လူ့အဖွဲ့အစည်းတစ်ခုမှာ မငြိမ်းချမ်းဘူးဆိုတဲ့အချက်ဟာ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ယုံကြည်မှုတစ်ခုခု၊ နားလည်မှုတစ်ခုခု အားနည်းနေကြလို့သာဖြစ်ပါတယ်။ ဆက်ဆံရေးရဲ့အစဟာ ယုံကြည်မှု၊ ပူးပေါင်းမှုရဲ့အစဟာ နားလည်မှုဆိုတာကို လေးလေးနက်နက်သိသူတွေကတော့ ပျက်စီးနေတဲ့ဆက်ဆံရေး၊ အေးစက်နေတဲ့ ပူးပေါင်းပါဝင်မှုကို မရရအောင် တည်ဆောက်ဖို့ဝန်မလေး၊ အမြဲအဆင်သင့် ရှိနေတတ်ကြတယ်။ ဒါကြောင့်ပဲ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် အတ္တတွေမာန်မာနတွေ ခဏဘေးဖယ်၊ တလွဲမတွေး၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲ၊ ဒေသစွဲတွေဘေးချိတ်၊ အများအတွက်ဆိုတဲ့ဦးတည်ချက်လေးထားပြီး ငြိမ်းချမ်းရေးလမ်းစဖော်ပေးရပြန်တယ်။
အဓိပ္ပာယ်ရှိရှိ အနှစ်သာရအပြည့်နဲ့ အလေးအနက်ထား
အားလုံးသိကြတဲ့အတိုင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ အဓိပ္ပာယ် ရှိရှိ အနှစ်သာရအပြည့်နဲ့ အလေးအနက်ထားကျင်းပ သွားဖို့ရှိပါတယ်။ ဒီနေရာမှာ ယခင်နှစ်များနဲ့မတူ အတိအလင်းဖော်ပြသုံးနှုန်းသွားတဲ့ “အဓိပ္ပာယ်ရှိ ခြင်းနဲ့ အနှစ်သာရရှိခြင်း၊ အလေးအနက်ထားခြင်း” ဆိုသော စကားလုံးတွေကို သတိထားမိလိုက်တယ်၊၊ သေချာအဓိပ္ပာယ်ဖော်ရင်တော့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့တိုင်းရင်းသားခေါင်းဆောင်အားလုံးကို ပါဝင်စေလိုတဲ့ဆန္ဒ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့အတူ ထာဝရငြိမ်းချမ်းရေး ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်၊ တရားမျှတခြင်း လွတ်လပ်ခြင်းနဲ့ သာတူညီမျှအခွင့်အရေးကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်စတဲ့မူတွေ၊ အယူအဆတွေ ပါဝင်နေလိမ့်မယ်လို့ ယူဆမိပါတယ်။
ဘာဖြစ်လို့ အလေးအနက်ထားကျင်းပရသလဲဆိုတော့ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်ရေးနဲ့ ပြည်သူအားလုံးလူမှုစီးပွားဘဝ ပုံမှန်တိုးတက် ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့အချိန်အခါ ကျရောက်နေလို့ပဲဖြစ်ပါတယ်။ ပြောရရင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက် နေတဲ့ကြားက ယခုအထိ တည်ငြိမ်အေးချမ်းမှုကို မရရှိသေးတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံရေး သဘောထားအမြင်တွေ၊ တိုင်းရင်းသားအရေး အယူအဆတွေ ကွဲပြားနေဆဲအခြေအနေမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ဖို့ အခွင့်အလမ်းတစ်ခုကို အမိအရဆုပ်ကိုင်နိုင်ကြဖို့ ဒီ NCA အခွင့်အရေးကို အလေးအနက်ထားနိုင်အောင် ရည်ရွယ်ပါတယ်။
ငြိမ်းချမ်းရေးခရီးလမ်းက ခက်ခဲကြမ်းတမ်း တယ်ဆိုပေမယ့် ယခုလာမယ့် (၈) နှစ်မြောက် NCA နှစ်ပတ်လည်အခင်းအကျင်းဟာ ငြိမ်းချမ်းရေးအိပ်မက်ခပ်သဲ့သဲ့ အရိပ်အယောင်လေးတစ်ခုအဖြစ် အပြုသဘောမြင်လာမိပါတယ်၊၊ မငြိမ်းချမ်းခြင်းရဲ့အရသာကို ခါးသီးစွာခံစားနေရတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီးကတော့ လက်ရှိဒီအခင်းအကျင်းကို အမျှော်လင့်ကြီး မျှော်လင့်ကြမှာ သေချာပါတယ်။ အားလုံးမှာကြီးမားတဲ့ မျှော်လင့်ချက်တွေရှိပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်၊ ကိုယ့်ဒေသကိုယ့်လူမျိုးအရေး ကိုယ်စားပြုစေတနာထား ပညာဉာဏ်အမြော်အမြင်ရှိပြီး သဘောထားကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုယ့်နိုင်ငံကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် ရပ်တည်ပေးမယ့် ခေါင်းဆောင်တွေ NCA မှာ ပါဝင်လာမယ်ဆိုရင် ထိုသို့ပါဝင်လာမှုဟာ အကောင်းမြင်မျှော်လင့်နေကြတဲ့ ပြည်သူအမြောက်အမြားရဲ့ ခံစားချက်တွေကို အမှန်တကယ်နားလည်မှုရှိတဲ့အတွက်ကြောင့်ဟု ယူဆပါတယ်။
Post a Comment