လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားက ပြဿနာဖြစ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်သလို သောင်းကျန်းသူတွေဘက်က အကြောင်းပြထားတယ်။ လောင်းကစားကို အကြောင်းပြပြီး ရမခရဲ့ စစ်အခြေစိုက်စခန်းတွေ၊ ကာကင်းလေးတွေကို ဝင်တိုက်တယ်။ နယ်မြေသိမ်းဖို့ စနစ်တကျပြင်ဆင်ထားတယ်ဆိုတာ သူတို့ ဖြတ်တောက်လိုက်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုကြည့်ရင် သိသာပါတယ်။
ကျားဖျန့်လို့ခေါ်တဲ့ လောင်းကစားလုပ်ငန်းတွေ၊ ငွေလိမ်ဂိုဏ်းတွေဟာ ငွေရှာလို့သိပ်ကောင်းတဲ့စီးပွားရေးတစ်မျိုးဖြစ်နေတယ်။ အထူးသဖြင့် လောက်ကိုင်လို နယ်မြေမျိုးမှာပေါ့။ မြန်မာလူငယ်အတော်များများ အလုပ်လုပ်ဖို့သွားကြတယ်။ လောင်းကစားဝိုင်းမှာ ဖဲဝေတဲ့အလုပ်ကတင် တစ်လကို သိန်းဆယ်ဂဏန်းနီးပါးဝင်တယ်။ လုပ်တတ်ရင် လုပ်တတ်သလို ငွေဝင်ကြမ်းတယ်။
မြန်မာနိုင်ငံရဲ့ပြည်မမှာ အလုပ်လုပ်ဖို့ အဆင်မပြေတဲ့ (ဥပမာ CDM ဆရာဝန်တွေ) အလုပ်သမားတွေအတွက်လည်း လောက်ကိုင်က သည်းခြေကြိုက်ပဲ။ တကယ်တမ်း ငွေလိမ်ဂိုဏ်းတွေကို ဦးစီးနေသူတွေဟာ တရုတ်လူမျိုးတွေဖြစ်လေ့ရှိပေမဲ့ တရုတ်တွေ အချင်းချင်း ပြန်အလိမ်ခံရတဲ့အခါ တရုတ်အစိုးရက တင်းလာတယ်။ ဒေါ်လာဘီလျံ (၂၀) လောက် ထိသွားတယ်လို့လည်း သိရတယ်။ တရုတ်ကလည်း သူ့ကိုထိတော့ အသံထွက်လာတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အာမီတွေခွထိုင်ပြီး တစ်ဗိုလ်တစ်မင်းလုပ်နေတဲ့ သောင်းကျန်းသူတွေဟာ တရုတ်အစိုးရရဲ့ အလိုရှိစာရင်းထဲ ပါလာပါတယ်။ ဒီတော့ ခေါင်းကြီးတွေကို အထိမခံနိုင်တဲ့ သောင်းကျန်းသူတွေရယ်၊ သောင်းကျန်းသူပေးကျွေးတာစားတဲ့ တရုတ်ရဲ့ ဒေသအစိုးရရယ်၊ လက်နက်တွေဖင်ခုထိုင်ထားတဲ့ ကေအိုင်အေရယ်၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြီးဖြစ်စေချင်တဲ့ စီအိုင်အေရယ် ပေါင်းပြီး ပွဲအကြီးကြီး ဖန်ပစ်လိုက်တယ်။
ရမခ ထိ ထိုးဖောက်အတိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ တိုင်းမှူးမှာ အဓိက တာဝန်ရှိပါတယ်။ သူ့ရဲ့ ပေါ့လျော့မှုဟာ တပ်မတော်ရဲ့ပုံရိပ်ကို အကြီးအကျယ်ထိခိုက်စေတယ်။ စစ်ဌာနချုပ်ကို အတိုက်ခံရတယ်ဆိုတာ ရာဇဝင်ရိုင်းလွန်းတယ်။ မည်သို့ပင် ကင်းစခန်းတွေ ခေတ္တဖယ်ပေးရတယ်ဆိုကာမူ အစဉ်အလာကိုမရှိတဲ့အရာမို့ ရှက်စရာကောင်းပါတယ်။ နောက်တစ်ခါ ရမခကို တိုင်းမှူးပို့မယ်ဆိုရင် အမှန်တကယ် ထူးချွန်တဲ့သူကို တာဝန်ပေးစေလိုပါတယ်။ အချိန်မရွေး ကွန်ဖက်ဒရိတ်ဖြစ်ချင်နေတဲ့သူပုန်တွေနဲ့ ပြည့်နေတာပါ။
