◾KIA နှင့် PDF များ ထီးချိုင့်မှ ဆုတ်ခွာချိန် မိုင်းများထောင်သွားခဲ့သဖြင့် မြို့နှင့် အနီးဝန်းကျင်ကို မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း SAC ယနေ့ ထုတ်ပြန်
Written by Zaw Moe
တပ်မတော်က ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး KIA နှင့် PDF များက ဆုတ်ခွာချိန်တွင် မိုင်းများထောင်သွားခဲ့သည့်အတွက် ထီးချိုင့်မြို့နှင့် အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတပ်ဖွဲ့များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယနေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အား နိုဝင်ဘာ ၉ ရက်တွင် KIA နှင့် PDF များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသ-တ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။
ထိုသို့ လုပ်ဆောင်လာသည့် KIA နှင့် PDF များအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထီးချိုင့်မြို့အား နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။
KIA၊ PDF များက နိုဝင်ဘာ ၁၂ ရက်တွင် ဆုတ်ခွာချိန် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သများအနေဖြင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများအား အကာအကွယ်ပြု၍ ဘန်ကာများဆောက်လုပ် တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းဒေသကြီး ထီးချိုင့်မြိုအား ယမန်နေ့က ပြန်လည်ထိန်းသိမ်းထားနိုင်ပြီး ထီးချိုင့်မြို အနီးတွင် ဆုတ်ခွာသွားသော KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ရှိနေနိုင်သေး၍ ယနေ့တွင် လိုက်လံချေမှုန်းမှုများ ဆောင်ရွက်နေသည်။
#ထီးချိုင့် #KIA #PDF #ပကဖ #NUG
#sac #mtnews #myanmar_transparency_news
Post a Comment