BRICS Currency (သို့) ဒေါ်လာနန်းချခြင်း


BRICS ကတော့ အများသိပြီးသားပါပဲ။ 
B- Brazil, R- Russia, I- India, C- China, S-South Africa ဆိုတဲ့ နိုင်ငံတွေ ပေါင်းစည်းထားတဲ့ အဖွဲ့ပေါ့။



ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ  နေရာယူ လက်ဝါးကြီးအုပ်မှုကို ယှဉ်ပြိုင်နိုင်ဖို့ ထူထောင်ထားကြတာပါ။
၂၀၀၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းဖို့ ရည်ရွယ်ခဲ့ကြပြီး ၂၀၀၃ ခုနှစ်မှာ BRIC လို့ (၄) နိုင်ငံက စတင်ပေါင်းစည်းခဲ့ကြပါတယ်။
အဖွဲ့အစည်းအဖြစ် ၂၀၀၉ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ဖွဲ့ခဲ့ပြီး တောင်အာဖရိက နိုင်ငံကတော့ ၂၀၁၀ ကျမှ စတင်ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံရေး ဩဇာ၊ စီးပွားရေး ဩဇာ လွှမ်းမိုးရာမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို မှီခိုနေရတာကို လျော့ချဖို့ရည်ရွယ်ဖွဲ့စည်းခဲ့ကြတာပါ။
BRICS အဖွဲ့ဝင်အချင်းချင်း ရင်းနှီးမြှုပ်နှံရန်၊ ယဉ်ကျေးမှု ဖလှယ်ရန်၊ ကုန်သွယ်ရေးသဘောတူညီမှုတွေ ပြုလုပ်နိုင်ရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။
BRICS ရုံးချုပ်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှာ တည်ထောင်ထားပြီး အစည်းအဝေးကို နိုင်ငံအလှည့်ကျ ကျင်းပကြပါတယ်။အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဂျီဒီပီ စုစုပေါင်းဟာ ကမ္ဘာ့ဂျီဒီပီရဲ့ (၃၁.၅)% အထိရှိနေပြီး ၂၀၃၀ မှာ (၅၀)% အထိ ရှိလာမယ်လို့ခန့်မှန်းကြပါတယ်။

BRICS နိုင်ငံတွေရဲ့ GDP အရ

တရုတ် (၁၉.၃၇) ထရီလီယံ
အိန္ဒိယ (၃.၇၄) ထရီလီယံ
ရုရှား (၂.၀၆) ထရီလီယံ
ဘရာဇီးလ် (၂.၀၈) ထရီလီယံ
တောင်အာဖရိက (၃၉၉) ဘီလီယံ 
တောင်ရှိနေပါတယ်။

BRICS ရဲ့ လူဦးရေ စုစုပေါင်းဟာ (၃.၇) ဘီလီယံ ရှိပြီး ကမ္ဘာ့လူဦးရေ၏ (၄၁.၄၄)% အထိဖြစ်ပါတယ်။ 
နိုင်ငံ (၅) ခုရဲ့နယ်မြေအကျယ်အဝန်းဟာ ကမ္ဘာ့ကုန်းမြေ စုစုပေါင်းရဲ့ (၃၀)% အထိတောင် ရှိနေပါတယ်လို့ဆိုပါတယ်။

BRICS စတင် ဖြစ်ပေါ်လာရာခြင်း အကြောင်းကတော့ ကမ္ဘာ့ဘဏ်နှင့် IMF တို့လို နေရာမျိုးမှာအမေရိကန် နဲ့ အနောက်နိုင်ငံတွက မဲအသာစီး ယူထားကြလို့ပါ။ သိကြတဲ့အတိုင်းWorld bank ဆိုတာ နိုင်ငံတကာကို ငွေချေးပေးနေတာဖြစ်ပြီး၊ IMF ဆိုတာကတော့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေကို ချေးငွေတွေပေးတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

ဒီလိုငွေကြေးအဖွဲ့အစည်းဟာ နိုင်ငံတွေအပေါ် လွှမ်းမိုးမှုအင်မတန်ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းမှန်သမျှမှာ အမေရိကန်နှင့် အနောက်နိုင်ငံတွေက မဲပေးမှု အသာစီး ယူထားတာပါ။

ဒီအသာစီး ရရှိထားမှုကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံတွေ သိပ်မကြည်တဲ့နိုင်ငံတွေကို အာဏာရှင်နိုင်ငံတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေလို့စွပ်စွဲပြီး  ချေးငွေမပေးနိုင်အောင် တားဆီးထိန်းချုပ်တာတွေလုပ်လေ့ရှိပါတယ်။

