မော်တော်ယာဥ်တွေရဲ့ တန်ဖိုးဟာ ဘူဖောင်းတစ်လုံးရဲ့ ခံနိုင်ရည်အားထက် ကျော်လွန်ကာ
လေထိုးသွင်းထားသလို ဖြစ်နေပြီမို့ အချိန်မရွေး ပေါက်ကွဲပြီး ပိန်ရှုံ့သွားခဲ့ရင် ကားတစ်စီးအပေါ်မှာ ရပ်တည်မှု တစ်ခုပြုထားခဲ့ကြသူတွေ အလွန်နစ်နာနိုင်စရာတွေ ဖြစ်လာတော့မှာပါ။
စိုးရိမ်စိတ်တွေ ပူပင်သောကတွေနဲ့ လက်လှမ်းမီရာကို ရင်းနှီးမြှုပ်နှံလိုက်ပြီးတာနဲ့ လက်ရှိကားစျေးဟာ ဒီလိုလေးပဲ နေသွားလိမ့်မယ်လို့
တစ်ထစ်ချ ယူဆထားလို့မရနိုင်ပါဘူး။
လွန်ခဲ့သောအချိန်တွေက သင်ခန်းစာယူစရာတွေ
ရှိနေတာကို ပြန်သတိရဖို့ လိုပါတယ်။ ကားကိုဖြစ်စေ အိမ်နဲ့မြေတွေကိုဖြစ်စေ၊ မတန်တဆစျေးတွေပေးပြီး စျေးထောင်လိုက်ကြပါတယ်။ စျေးတက်ပြီဟေ့လို့ ဝမ်းသာအားရလက်လွှတ်လိုက်ချိန် အချိန်တစ်ခုအတွင်းမှာပဲ ထပ်ကာ ထပ်ကာ
စျေးတွေမြင့်တက်လာလေတော့ ရောင်းချလိုက်သူဟာ သူနစ်နာသွားပြီ၊ ရောင်းလိုက်တာစောသွားပြီလို့ ထင်ကောင်းထင်သွားပါလိမ့်မယ်။
ဒါပေမယ့် တကယ်နစ်နာပြီး အရင်းရှုံး/ဘဝပျက်မဲ့သူတွေကတော့ နောက်ပိုင်းမှာ ဝယ်မိတဲ့၊ သူများစားလို့ဝမှ ကိုယ့်လက်ထဲမှာ ပိုက်ဘောမိမယ့် သူတွေပါပဲ။
စီးပွားရေးကိုချယ်လှယ်နိုင်လောက်တဲ့အထိ ကျွမ်းကျင်စွာတတ်မြောက်ထားတဲ့ စီးပွားရေးသမားဟာ နိုင်ငံမတည်မငြိမ်ဖြစ်နေတဲ့အချိန် နိုင်ငံရေးအရ ဘာတွေဖြစ်လာမလဲလို့
ပြည်သူတွေက ခန့်မှန်းရခက်နေတဲ့အချိန်တိုင်း အိမ်၊ ခြံ၊ မြေနဲ့ မော်တော်ယာဥ်တွေကို စျေးကစားပြီး အချီကြီး အမြတ်ရှာလေ့ရှိကြပါတယ်။
အုပ်ချုပ်သူတွေဟာ ရွှေစျေးနဲ့ နိုင်ငံခြားငွေကိုသာ အနည်းငယ်ဝင်ရောက်ပြီး ထိန်းချုပ်လို့ရနိုင်ပြီး အိမ်၊ ခြံ၊ မြေနဲ့.မော်တော်ယာဥ်စျေးတွေကိုတော့ ဝင်ရောက်ချယ်လှယ်ဖို့ အဆင်မပြေနိုင်ပေမဲ့ မော်တော်ယာဥ်စျေးတွေကိုတော့ ပြောင်းပြန်လှန်ပစ်လို့ရနိုင်တာကို မမေ့စေချင်ပါဘူး။
ဒီအချိန်မျိုးမှာ အုပ်ချုပ်သူတွေအနေနဲ့ ဘာမှမလုပ်နိုင်တော့ဘူးလို့ နာမည်မပျက်ချင်တဲ့အခါ၊ စျေးမြင့်တက်မှုပါဝါကုန်သွားတဲ့အခါ သူတို့သိုလှောင်ထားတာမှန်သမျှကို.အကုန်ထုတ်ပြီးတာနဲ့ ကုန်ပစ္စည်း (သို့မဟုတ်) မော်တော်ယာဥ်တွေကို ပြည်ပကနေ.အလွယ်တကူတင်သွင်းခွင့်ကို ဖွင့်ပေးလိုက်ပါတော့တယ်။
