✅ ပင်လုံအကြောင်း သမိုင်းပြန်လှန်ရရင် ပြည်ထောင်စုက ခွဲထွက်ခွင့်ဆိုတဲ့ အခွင့်အရေးကို လူမိုက်စကားပြောပြီး တောင်းခွင့်ရှိမယ်ဆိုရင်တောင် စာချုပ်မှာ လက်မှတ် ထိုးခဲ့တဲ့ တိုင်းရင်းသား ပြည်နယ်တွေအတွက်ပဲဖြစ်သင့်တယ်။ (ခုလက်ရှိ ပြည်နယ် ရထားတဲ့ တိုင်းရင်းသားဒေသတွေနဲ့ ပြည်နယ်ရဖို့ တောင်းဆိုနေတဲ့ တိုင်းရင်းသား ပြည်နယ်တွေက ဘောင်တောင်မဝင်ဘူး။) ဒီလိုပြောရင် လူမိုက်စကားပြောတယ်ဖြစ်မယ်။ အဲဒီခေတ်တုန်းက ချင်းဟာ ဝိသေသတိုင်းအဆင့်ပဲရှိသလို ပင်လုံစာချုပ်အရ ကချင်ဟာ ပြည်နယ်အဆင့်ပေးသင့်သလား ၊ မပေးသင့်သလားဆိုတာကိုတောင် စုံစမ်းရေးအဖွဲ့က စိစစ်ပြီး တင်ပြဖို့ပဲဆိုတဲ့ အခြေအနေပဲရှိသေးတယ်။ ၄၇ ခြေဥရဲ့ ပုဒ်မ ၁၉၉နဲ့ ၂၀၀ တို့ကြောင့်သာ နောင်မှာ ပြည်နယ်အသစ်တွေထပ်တိုးခွင့်ရခဲ့ကြတာလည်းဖြစ်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဖဆပလ အကွဲအပြဲကနေတဆင့် ပမညတနဲ့ ရတည ပါတီတွေရဲ့ မဲကြောင့်သာ ရခိုင်၊ မွန်နဲ့ချင်းတို့က ပြည်နယ်အဆင့်ဖြစ်လာတာလည်း ဖြစ်တယ်။
✅ ၄၇ ဖွဲ့စည်းပုံရဲ့ အခန်း(၁၀)အရ “ ခွဲထွက်ခွင့်ဆိုတဲ့ စကားလုံးကို နောင် ၁၀ နှစ်ကြာတဲ့အထိ အသုံးမပြုရ ဆိုတဲ့ စကားရပ်ပါခဲ့တယ်။ ဒါဟာ ၁၀ နှစ်ကြာရင် မဖြစ်မနေ ခွဲထွက်ရမယ်ဆိုတဲ့ စကားလုံးတော့မဟုတ်ဘူး။ ပြန်ကြည့်ရမှာက ၁၉၄၇ ဇွန်လ (၁၆)ရက်နေ့မှာ တိုင်းပြုပြည်ပြုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ လမ်းညွှန်မှု (၇)ချက်ပဲ။ နံပါတ်(၆)မှာ ဒီလို လမ်းညွှန်မှုပြုခဲ့တယ်။ “ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်သမ္မတနိုင်ငံ၏ နယ်မြေတို့ တပေါင်း တစည်းတည်း တည်တံ့ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်ပိုင်ခွင့်ကို လည်းကောင်း ၊ တရားဓမ္မနှင့်အတူ ပြည်ထောင်ချင်းချင်း ဥပဒေအရ ထိန်းစောင့်ထား ရှိစေရမည်။” ဆိုတော့ ဗိုလ်ချုပ်ဟာ ခွဲထွက်ခွင့်ဆိုတဲ့ စကားလုံးကို အခြေအနေအရ သာ ခေါင်းညိတ်ခဲ့ရပေမယ့် စုစည်းတဲ့ ပြည်ထောင်စုတရပ်ဖော်ဆောင်ရေးကိုသာ လမ်းညွှန်မှု ပြုခဲ့တယ်ဆိုတာ တွေ့နိုင်တယ်။
✅ တကယ်တော့ ပြောချင်နေတာက ပင်လုံသမိုင်းတွေမဟုတ်ဘူး။ ဒီနေ့အထိခေါင်းစဉ် အမျိုးမျိုးပြပြီး လက်နက်ကိုင်နေတဲ့ တိုင်းရင်းသား EAOs တွေရဲ့ သမိုင်းကြောင်းကို ပြောပြချင်ခဲ့တာ။ ၈၈ ကနေ ဒီနေ့အချိန်အထိ မှိုလိုပေါက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကို ခေါင်းစဉ် အမျိုးမျိုးပြပြီး ဆွေးနွေးခဲ့ကြဖူး တယ်။ ၈၉ ကနေ ၂၀၁၀ အထိ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ခေါင်းဆောင်တဲ့ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့က စေ့စပ်ညှိနှိုင်းမှု မျိုးစုံလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေး ဆိုတဲ့နေရာမှာလည်း အပြီးတိုင် ထာဝရငြိမ်းချမ်းရေးအဆင့်ထိ မဟုတ်ခဲ့ဘူး။ ဥပမာ ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင်လုပ်၊ မူးယစ်ဆေးဝါးတွေ မလုပ်နဲ့၊ နိုင်ငံရေးဆွေးနွေးတာ တွေကို နောင်တက်လာမဲ့ အစိုးရနဲ့ ဆွေးနွေးဆိုတဲ့ ပုံစံမျိုးနဲ့ အထိန်းသဘောမျိုးနဲ့သာ ဆောင်ရွက်ခဲ့ကြတာလည်း တွေ့ရ တယ်။
