စားအုန်းဆီများ လက်လီဈေးကွက်အတွင်း ဝယ်မရဖြစ်နေ


မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သက်သာသောနှုန်းထားဖြင့် ဈေးကွက်အတွင်းရောင်းချပေးနသော်လည်း ဝယ်ယူသုံးစွဲသူများအနေဖြင့် ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူ၍မရကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

"ဆီကတော့ ကားတွေနဲ့လာရောင်းပေးတယ်။ ဒါပေမယ့်တော်တော်တန်းစီရတယ်။ ပြီးတော့အချင်း ချင်းလက်သိပ်ထိုးရောင်းနေတာတွေလည်းရှိတယ်။ ကိုယ်အလှည့်ရောက်မှမရတော့ဘူး။ကုန်ပြီဘာညာဆိုရင်သွားပြီ။ ဈေးထဲမှာလည်းဝယ်လို့မရဘူး။ ဆိုင်တွေတော်တော်များများကမရောင်းကြဘူး။ ဝယ်ရခက်နေတယ်"ဟု တောင်ဥက္ကလာပတွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးကပြောသည်။

ထို့ပြင် ဆီတန်းစီသည့်သူများထံမှ ပြန်လည်ရောင်းချသည့် စားအုန်းဆီမှာ တစ်ပိဿာ လျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ဝယ်ယူနေရကြောင်းလည်း သိရသည်။

"သူတို့သတ်မှတ်တယ့်ဈေးနဲ့ရောင်းပေးလို့အဆင်မပြေဘူး။ အရှုံးခံပြီးရောင်းပေးရမှာ။ ဒိုင်တွေကနေဝယ်ကတည်းက ဆီဈေးကတတ်နေတာ။ အခုလောလောဆယ်တော့အရောင်းနားထားတယ်"ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လက်ကားရည်ညွှန်းဈေး၏ နှစ်ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချပေးရန် သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း လိုက်နာမှုမရှိကြောင်း၊ ယင်းကြောင့် သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချသည့်အရောင်းဆိုင်များကို ဝယ်ယူသုံးစွဲသူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း သိရသည်။

ယင်းအပြင် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုအရ စက်တင်ဘာ ၁၁ ရက် မှ စက်တင်ဘာ ၁၇ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၄၅၂၄ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

Post a Comment

Previous Post Next Post