မူဆယ်မြို့နယ်အတွင်းရှိ သျှမ်းရွာများအတွင်း တိုက်ပွဲဖော်ခြင်းမပြုရန် တားမြစ်ရာမှ TNLA နှင့် SSPPတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားဟုဆို


သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် TNLA အဖွဲ့က သျှမ်းရွာများအတွင်း ဝင်ရောက်နေရာယူပြီး စစ်တပ်နှင့်တိုက်ပွဲဖော်ဆောင်နေမှုအား ပြုလုပ်ခြင်းမပြုရန် SSPP အဖွဲ့ကတားမြစ်ရာမှ TNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မူဆယ်မြို့နယ် မန့်ဟီးရိုးဒေသတွင် စစ်ဘေးရှောင်အများအပြား ရောက်ရှိနေသည့်အတွက် အဆိုပါဒေသတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် SSPP မှ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူက တားမြစ်ခဲ့သော်လည်းTNLA အဖွဲ့က အဆိုပါကျေးရွာအနီးအထိ စစ်တပ်အား မျှားခေါ်လာခဲ့သည်ဟုဆိုသည်။

ဒါ့အပြင် အဆိုပါဒေသတွင်ရောက်ရှိလျက်ရှိသည့် TNLA အဖွဲ့ကိုလည်း ထွက်ခွာပေးရန်ပြောဆိုရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အရင်တစ်ပတ်ကတည်းက မူဆယ်မြို့နယ် မန့်ဟီးရိုး၊ မန့်ဟောင်း၊ နောင်မ အပြင် ရွှေလီမြစ်ဝှမ်းတစ်လျောက်မှာ SSPP က နေရာယူထားတဲ့အတွက် အဲ့ဒီမှာရှိနေတဲ့ ရွာတွေထဲကို တိုက်ပွဲမပြုလုပ်ဖို့ SSPP အဖွဲ့က စစ်တပ်ကိုရော TNLA ကို စာပို့တယ်။ အဲ့ဒါကို TNLA တွေဘက်က နားမထောင်တဲ့အပြင် အဲ့ဒီဒေသအထိ တိုက်ပွဲခေါ်လာတယ် ပြီးတော့ SSPP ကိုလည်းထွက်ခိုင်းတယ်လို့ပြောတယ်။ အခုအပြန်အလှန်ပစ်ခတ်တာကလည်း TNLA ဘက်က အရင်စပစ်တာလို့ ပြောကြတယ်။" ဒေသခံတစ်ဦးကပြောပြသည်။

ဒါ့အပြင် ယနေ့တွင် SSPP အဖွဲ့​၏ မူဆယ်မြို့နယ် နယ်မြေမှူးအဆင့်ရှိ အရာရှိတစ်ဦးနှင့် တပ်သား(၇)ဦးအား TNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ်ခဲ့ကြောင်း ပြည်သူ့သတင်းအချို့ကဖော်ပြကြသည်။ အဆိုပါကိစ္စအား အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

#Crd

Post a Comment

Previous Post Next Post