✅ ၂၀၀၈ မှာ ခြေဥပေါ်လာတယ်။ ခြေဥအရ လက်နက်ကိုင်တပ်ဟာ တပ်မတော် တစ်ဖွဲ့တည်းရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိလာတယ်။ ဒီနေရာမှာ အစိုးရဘက်က လက်နက်ကိုင်တွေကို လက်နက်စွန့်စရာမလိုတဲ့ BGF အသွင်ပြောင်းဖို့ ညှိနှိုင်းခဲ့တာ တွေ့ရှိတယ်။ ခြေဥနဲ့အတူ ပသစ ပြောင်းသွားတဲ့ အဖွဲ့တွေရှိသလို BGF အသွင်ပြောင်းခဲ့တဲ့ လက်နက်ကိုင်တပ်တွေလည်းရှိခဲ့တယ်။ ခါးခါးသီးသီး ငြင်းဆန်ခဲ့ပြီး ကျန်ခဲ့တဲ့ လက်နက်ကိုင်တပ် ၅ ဖွဲ့လည်းရှိခဲ့တယ်။ တပ်မတော်အစိုးရ ဦးဆောင်ခဲ့တဲ့ လက်ထက်မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့တွေက “ဝ”၊ NDAA၊ SSPP၊ DKBA၊ KNU၊ KIOနဲ့ ABSDF တွေ ဖြစ်ခဲ့ကြပြီး တိုက်ပွဲဆက်ဖြစ်နေခဲ့တဲ့ အဖွဲ့တွေက NMSP၊ RCSS၊ KNPP၊ PNLO၊ CNFနဲ့ ALP တို့ဖြစ်ခဲ့တယ်။
✅ ၂၀၁၃ မှာ ဂွမ်မော်အဆိုပြုလို့ လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါ တဲ့ ညီလာခဲ့ကို အစိုးရဘက်က ခွင့်ပြုပေးခဲ့တယ်။ အဲဒီညီလာခံမှာ နောင်တကြိမ် NCA ဖြစ်လာမဲ့ မူကြမ်းတရပ် အတည်ပြုနိုင်ခဲ့တယ်။ ၂၀၁၅ မှာ အစိုးရဘက်က လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့ချိန် KNU၊ KNLA-PC၊ PNLO၊ ABSDF၊ CNF၊ RCSS/SSA၊ ALPနဲ့ DKBA တို့က လက်မှတ်ထိုးခဲ့ပြီး KIO၊ UWSA၊ NDAA၊ KNPP၊ SSPP၊ NMSP၊ NSCN-Kနဲ့ PSLF တို့က လက်မှတ်မထိုးဘဲ ကျန်ရစ်ခဲ့ကြတယ်။ ဒီ NCA လက်မှတ်ရေးထိုးဖြစ်ခဲ့ဖို့ အကြိမ်ပေါင်း ၅၀၀၀ ကျော် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြရတယ်။
✅ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမှုတွေကို လိုချင်လို့ လက်နက်ကိုင်ရပါတယ်လို့ တချို့လက်နက်ကိုင် တွေက ဆိုကြသလို KIA ဟာ ဦးနုရဲ့ ဗုဒ္ဓဘာသာပြဌာန်းမှုကြောင့် လက်နက်ကိုင်ရပါတယ်ဆိုရင် ခုထက်ထိ ဘာလို့ လက်နက်ကိုင် လမ်းစဉ်ကို မစွန့်နိုင် သေးသလဲဆိုတာ ဒီကနေ့ ပြည်သူတွေ မေးခွန်းထုတ်ရမဲ့ကိစ္စဖြစ်တယ်။ တပ်မတော်ကို နိုင်ငံရေးထဲက ဆုတ်ခွာစေချင်ရင် ကိုယ်တိုင်ကလည်း လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးတောင်းဆိုမှုတွေကို NCA လမ်းကြောင်းက လုပ်ခွင့်ရနေပါရက်နဲ့ “ဒေသစစ်ဘုရင်” ဖြစ်ချင်စိတ်ကိုပဲရှေ့တန်း တင်နေရင်တော့ နိုင်ငံဟာ ပိုပြီး အထိနာဖို့ပဲ ရှိပါလိမ့်မယ်။
✅ ဖက်ဒရယ်ကို ဘယ်နိုင်ငံမှ ခွဲထွက်ခွင့်လို့ ဘာသာမပြန်ကြတော့ပါဘူး။ ပြည်နယ်တွေရဲ့လိုလားချက်နဲ့ ဗဟိုအစိုးရရဲ့ လိုလားချက်ကို ဖွဲ့စည်းပုံမှာ အညီအမျှ အာဏာပေးအပ်ရင်း အုပ်ချုပ်နေကြတာမျိုး ဖြစ်နေကြချိန်မှာ ကွန်ဖန်ထိရိတ် အထိ ဖြစ်နိုင်လောက်တဲ့ အရေးကိစ္စတွေဖြစ်လာရင်လည်း ဘယ်တပ်မတော်ခေါင်းဆောင်ကမှ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ တပ်မတော်ကို အပြုတ်တိုက်မရမှန်းသိပေမယ့် ရနိုင်သလောက် အမြတ်ထုတ် တိုက်ကြည့်တာပါ ဆိုရင်တော့လည်း မပြောတတ်ဘူးပေါ့။ စစ်ပွဲဟာ စပြီးရင် အဆုံးသတ်ဖို့ ခက်ပါတယ်။
(နရီမိုး)
Post a Comment