ခွက်ခေါက်တော်လှန်ရေး ဘယ်တော့ပြီးမလဲ??


◾️မနေ့ကကျင်းပတဲ့ International Miss ပြိုင်ပွဲမှာ 1 Vote ကို ၁ ဒေါ်လာအထိ ပေးရပြီး မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း ၄ သောင်းကျော်အထိ(နီနီအတွက်) မြန်မာတွေ အားပေးကြမ်းခဲ့တယ်ဆိုတဲ့ စာလေးဖတ်မိတယ်။  တိုင်းပြည်ဟာ ဘယ်လောက် ငတ်နေပါပြီ ပြောပြော...၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက် ရှားပါးနေပါ ပြီလို့ဆိုဆို.... နိုင်ငံ့အရေးနဲ့ ပတ်သက်လာတဲ့ကိစ္စတွေဆိုရင် အင်တိုက်အားတိုက် အားပေးကြတာပါပဲ။ နိုင်ငံချင်း ယှဉ်လာခဲ့ရင် ကိုယ့်နိုင်ငံကို အောက်မကျစေလိုတဲ့ ဆန္ဒတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဥပမာ ICJ ကိစ္စတွေမှာဆိုရင်လည်း “ငါတို့အားလုံးဟာ မြန်မာ”ဆိုတဲ့စိတ်နဲ့ ဝိုင်းဝန်းအားပေးခဲ့ကြတာပါပဲ။ Support ပေးခဲ့ကြတာပါပဲ။  ဒါဟာ ဘယ်သူအစိုးရဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက် တွေရှိမနေ ကြပါဘူး။  သတိပြုရမှာက ဒီနေရာမှာ အနီလည်းမရှိတော့ဘူး။ အစိမ်းလည်း မရှိတော့ဘူး ဆိုတဲ့ အချက်ပါပဲ။

◾️ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး အမြင်မကြည်ပေးနိုင်တဲ့ သူတချို့လည်း ရှိကောင်း ရှိနိုင်တာပဲ။ ဒါကတော့ လူအမျိုးမျိုးကို စိတ်အထွေထွေကိုး။ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းတရားတွေလည်းရှိပါတယ်။ ဘော်လုံးဟာ အားကစားထက်ပိုတယ် ဆိုတဲ့ ပြိုင်ပွဲတွေမှာတောင် လုပ်ပွဲတွေနဲ့ နာမည်ပျက်နေတဲ့ခေတ်ကြီးမှာ ဒီလိုပြိုင်ပွဲ တွေဟာလည်း ဘက်လိုက်မှုတွေ၊ ခြစားမှုတွေနဲ့ တရားမမျှတမှုတွေ ရှိကောင်းရှိ နေနိုင်တာပဲ။ ဒါပေမယ့် .....Miss ပြိုင်ပွဲမှာ Vote ပေးလိုက်ကြတဲ့ ဒီပိုက်ဆံတွေကို တော်လှန်ရေးအတွက် မလှူဘူး။ အကျိုးမရှိတဲ့ Miss ပြိုင်ပွဲမှာ သုံးနေလို့ မနာလို စိတ်အားကြီးလွန်းနေရင်တော့ ဖင်နဲ့ ငုတ်နဲ့ ဆောင့် နေလို့ပဲ ပြောချင်ပါတယ်။

◾️တကယ်တော့ “အလှူဒါန” ဆိုတဲ့ လုပ်ရပ်ဟာ  စေတနာဆိုတဲ့ အကြောင်းတရား အပေါ်မှာ မြစ်ဖျားခံပါတယ်။ ကိုယ်သာစေတနာရှိရင် တသိန်းလှူရလည်း သဒ္ဓါသလို၊ ၁၀ သိန်းလှူရလည်း သဒ္ဓါလေ့ ရှိတတ်ကြပါတယ်။ မနေ့က ကျင်းပတဲ့ International Miss ပြိုင်ပွဲဟာ “နိုင်ငံဂုဏ်ဆောင်တာ ဘာများရှိလို့လဲ”ဆိုတဲ့ စကားလုံးမျိုးကတော့ ကိုယ့်ရဲ့ အတွင်းစိတ်သဏ္ဍန်ကို ဖော်ပြလိုက်တာမျိုးပါပဲ။ ဒီနေရာမှာ ထောက်ပြစရာရှိလာတာက တော်လှန်ရေးကို  ဦးစားပေး လှူရအောင်လည်း “တော်လှန်ရေးကြီးက ဘာများထွေထွေ ထူးထူး လုပ်ပြနေတာရှိလို့လဲ”လို့ ဆိုပြီး ကိုယ့်အဖွဲ့အစည်းကို ပြန်ပြီး မေးခွန်းထုတ်ကြည့်ဖို့ လိုပါတယ်။

◾️“အချင်းချင်းလည်း သတ်ဖြတ်နေကြတယ်၊(လက်သည်ပေါ်လည်း အရေးမယူနိုင်ဘူး) ရထားလမ်းတွေကိုလည်း မိုင်းထောင် ဖျက်စီးတယ်၊ ပြည်သူတွေကိုလည်း ဒလန်ခေါင်းစဉ် နဲ့ လူသတ်နေတာ”ကိုမှ တော်လှန်ရေးကြီး လုပ်နေတယ်ဆိုပြီးခေါင်းစဉ်တပ် ခွက်ခေါက် နေရင်တော့ ရေရှည်မလွယ်ဘူးလို့ပဲ ပြောရမှာပါပဲ။ သူတို့ထောက်ခံတဲ့သူတွေ လှူတဲ့ငွေကြေးတွေဟာ မြေပြင်လက်နက်ကိုင်တွေဆီ အပြည့်မရောက်ဘူး။(လက်သင့်ရာ ဝေမျှ စားသောက်နေကြတယ်) လော်ဘီတွေက အမေရိကားမှာ ကုမ္ပဏီထောင်၊ တိုက်ဆောက်နေကြတယ်။ ဝန်ကြီးတွေကမဲဆောက်မှာ မယားငယ်တွေနဲ့ ဇိမ်ခံနေပြီးမှ  “ငါတို့ မကြာခင် နိုင်တော့မှာ”လို့ပြောနေတာကို ယုံရင် လိမ်တဲ့သူမှာ အပြစ်မရှိတော့ ပါဘူး။ တုံးတဲ့ နီပေါတွေမှာပဲ အပြစ်ရှိပါတယ်လို့ပြောချင်နေမိတော့တာပါပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post