ဒါ့ကြောင့် တရုတ်လို နိုင်ငံတွေက သူ့မဟာမိတ်နိုင်ငံတွေကို ချေးငွေပေးချင်ပေမယ့် မဲခွဲချိန်မှာ အရှုံးနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။
ဒါတွေကြောင့် စီးပွားရေးအားကောင်းလာတဲ့ ဒီ ၅နိုင်ငံကကမ္ဘာ့ငွေကြေး သုံးစွဲမှုအပိုင်းမှာ အမေရိကန်ဒေါ်လာကို မှီခိုနေရမှုနှင့် သုံးစွဲမှုတို့ကို လျော့ချချင်လာကြတဲ့အပြင်စုပေါင်းပြီး နိုင်ငံတကာသုံး ငွေကြေးစနစ်သစ်တခုကို ထူထောင်ချင်လာပါတယ်။BRICS နိုင်ငံအချင်းချင်းကုန်သွယ်ရင် ဒေါ်လာအစား ငွေကြေးအသစ်သုံးစွဲနိုင်ဖို့အတွက်ပေါ့။
 နောက်ပိုင်းမှာ ဒီငွေကြေးအသစ် ဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းသာမက ကမ္ဘာ့ကုန်သွယ်ရေးမှာ ဒေါ်လာ အစားသုံးနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်။
အမေရိကန်လို ဒေါ်လာကို ပို့ကုန်တခုလို ထုတ်ဝေပြီး တစ်ကမ္ဘာလုံးမှာ စီးပွားရေး၊ နိုင်ငံရေးအရ အကျိုးအမြတ် ရှိတာမျိုးကတော့ သသူသူကိုယ်ကိုယ်လိုချင်ကြတာချည်းပါပဲ။

လက်ရှိကမ္ဘာမှာ 1973ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့The Society for Worldwide Interbank Financial Telecommunication (SWIFT) system ဆိုတဲ့ ငွေလွှဲစနစ်ကို သုံးပါတယ်။SWIFT ကို နိုင်ငံအသီးသီးက ကုန်သွယ်ရေးနဲ့ ငွေလွှဲပြောင်းဖို့ သုံးနေကြပြီး အနောက်နိုင်ငံတွေက ထိန်းချုပ်ထားပါတယ်။

ဒါကို တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတချို့က မသုံးချင်ကြဘဲ တခြားငွေကြေးလွှဲပြောင်းမှု စနစ်တခုကို ပြောင်းသုံးချင်ကြပါတယ်။လက်ရှိ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့အတွက် SWIFT အသုံးပြုခွင့်ပိတ်လိုက်တော့ ရုရှားဟာ နည်းနည်းတော့ ကသီလင်တ နိုင်သွားပါတယ်။မြန်မာဆို ပိုခံရတာပေါ့။

ဒါ့ကြောင့် BRICS နိုင်ငံတွေအနေနဲ့ ကိုယ်ပိုင်ငွေကြေးစနစ်ကို ဖန်တီးပြီး အခုလို အရေးယူတာတွေ၊ ပိတ်ဆို့တာတွေ၊ ထိန်းချုပ်ခံရမှုတွေကနေ လွတ်ကင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါနေပါတယ်။

လောလောဆယ်မှာတော့ တရုတ်က the Cross-Border Inter-Bank Payments System (CIPS)ဆိုတဲ့စနစ်
အိန္ဒိယက Structured Financial Messaging System (SFMS)ဆိုတဲ့ စနစ်
ဘရာဇီးလ်ကတော့ Pix စနစ်တို့ကို အကောင်အထည်ဖော်ထားပါတယ်။
ဒါ့အပြင် BRICS ဟာ ငွေကြေးကဏဏ္ဍအတွက် New Development Bank ကို တည်ထောင်ကာ စီမံကိန်းတွေပြုလုပ် ချေးပေးနေပါတယ်။

အရင်ကတော့ BRICS ကို လူသိနည်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ရုရှားနဲ့ ယူကရိန်း စစ်ပွဲကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုနဲ့အတူ လူစိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပါတယ်။အမေရိကန်နှင့် အနောက်နိုင်ငံတွေရဲ့ အရေးယူမှုကနေ လွတ်ကင်းဖို့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ပိုမိုဆော်ဩလာကြလို့ပါ။
ဒါ့ကြောင့် နိုင်ငံပေါင်း (၃၀)ကျော်က BRICS ကို စိတ်ဝင်စားလာကြပြီး အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားလာကြပါတယ်။ဒီအထဲမှာ ကျမတို့နိုင်ငံလည်း တစ်ခု အပါအဝင်ပေါ့။

