မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်မှုနှင့်ပတ်သက်၍ လုပ်ဆောင်နေမှု အခြေအနေများ၊ ကယားပြည်နယ်ရှိ KNPP နဲ့ PDF အကြမ်းဖက်တွေဆီကို ပို့ဆောင်မယ့် လက်နက်၊ ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိမှု၊ ထိတွေ့တိုက်ပွဲများဖြစ်ပွားမှု အခြေအနေများနှင့်ဘဏ်နှင့်ပတ်သက်သော ကောလာဟလသတင်းများ ထွက်ပေါ်နေမှု အခြေအနေတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 


ဒီနေ့မှာတော့ ထူးခြားဖြစ်စဉ်အနေနဲ့၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အနေနဲ့၊ ပထမဦးဆုံး ကျွန်တော်တို့အနေနဲ့ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်။ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရအနေနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ရေး ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်လျက်ရှိတဲ့နေရာမှာ အဓိကဖြစ်ပွားခဲ့တဲ့နယ်မြေ ရှမ်းပြည်နယ် အရှေ့မြောက်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နဲ့ (တောင်ပိုင်း) မှာ ကျွန်တော်တို့ ဒီလဆန်းပိုင်းကနေစပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးမှုတွေဆောင်ရွက်တဲ့ နေရာမှာ နိုဝင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ်၊ ကျေးရွာတွေကို တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်စစ်ဆေးခဲ့တယ်။ စစ်ဆေးခဲ့တဲ့နေရာမှာ တရားမဝင် ဝင်ရောက်နေသူ သံသယရှိသူ ၄၈ ယောက် ဖမ်းဆီးရမိခဲ့တယ်။ ထို့ပြင် မိုင်းယောင်းမြို့နယ်ထဲမှာလည်း စစ်ဆေးခဲ့တာတွေ ဆောင်ရွက်ခဲ့တယ်။ ပြီးရင်တော့ တာချီလိတ်မှာလည်း စစ်ဆေးမှုတွေဆောင်ရွက်ခဲ့တယ်။ ပြီးရင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဂိတ်တွေမှာ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်။ ဒီစစ်ဆေးမှုတွေထဲမှာ ဖမ်းဆီးရမိမှုအနေနဲ့ကတော့ တရုတ်နိုင်ငံသား ၂၇၀၊ မလေးရှားနိုင်ငံသား နှစ်ဦး၊ ဗီယက်နမ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၂၈၆ ဦး ဖမ်းဆီးရမိခဲ့တယ်။ ဒီဖမ်းဆီးရမိသူတွေကို ကျွန်တော်တို့ကနဦးစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ ပြုလုပ်ဖို့ရောက်ရှိနေတဲ့လူတွေဆိုတာ ကနဦးစစ်ဆေးဖော်ထုတ်ချက်အရ တွေ့ရှိရတယ်။ ဒီ ၂၈၆ ဦးကို ဆက်လက်ပြီး စစ်ဆေးမှုများဆောင်ရွက်ပြီးတော့ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အများစုကတော့ ကျွန်တော်တို့ စစ်ဆေးချက်တွေအရ သိရှိရတာကတော့ “ဝ” နယ်မြေထဲမှာ တရားမဝင်အွန်လိုင်းလိမ်လည်မှု ပြုလုပ်ရာကနေပြီးမှ ထွက်ပြေးလာတဲ့သူတွေလို့ ကျွန်တော်တို့ သိရှိရပါတယ်။ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို အိမ်နီးချင်း နိုင်ငံတွေနဲ့ပူးပေါင်းပြီး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ပြောချင်ပါတယ်။

ပြည်ပနိုင်ငံတွေက ထောက်ပံ့ပေးနေ

နောက်တစ်ခုကတော့ ကယားပြည်နယ်အတွင်းမှာ အဖျက်အမှောင့်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ KNPP၊ PDF အကြမ်းဖက် အဖွဲ့တွေထံကို ပို့ဆောင်မယ့် လက်နက်၊ ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိခဲ့ပါတယ်။ ပင်လုံမြို့မှာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်။ အကြမ်းဖျင်းအားဖြင့်တော့ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ်စက်လက် ကိုးလက်နဲ့ Type - 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက် ပါပါတယ်။ ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံများလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး Type - 81 ဆိုတဲ့ လက်နက်အမျိုးအစားဟာ အထူးဒေသတစ်ခုကနေပြီးမှ ထွက်လာတဲ့ လက်နက်တွေဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီမှာ သတိရှိစေချင်တာကတော့ မြန်မာနိုင်ငံမှာ အခုဖြစ်ပွားနေတဲ့၊ ဖြစ်ပေါ်နေတဲ့ လက်နက်ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ EAO အဖွဲ့တွေရှိနေတယ်။ ထောက်ပံ့ပေးနေတာတွေဟာ EAO အဖွဲ့တွေဖြစ်တယ်။ ငွေရေးကြေးရေးအရ ပြည်ပနိုင်ငံတွေက ထောက်ပံ့ပေးနေတာတွေရှိတယ်။ မြန်မာနိုင်ငံကို ယခင်ကတည်းက ရန်သူသဖွယ် သဘောထားနေတဲ့ နိုင်ငံတွေက အကြောင်းအမျိုးမျိုးနဲ့ ထောက်ပံ့ပေးတာရှိတယ်။ လက်နက်ထောက်ပံ့မှုကိုလည်း မျိုးစုံလုပ်နေပြီးတော့ ပဋိပက္ခအရှိန်အဟုန်မြှင့်နေတာဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

