မြန်မာ့နိုင်ငံရေးသုံးသပ်ချက်အနှစ်ချုပ်


၁။ စာသင်ကျောင်းတွေဟာ ကိုဗစ်ကြောင့် အချိန်အတော်ကြာပိတ်ထားခဲ့ရာကနေ ၂၀၂၀ နိုင်ငံရေးအခင်းအကျင်းကနေ ပေါ်ထွက်လာခဲ့တဲ့ PDF တွေကြောင့် ပိုပြီးဆိုးဝါးတဲ့ အခြေအနေဖြစ်ခဲ့ရတယ်။ ဆရာ/မ တွေရော၊ ဝန်ထမ်းတွေနဲ့ ကျောင်းသူ/သားတွေကို PDF တွေက CDM လုပ်ခိုင်းခဲ့ကြသလို နယ်မြို့တွေက စာသင်ကျောင်းတွေဟာ LPDF တွေ စစ်စခန်းတွေအဖြစ်နဲ့ အသွင်ပြောင်းသွားကြတယ်။ ဒေသတွင်းနိုင်ငံတွေက ကိုဗစ်တခုတည်းကြောင့် အချိန်မီ ကုစားလို့လွယ်ပေမဲ့ မြန်မာတွေရဲ့ မျိုးဆက်သစ် ကလေးတွေဟာ ဆယ်စုနှစ် တခုစာလောက် ပညာရေးမှာ နောက်ကျသွားခဲ့ကြရပြီဆိုတာကတော့  တကယ့်အမှန်တရားပဲ။

၂။ နယ်မြေတည်ငြိမ်မှု မရှိလို့ နစက အနေနဲ့ အုပ်ချုပ်ရေး အာဏာကို ကာလုံခေါ်ပြီး ၆ လ တဖြတ်စီ တိုး နေရတာ တွေ့ရတယ်။ တဖက်မှာလည်း NUG အတွက်  တောာ်လှန်‌‌ ရေးကြီးက ပြီးလို့ မရဘူး။ LPDF အချင်းချင်းသတ်ဖြတ်တာတွေအပြင်၊ မှုဒိမ်းမှုတွေ ၊ ခြေတော်တင်မှု‌တွေ၊ အလှူငွေဘုံးတဲ့ ဖြစ်စဉ်တွေနဲ့ EAOs တွေက PDF တွေကို အနိုင်ကျင့်သတ်ဖြတ်တဲ့ ကိစ္စတွေက NUG သာ အာဏာ ပြန်ရရင် မဖြစ်မနေ တာဝန်ယူဖြေရှင်းရမဲ့ ကိစ္စမို့  ဒီတော်လှန်ရေးကြီး မပြီးဆုံးအောင် ထပ်ပြီးဆန့်ဦးမယ် အခြေအနေရှိတယ်။ ဒါ့ကြောင့်လည်း စု၊ ရွေး၊ လွှတ်ဆိုတဲ့ လမ်းစဉ်ကို ဖယ်ကျဉ်ပြီး စစ်အာဏာရှင်ပပျောက်ရေးလို့ ခေါင်းစဉ်တည်ထားတာဟာ အကြောင်းမဲ့ မဟုတ်ဘူး။

၃။ ပြည်တွင်အင်အားစု ပါတီတွေဟာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ စုပေါင်းအားထုတ်တာ မတွေ့ရဘူး။ နစက လုပ်လာမဲ့ ရွေးကောက်ပွဲအတွက်ဝင်‌ ရောက်ယှဉ်ပြိုင်ရေးကိစ္စအတွက်သာ ပြင်ဆင်နေတာတွေ့ရတယ်။

၄။ စီးပွားရေးမှာ ဆိုရင် ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံထားရတယ်။ မိုးတွင်းစိုက်ပျိုးရေးကာလ မရောက်ခင် ခုလို ဆောင်းဦးကာလမှာ ပို့ကုန်များများတင်သွင်းဖို့ မလုပ်နိုင်ခဲ့ရင် နောက်နှစ်မှာ ဒီအကျိုးဆက်‌ တွေကို သေချာပေါက် ခံရလိမ့်မယ်။ .စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေ ရှားပါးလာနိုင်သလို ဆေးဝါးနဲ့ အဆောက်အဦသုံး ပစ္စည်းတွေကိုလည်း ဈေးကြီးပေးပြီး တင်သွင်းကြရလိမ့်မယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း တည်ငြိမ်မှုကို ကို ၄ လပိုင်းအတွင်း မဖြေရှင်းနိုင်ရင် နိုင်ငံ့စီးပွားရေး အတော်လေး ထိခိုက်သွားစေနိုင်တာ တွေ့ရတယ်။

၅။ လာမဲ့နှစ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေ ရှိနေသလို ယူကရိန်း-ရုရှားစစ်၊ အစ္စရေး-ဟားမတ်စစ်တို့ကလည်း ဒီရွေးကောက်ပွဲတွေနဲ့အပြိုင် ကမ္ဘာကြီးကို အကျိုးသက်ရောက်မှု ရှိနေဦးမှာပါပဲ။  ဒီလိုပဲ မြန်မာ့နိုင်ငံရေးဟာ အတက်မရှိဘဲ ခုလိုသာ မြို့ကြေ စစ်ပွဲတွေ  ဆက်တိုက် ဖန်တီးနေဦးမယ်ဆိုရင်..... နိုင်ငံရေးသာမက စီးပွားရေးတွေ ပါ ကြပ်တည်းပြီး ပြည်သူတွေအနေနဲ့ ပိုပြီးရုန်းကန်ရနိုင်ဦးမယ်လို့ ထင်မြင်ယူဆမိပါကြောင်း။ ။


(နရီမိုး)

Post a Comment

Previous Post Next Post