အနောက်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှ ထွက်ခွာနေချိန်မှာ ရင်းနှီးတဲ့ နိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတယ်လို့ Nikkei Asia ရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားပါတယ်။
တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေက အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အစိုးရနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတာကြောင့် မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံတွေကနေ လူသုံးကုန်ပစ္စည်းတွေအထိ ထုတ်လုပ်မှုတွေ တိုးချဲ့လာပါတယ်။
‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’ လို့ လူသိများတဲ့ BRI ရဲ့ အစိတ်အပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံတစ်လျှောက် အကောင်အထည်ဖော်မယ့် ရထားလမ်းနဲ့ ဆိပ်ကမ်းတည်ဆောက်ရေးတွေမှာ တရုတ်ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။
တရုတ်နိုင်ငံက Union Resources and Engineering နဲ့ Yunnan Energy Investment တို့က မြန်မာကုမ္ပဏီ Supreme နဲ့ ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီးမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေပြီး ၂၀၂၇ ခုနှစ်မှာ စီးပွားဖြစ် စတင်လည်ပတ်မှာပါ။
မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍမှာလည်း တရုတ်နိုင်ငံရဲ့ တည်ရှိမှုကို တွေ့မြင်နိုင်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ စာရင်းများအရ တရုတ်အထည်ချုပ်စက်ရုံပေါင်း ၃၀၀ ကျော်အထိ ရှိနေကာ နိုင်ငံအတွင်း လည်ပတ်နေတဲ့ အထည်ချုပ်အားလုံးရဲ့ ထက်ဝက်ကျော်အထိ ရှိနေပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ တရုတ်ကုမ္ပဏီတွေနည်းတူ ထိုင်းကုမ္ပဏီတွေကလည်း မြန်မာ့စီးပွားရေးကွက်လပ်ကို ဖြည့်ဆည်းပေးနေပြီး Thai Beverage ပိုင် စင်ကာပူအခြေစိုက် ဘီယာကုမ္ပဏီ F&N က ကန်ဒေါ်လာ ၁၄.၁ သန်း ရင်းနှီးမြှုပ်နှံကာ ဘီယာချက်စက်ရုံ တည်ဆောက်ဖို့ ရှိပါတယ်။
ထိုင်းနိုင်ငံက စွမ်းအင်ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံကို ဝင်ရောက်လာကြပြီး ဂျပန် Eneos Holding နဲ့ မလေးရှားက Petronas တို့ နှုတ်ထွက်ပြီးနောက် ရဲတံခွန်ဓာတ်ငွေ့တွင်းစီမံကိန်းမှာ လုပ်ပိုင်ခွင့်တွေ ရရှိခဲ့ကာ ထိုင်းအစိုးရပိုင် PTT ကလည်း မြန်မာ့အကြီးဆုံး ရတနာစီမံကိန်းကနေ Total Energies ထွက်ခွာသွားလို့ အော်ပရေတာအဖြစ် ဆက်လက်တာဝန်ယူထားပါတယ်။
အကြမ်းဖျင်းဖော်ပြချက်တွေအရ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၄၀၀ ခန့်ရှိပြီး အများစုက လုပ်ကိုင်နေကြဆဲဖြစ်ကာ နိုင်ငံရေးအခြေအနေ တည်ငြိမ်ပါက ဈေးကွက်က ကြီးမားလာမယ်လို့ ကတိပြုထားပါတယ်။
သတင်း - BETV Business
Post a Comment