ဖြူးမြို့ ညောင်ပင်သာရဲစခန်း တိုက်ခိုက်ခံရသော်လည်း လုံခြုံရေးတပ်ဖွဲ့များ ပြန်လည်ခုခံချေမှုန်းခဲ့ခြင်းကြောင့် ရန်သူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွား


ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး စခန်းအတွင်း ရန်သူအနည်းငယ် ဝင်ရောက်မှုရှိခဲ့သော်လည်း လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ခုခံချေမှုန်းခဲ့ခြင်းကြောင့် ရန်သူများ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးဘက်မှာ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရွပ်ရွပ်ချွံချွံ ခုခံချေမှုန်းမှုကြောင့် ရန်သူ စခန်းထဲကို အနည်းငယ်ဝင်ရောက်ပြီးနောက်ပိုင်းမှာ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း တွေ့ရှိခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၃ ရက် (ယနေ့) နံနက် ၄ နာရီ ၁၅ အချိန်တွင် တော်ဝင်ဒေါင်းစစ်ကြောင်း၊ ရိုးမစစ်ကြောင်း(၁)၊ အာဠာဝက စစ်ကြောင်း၊ BLPA နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖြူးမြို့ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီတွင် စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ညောင်ပင်သာရဲစခန်း လုံခြုံရေးတပ်ဖွဲဝင်အင်အား ၆၀ ခန့်ရှိသည့်အနက် ၃၀ ခန့် သေဆုံးခဲ့ကြောင်းနှင့် ညောင်ပင်သာရဲစခန်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပိုယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့် ၆၀ မမဗုံးသီး ၂၇ ခု၊ G2 တစ်လက်၊ G3 နှစ်လက်၊ ပြောင်းချော လေးလက်၊ BA 94 နှစ်ခု၊ MA-13 တစ်လက်၊ Tear Gas Gun နှစ်ခု၊ လက်ပစ်ဗုံး ခြောက်လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် လေးခု၊ လက်တော့ တစ် လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး တစ်လုံး ၊ ကျည်ကာ နှစ်ခု၊ ဦးထုပ် ငါးလုံး၊ G3 ကျည်ဘောက် ခြောက်ခုနှင့် ၉ လုံးကျည် ၂၀၁ တောင့်တိုကို သိမ်းဆည်းရရှိခဲ့ကြောင်း Royal Peacock Column ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

#sac #ပွင့်လင်းမြန်မာ #PDF #ပကဖ #NUG #mtnews #myanmar_transparency_news

Post a Comment

Previous Post Next Post