သူပုန်တွေဘက်က စဉ်းစားကြည့်တော့လည်း "ဝ" တပ်က ခေါင်းဆောင်ပိုင်းတွေ ဝရမ်းထုတ်ခံရတာတောင်မှ မြန်မာ့တပ်မတော်က ဘာမှ Action မယူတာကိုတွေ့တဲ့အခါ နည်းနည်းမက ဖီးလ်တက်စရာပါပဲ။ သူတို့ရော ဝ လို နယ်မြေကြီးသီးသန့် ထိန်းချုပ်ပြီး အင်အားကြီးရင်ရော... လို့ စိတ်ကူးယဉ်စရာဖြစ်လာတယ်။ NCA ကို အကြောင်းပြုပြီး သဘောထားပျော့တာ သိပ်များသွားတဲ့အကျိုးဆက်လို့ပဲ အားမနာတမ်းဝေဖန်ချင်ပါတယ်။ အခုတော့ တကယ်ကို ကျောင်းမှန်းကန်မှန်းသိအောင် ပြချိန်တန်ပါပြီ။
ကောင်းရောင်းကောင်းဝယ် လုပ်မစားချင်တဲ့ကောင်တွေကို တရုတ်ကလည်း အမိုက်ခံ ပေါင်းစည်းမှာမဟုတ်ပါဘူး။ ညစ်နွမ်းမခံဘူး။
ဒီကောင်တွေ ကွန်ဖက်ဒရေးရှင်းရရင်လည်း ဘာလုပ်စားမှာလဲ။ လောက်ကိုင်လိုမြို့တွေပဲ ထပ်ဖြစ်လာမှာပဲ။ ငွေပေါပေါသီသီသုံးဖြုန်းနေတဲ့ ဒုစရိုက်နဲ့ လောင်းကစားတွေပြည့်နေတဲ့နေရာတွေပဲ တိုးလာမှာပဲ။ ကျားဖျန့်ကိုအကြောင်းပြတဲ့ Operation 1027 က ဘယ်လောင်းကစားရုံကိုမှ မီးတင်မရှို့ဘဲ တံတားချိုးပြီး ရုံးတွေဖျက်နေတာပဲ ကြည့်ပေါ့။ မြင်သာပါတယ်။ ဆက်ကြေးတောင်းလို့မရလို့ သူပုန်တွေဗုံးခွဲတဲ့ထဲမှာ ကောင်းရောင်းကောင်းဝယ် ရွှေဆိုင်တွေ၊ ဆီဆိုင်တွေ၊ ဟိုတယ်တွေကလွဲလို့ ဘယ်လောင်းကစားရုံ တစ်ရုံတောင်မပါဘဲနဲ့ ရမခကို တိုက်ချင်တော့မှ ကျားဖျန့်ကို ရှင်းလင်းရမယ်တဲ့လား။ ကြည့်လည်း လုပ်ကြဦး။
ဒီအနေအထားမှာ တပ်မတော်အနေနဲ့ အလွယ်တကူ သဘောထား ပျော့မသွားဖို့လိုတယ်။ နောက်ကွယ်မှာ ရုရှားနဲ့ တရုတ်ကြား သံခင်းတမန်ခင်းတွေ အများကြီး လှုပ်ရှားထားပြီးမှ အလွယ်တကူ လျှောချမသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတဲ့ တပ်မတော်ဟာ "ပြည်ထောင်စု မပြိုကွဲရေး" ကို တိုက်ရိုက်ခြိမ်းခြောက်လာတဲ့ Proxy များနဲ့ ကွန်ဖက်ဒရိတ်အိပ်မက်ကို ပြတ်ပြတ်သားသားကြီးကို ရိုက်ချိုးပစ်ဖို့ လိုအပ်နေတာပါ။
သွားရမယ့် ခရီးကရှည်လျားပါတယ်။ ဆူးညှောင့်တွေ သိပ်များနေရင် ဘယ်လို ခရီးတွင်ပါတော့မလဲ။ နိုင်ငံတော်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ကျွန်တော်တို့ဟာ အစ္စရေးလို ပြတ်သားရပါလိမ့်မယ်။
တိုင်းရင်းသားနဲ့ သူ့လူ ကိုယ့်ဘက်သားကို တန်းတူထား ချစ်မြတ်နိုးရတာဟာ ဘယ်လောက်တောင် ရူးမိုက်တဲ့ကိစ္စပါလဲ။
မြန်မာ့တပ်မတော်ကြီး အောင်မြင်ပါစေ 🇲🇲
သန့်နေစိုး (4. Nov. 2023)
*
*
"
Post a Comment