မြန်မာနိုင်ငံရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့များကို AI နည်းပညာအသုံးပြုကာ တိုးမြှင့်ထုတ်လုပ်ရန် မြန်မာ-ရုရှား ဆွေးနွေးနေ


မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို AI နည်းပညာအသုံးပြုကာ တိုးမြှင့်ထုတ်လုပ်ရန် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ဆွေးနွေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

နစက၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် နှင့် ရုရှားနိုင်ငံ သံအမတ် ကြီး Mr. Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်)၊ နံနက်ပိုင်းတွင် နေ ပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်ရေး ကိစ္စရပ်များကို နှစ်ဖက်ကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အထွက်နှုန်းကျဆင်းနေသည့် ရေနံ နှင့် သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းများတွင် Artificial Intelligence (AI) နည်းပညာအသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့် အခြေအ နေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများကို မကွေးတိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ ရေနံမှော်များတွင် အများဆုံးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိ နစက အစိုးရလက်ထပ်တွင် မြန်မာနှင့် ရုရှားနိုင်ငံ၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်ကောင်းမွန်လျက်ရှိပြီး မြန်မာနိုင်ငံ၌ နျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက်လည်း ရုရှားနိုင်ငံက အကူအညီပေးလျက်ရှိသည်။

Post a Comment

Previous Post Next Post