်မျိုးတွေကို ရွေးချယ်မှီဝဲရမယ်ဆိုတာကို ဆရာဝန်လမ်းညွှန်ချက်ယူဖို့ သင့်ပါတယ်။


၉။ အသစ်အဆန်းတွေ စမ်းကြည့်ပါ
=======================

စိတ်ဓာတ်ကျနေချိန်မှာ ပုံမှန်လုပ်နေကြ အလေ့အကျင့်တွေ ဝါသနာတွေက ရိုးပြီး ပျင်းစရာကောင်းနေတတ်ပါတယ်။ ဒါကြောင့် အသစ်အဆန်း ဝါသနာတွေ၊ ပညာရပ်တွေကို စမ်းသပ်သင့်ပါတယ်။ အရင်က လုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာတွေ လေ့လာစရာတွေကို ခုလိုအချိန်မျိုးမှာ အတိုးချလေ့လာသင့်ပါတယ်။

၁၀။ ပျော်အောင်နေပါ
================
စိတ်ဓာတ်ကျနေပါတယ်ဆိုမှ ပျော်မလားလို့ လူတွေက မေးခွန်းပြန်ထုတ်နိုင်ပါတယ်။ ဟုတ်ပါတယ် မပျော်လို့ စိတ်ဓာတ်ကျနေတာပါ။ ဒါပေမယ့် ပျော်အောင် ကြိုးစားရပါတယ်။ ဒီအပိုင်းဟာ ခက်ခဲပေမယ့် ဒီဝေဒနာကို ကျော်လွှားနိုင်ဖို့ အဓိက အချက်တစ်ခုဖြစ်ပါတယ်။ ပျော်ရွှင်မှုကသာ စိတ်ဓာတ်ကျခြင်းကို ကျော်ဖြတ်နိုင်စေမှာ ဖြစ်ပါတယ်။ ပျော်ရွှင်စေမယ့် နည်းလမ်းတွေကို စမ်းသပ်ပြီး လုပ်ကြည့်ပါ။ အနည်းဆုံး စိတ်သက်သာရာရနေမှာဖြစ်ပြီး ကိုယ့်ကိုတကယ်ပျော်ရွှင်စေမယ့် နည်းလမ်းတစ်စုံတစ်ရာကို တွေ့ပြီဆိုရင် ဒီဝေဒနာကို ကျော်လွှားနိုင်ဖို့ အလွန်နီးစပ်သွားမှာဖြစ်ပါတယ်။

စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ မှော်အစွမ်းနဲ့ တမဟုတ်ချင်းပျောက်ကင်းသွားနိုင်တဲ့ ဝေဒနာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြီး တိုက်ထုတ်ဖို့လိုအပ်ပါတယ်။ ရေရှည်စွဲကပ်လေ့ ရှိတဲ့ ဝေဒနာမျိုးဖြစ်သလို ပြန်လည်တွန်းလှန်ရာမှာလည်း ဖြည်းဖြည်းခြင်းနဲ့ မှန်မှန်ကျော်ဖြတ်ရမယ့် ဝေဒနာတစ်မျိုးဖြစ်ပါတယ်။


ဒါကြောင့် စိတ်ရှည်ဖို့လိုအပ်သလို ရေရှည်အကျိုးရှိမယ့် ရည်မှန်းချက်မျိုးထားပြီး ဖြေးဖြေးမှန်မှန်ကျော်ဖြတ်ဖို့လည်း လိုအပ်ပါတယ်။ ခြေလှမ်းသေးသေးလေးတွေနဲ့ စတင်ပြီး ရည်မှန်းချက်အကြီးကြီးဆီရောက်အောင်သွားပါ။ ဒီဝေဒနာကို ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်လိုက်ပါ။

Post a Comment

Previous Post Next Post