ဒါနဲ့ပဲ နောက်ဆုံးလက်ဝယ်ဟာ ပိုက်ဘောလေးနဲ့
ငိုချင်းချရုံမှတစ်ပါး အခြားမရှိဖြစ်ခဲ့ကြတာဟာ
သမိုင်းနဲ့ချီပြီး သက်သေများစွာရှိခဲ့တာပါ။
*မဝေးခဲ့သေးသောတစ်ချိန် နံပါတ် အက္ခရာ (၄ဂ…) ထွက်ရှိချိန်လောက်က လိုင်စင်မဲ့ ဝစ်သောက်ကားတွေကို မည်သည့်မြို့နယ်၊ လိုင်စင်ရုံးတွေမှာမဆို အစစ်ဆေးခံပြီး အခွန်ဆောင်စေကာ တရားဝင်စေခဲ့ပြီး ကားတွေကို စျေးထိုးဆင်းအောင်လုပ်ခဲ့ဖူးပါတယ်။
ကြေညာစဥ်တုန်းကတော့ နိုင်ငံတွင်းရှိနေပြီးသား လိုင်စင်မဲ့ ဝစ်သောက်ကားတွေကိုသာ လုပ်ဆောင်ပေးမယ်လို့ ကြေညာပေးခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထိုထက်ပင်အသက်ဝင်နေတဲ့ သက်တမ်းတခုအတွင်း လိုင်စင်မဲ့ ဝစ်သောက်တွေကို နယ်စပ်ဖြတ်ကျော်ပြီး အလီလီအခါခါသွင်းခဲ့ကြတာဟာ ပွဲတော်ကြီးတစ်ခုလို ဖြစ်ခဲ့ပါတယ်။
ဦးသိန်းစိန်လက်ထက်မှာတော့ နောက်ပုံစံတစ်မျိုးနဲ့ အခွန်တွေလျှော့ပေါ့ပြီး အတိုင်းအဆမဲ့သွင်းစေခဲ့ပြီး၊ သူအုပ်ချုပ်စဥ်မှာ ဘယ်လိုလုပ်ပေးခဲ့တယ်လို့ နာမည်တစ်ခုတွင်သွားအောင်ခွင့်ပြုခဲ့တာပါ။
စားသောက်ကုန်တွေကိုသာ ထိန်းချုပ်လို့မရနိုင်ပေမဲ့ မော်တော်ယာဥ်တွေရဲ့စျေးနှုန်းတွေကိုတော့ ကြေညာချက်တခု၊ စာတစ်စောင်ရိုက်လိုက်ရုံနဲ့ ဖြုတ်ချလိုက်လို့ရပါတယ်။
ဘယ်လိုစီးပွားရေးမှ လုပ်လို့အဆင်မပြေနေတဲ့အချိန် အဆင်ပြေနေတဲ့ လတ်တလော ကားစျေးကွက်ထဲကို ဝင်မိထားပြီးပြီဆိုရင်တော့ အရင်ကဖြစ်ခဲ့ဖူးတဲ့ အကြောင်းလေးတွေကိုတွေးပြီး တစ်ခုခုတော့ ဆုံးဖြတ်သင့်ပါတယ်။ အခြေအနေအရကလည်း အမြင့်ဆုံးတောင်ထိပ်မှာရှိနေပေနယ့် နောက်ခြေတစ်လှမ်းဟာ ပြန်ဆင်းတဲ့ဘက်ကို ရောက်သွားတော့မှာပါ။
ငြင်ငြင်သာသာလေး ဆင်းခွင့်မရခဲ့ဘဲ အကြောင်းမလှခဲ့လို့ တလိမ့်ခေါက်ကွေး ကျခဲ့ရင် ဒါလေးပဲ ရှိတဲ့သူတွေအတွက် ဝမ်းနည်းမဆုံးဖြစ်သွားနိုင်ပါတယ်။
အသက်ကိုဥာဏ်စောင့်သလို စီးပွားရေးကိုလည်းဥာဏ်နဲ့ပဲဦးစီးပြီး ချင့်ချိန်တွေးတောစေချင်ပါတယ်။
crdး
စစ်သွေး ဇာနည်
🟣🟣🟣🟣🟣🟣🟣🟣🟣🟣🟣🟣🟣🟣
Post a Comment