ကယားပြည်နယ်တရားရုံးကို မီးရှို့ဖျက်ဆီး

ထိတွေ့တိုက်ပွဲများအနေနဲ့ကတော့ ကျွန်တော်တို့ ရှမ်းအရှေ့မြောက်မှာ နမ့်ခမ်းကို အဝေးကလာရောက်ပစ်ခတ်တာရှိတယ်။ တာမိုးညဲနဲ့ ဟိုပန်မှာတော့ Drop Bomb တွေချပြီး လာရောက်တိုက်ခိုက်တာမျိုးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီး အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး - မူဆယ် လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ကယားပြည်နယ်အခြေအနေမှာတော့ ကယားပြည်နယ် အကျဉ်းထောင်ကို လာရောက်ပြီးတော့ ပစ်ခတ်ခဲ့တာရှိတယ်။ ဒီနေ့ နေ့ခင်းမှာတော့ ပြန်လည်ဆုတ်ခွာသွားတာရှိတယ်။ ကယားပြည်နယ်မှာ နောက်တစ်ခုက ကျွန်တော်တို့ တရားရုံးပေါ့။ ကယားပြည်နယ်တရားရုံးကို ဝင်ရောက်သွားပြီး မီးရှို့ဖျက်ဆီးသွားတာမျိုးရှိတယ်။ ရခိုင်ဘက်မှာတော့ နယ်ခြားစောင့်ရဲကင်းစခန်းဖြစ်တဲ့ ဒုံးညိုရဲကင်းစခန်းမှာ နှစ်ရက်ကြာ ထိတွေ့တိုက်ပွာဖြစ်ပွားနေပြီး ဒီနေ့ နေ့လယ်မှာ ပြန်ပြီးဆုတ်ခွာပေးလိုက်တာရှိတယ်။ ထရွန်အိုင်ဘက်မှာလည်း ထိတွေ့တိုက်ပွဲအနည်းငယ်ရှိတယ်။ ပေါက်တောမြို့မှာတော့ ပေါက်တောရဲစခန်းဆုတ်ခွာပြီး နောက်ပိုင်းမှာ ပေါက်တောမြို့ရဲ့ အခြေအနေကို တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ရောက်ရှိပြီးဖြစ်တယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်လည် ရောက်ရှိပြီး နေရာချထားပြီးဖြစ်တယ်။ မြို့ရဲ့အခြေအနေကို အားလုံးထိန်းချုပ်ထားပြီ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်ထား

နောက်တစ်ခုကတော့ အချိန်ကိုက်မှာပဲ ယခင်အပတ်တုန်းကတော့ ယခင်အပတ်ကစပြီး စက်သုံးဆီနဲ့ပတ်သက်တာ ကောလာဟလတွေ ထုတ်လွှင့်ခဲ့တာရှိပါတယ်။ ကျွန်တော်တို့စက်သုံးဆီနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ကောလာဟလများ ငြိမ်ကျသွားပြီး ခုနောက်ထပ်ဝါဒဖြန့်မှုတစ်ခုပေါ့။ ဘဏ်တွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဘဏ်တွေမှာ ငွေရေးကြေးရေးလုံလောက်မှု မရှိဘူးလို့၊ ဘဏ်တွေမှာ ငွေထုတ်နေပြီဆိုတဲ့ဟာတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ သိရှိထားဖို့ကတော့ ဘဏ်တွေနဲ့ပတ်သက် ပြီးတော့ ဗဟိုဘဏ်ကလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက ငွေရေးကြေးရေးအနေနဲ့ အလုံအလောက်ရှိပါတယ်။ ငွေရေးကြေးရေးအနေနဲ့ ဗဟိုဘဏ်အနေနဲ့လည်း ငွေရေးကြေးရေး ထုတ်/သွင်းမှုမှာ မှုတည်ပြီးတော့ ဘဏ်တွေမှာ ငွေသားလက်ကျန် ငွေသားထုတ်ပေးနိုင်မှု ချိန်ညှိဆောင်ရွက်လျက် ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိဘူးလို့ အာမခံပြောကြားနိုင်ပါတယ်။                     

သတင်းစဉ်

Post a Comment

Previous Post Next Post