KNPP နှင့် PDF များက လွိုင်ကော်တက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ပြီး ဖမ်းဆီးသွားသည့် ဆရာ/ဆရာမနှင့် ကျောင်းသား/သားကျောင်းသူများကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ပြောကြား


KNPP နှင့် PDF အဖွဲ့များက စစ်ရေးနှင့် မသက်ဆိုင်သည့် လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ကယ်ထုတ်ခဲ့သည့်အပြင် ရန်သူ့အလောင်းနှင့် လက်နက်တော်တော်များများကို ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“လွိုင်ကော်မှာတော့ ဒီနေ့မနက် ၈ နာရီလောက်က KNPP နဲ့ PDF တွေအနေနဲ့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာရှိတယ်။ အထဲမှာရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ဖို့ လုပ်ခဲ့တာရှိတယ်။ ဒါတွေကိုတော့ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တွေက တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး ဘေးကင်းလုံခြုံစေရေးတွက် သူတို့ ပို့ဆောင်ရေး၊ ဘေးကင်းရာနေရာများကို ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိတယ်။ ဆောင်ရွက်လျက်ရှိတဲ့အခါမှာတော့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ သောင်းကျန်းသူတွေဆီကနေပြီး အလောင်း၊ လက်နက် တော်တော်များများရလိုက်တယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမတွေကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။ ဆက်လက်ပြီး ကျန်ရှိနေတဲ့လူတွေကို ကယ်ထုတ်ရေး ကျွန်တော်တို့ ဆက် လက်ဆောင်ရွက်လျက်ရှိတယ်။ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဒါကျောင်းကိုပစ်မှတ်ထားပြီး တိုက်ခိုက်လာတာဟာ KNPP နဲ့ အဲဒီမှာရှိတဲ့ PDF တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စစ်ကိုင်းနှင့် လွိုင်ကော်အတွင်းရှိ သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နိုင်ငံပိုင်ပစ္စည်း၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို ဖျက်ဆီးဝင်ရောက်မှုများ ပြုလုပ်ကာ ယင်းနေရာများကို စစ်ရေးအဆောက်အအုံအဖြစ် အသုံးပြုလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“သောင်းကျန်းသူများအနေနဲ့ ဖျက်လို့ဖျက်ဆီးလုပ်ရပ်တွေ သူတို့နာမည်ခံနေတဲ့ ဒီမိုကရေစီအရေးဆိုတဲ့ဟာထက် ပြည်သူပိုင်ပစ္စည်း၊ နိုင်ငံပိုင်ပစ္စည်း၊ ပညာရေး၊ ကျန်းမာရေး ဒါတွေကိုပဲ ဖျက်လို့ဖျက်ဆီးလုပ်နေတာပဲဖြစ်တယ်။ ဒါတွေမှာ ဝင်ရောက်နေရာယူပြီးရင် စစ်ရေးအဆောက်အအုံအဖြစ် အသုံးချတာတွေရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စစ်ကိုင်းဒေသကြီး ထီးချိုင့်မြို့အား ယမန်နေ့က ပြန်လည်ထိန်းသိမ်းထားနိုင်ပြီး ထီးချိုင့်မြို့ အနီးတွင် ဆုတ်ခွာသွားသော KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ရှိနေနိုင်သေး၍ ယနေ့တွင် လိုက်လံချေမှုန်းမှုများ ဆောင်ရွက်ရှိကြောင်း သိရသည်။

ယနေ့တွင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တာမိုးညဲမြို့ အရှေ့‌မြောက်ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် သိန္နီမြို့တွင်ရှိသည့် ဌာနချုပ်အနေဖြင့် သိန္နီမြို့အတွင်း လုံခြုံမှုရရှိစေရေးတွက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပုံစာ။ လွိုင်ကော်တက္ကသိုလ်ကို PDF များ ယနေ့ တိုက်ခိုက်မှုမြင်ကွင်း

#လွိုင်ကော် #တက္ကသိုလ် #KNPP #PDF #ပကဖ #sac #mtnews #myanmar_transparency_news

Post a Comment

Previous Post Next Post