BRICS က အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ နိုင်ငံတကာ ငွေပေးစနစ်ကို ကျော်ပြီး တကယ်ကို အဆင်ပြေတဲ့ ငွေပေးချေမှု စနစ်ကို လုပ်နိုင်ခဲ့ရင် အမေရိကန်နဲ့ အနောက်က ထိန်းချုပ်ထားတဲ့ စနစ်ဟာ သူတို့နဲ့မတည့်တဲ့ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်ဖို့ အသုံးပြုတဲဲ့ လက်နက်အဖြစ်
ကနေ လျောကျသွားမှာအမှန်ပါပဲရှင်။
၂၀၂၂ ခုနှစ်ကစလို့ လူစိတ်ဝင်စားမှုမြင့်မားလာပေမယ့် အောင်မြင်လာမလားဆိုတာ လက်တွေ့မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ ဘာလို့လည်းဆိုတော့ တောင်အာဖရိက မှာ ကျင်းပမယ့် အစည်းအဝေးမှာ ကြေငြာသွားမယ်လို့ပြောထားတာကြောင့်ပါရှင့်။ ပြီးတော့ သူတို့ အသုံးပြုမယ့် ငွေကြေးဟာ ရွှေကို နောက်ခံထားပြီး ထုတ်ဝေမှာ ဖြစ်တဲ့အတွက် လူတွေရဲ့ ယုံကြည်မှုကို အထွေအထူး ကြိုးစားရှာဖွေနေစရာမလိုပါဘူး။
ဒါကြောင့်လည်း နိုင်ငံပေါင်း သုံးဆယ်လောက်က ဒီအဖွဲ့ ထဲကိုပါဝင်ချင်နေကြတာပါ။ ဆော်ဒီလို ရေနံနိုင်ငံကပါ ပူးပေါင်းမယ့် အနေအထားပြနေတော့ ပွဲက အတော်လှနေပြီပေါ့ရှင်။

နောက်အရေးကြီးဆုံးအချက်တစ်ခုအနေနဲ့ ကျမစဥ်းစားမိတာ ဒီငွေကြေးကို ထုတ်ပြီးတာနဲ့ ဒီငါးနိုင်ငံက နိုင်ငံခြားအရန်ဒေါ်လာတွေ ထုတ်ရောင်းပြီး ဒီငွေကြေးထဲ ပစ်ထည့်လိုက်ရင် ထရီလီယံ ချီတဲ့ ပမာဏ ဆိုတော့ ဘယ်လောက်တောင် အလှုပ်အရမ်းဖြစ်သွားမလဲ။ နောက်ဆက်တွဲ ကောင်းကျိုးဆိုးပြစ်တွေ ဘာဖြစ်လာမလဲ ဆိုတာ မှန်းဆရ တော်တော်ခက်တယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ဖြစ်စဥ်မျိုးက ကမ္ဘာမှာ တစ်ခါမှ ဖြစ်ဖူးခြင်းမရှိသေးတော့ ဟိုဘက်ဒီဘက် လိုလားသူတွေ လိုရာ ဆွဲပြောနေကြတာကို နားထောင်နေရတာပဲရှိသေးလို့ပါ။

တစ်ဦးချင်းအနေနဲ့ ကျမအမြင်ကတော့ မြန်မာပြည်ဟာ financial နဲ့ ကြပ်ခံနေရတာ အရင်လိုဆိုရင်တော့ ပြေးပေါက်မရှိပါဘူး။ ဒီအဖွဲ့ရှိလာတော့ ရှိရင်းစွဲ SWIFT လောက်မကောင်းဘူးဆိုရင်တောင် အစားထိုး သုံးစွဲစရာလေးပေါ်လာတာ ဖြစ်လို့ အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကားပေါ့ရှင်။
 ကမ္ဘာကြီးဟာ unipolar ကနေ multipolarဖြစ်လာတာ ဟာလည်း
အလွန်ကို မင်္ဂလာ ရှိတယ်လို့ မြင်မိကြောင်း အတွေးလေးရလို့ ရေးလိုက်ပါတယ်ရှင်။

မယ်ယဉ်

Post a Comment

Previous Post Next Post