ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ စစ်ပွဲ


✅ဆွေးနွေးပွဲတွေ မအောင်မြင်ဘူးဆိုတာ ရည်မှန်းချက်တွေ တင်းကစားကြလို့ပါ။ တအောင်းက ပြည်နယ်လိုချင်တဲ့  ရည်ရွယ်ချက်ရှိတာ လူတိုင်းသိတယ်။ ခက်တာက ပလောင်တွေနေတဲ့ နမ့်ဆန်၊ နမ္မတူနဲ့ မန်တုံက လက်ဖက်ပဲ ထွက်တယ်။ ပြည်နယ်အဆင့်ပေးမယ်ဆိုရင်တောင် သစ်မှောင်ခိုလုပ်ရင်လုပ်၊ မလုပ်ရင် အခွန် နှစ်ဆ တိုးကောက် ဆိုတဲ့ အခင်းအကျင်းပဲရမယ်။ ဒါ့ကြောင့်လက်နက်ကိုင်အဖွဲ့ကို အားကြီးအောင် တည်ဆောက်တယ်။ အားကြီးလို့လည်း ကျောက်မဲ၊ နောင်ချိုမှာ SSPP/ SSA တောင် တအောင်းကို မထိမ်းနိုင်ဘူး။ နမ့်ခမ်းဖြစ်စဉ်ကိုပါ ကြည့်ရင် ဒီအနေအထားက သိပ်သိသာတယ်။ ဒါ့ကြောင့်လည်း သိန္ဓီနဲ့ ကွတ်ခိုင်ကို ရအောင်သိမ်းတယ်။ ဒီပြည်ထောင်စုလမ်းပိုင်းပေါ်က မြို့တွေရမှ တရုတ်ကနေဆင်းလာမယ့် BRI လမ်းကြောင်းမှာ အစိုးရရဲ့ ဝေပုံကျ ခွဲတမ်းမှာ ဖင်ခုထိုင်လို့ရမယ်။


✅ကိုးကန့် MNDAA ကသူလိုချင်တဲ့ ကိုးကန့်ဒေသကို လောက်ကိုင်ကို အလုံးစုံသိမ်းပိုက်ပြီးတဲ့နောက်မှာ နိုင်ငံရေး ရည်မှန်းချက်က ကုန်သွားပြီ။ နောက်ကွယ်က အပေးအယူကိစ္စတွေကြောင့် မြို့နှစ်မြို့ကို "ဝ" လက်ထဲ ထိုးအပ်တယ်။ မဟာမိတ်တွေဖြစ်လို့ TNLA နဲ့ ရခိုင် AA ရဲ့ ရည်မှန်းချက်ကို အသွင်ပြောင်းပြီး ကူကြဦးမယ်။ တကယ်လို့ လောက်ကိုင်သာ အရပ်သားတွေ ပြန်ဝင်ပြီး အရင်လို ပုံမှန်လှုပ်ရှားသွားလာနေကြပြီဆိုရင်....လုပ်ရကိုင်ရ ခက်ကုန်တော့မယ့် အနေအထားကြီး ဖြစ်သွားပြီ။


✅ ရခိုင်ဘက်အခင်းအကျင်းကို သုံးသပ်ကြည့်ကြမယ်။ AA က ပလက်ဝကို ဘာလို့ ဖိတိုက်နေရသလဲ။ အဖြေက ရှင်းရှင်းလေးရယ်။ ဒီ ဒေသတွေမှာ ကုလားတန်နဲ့ ကျောက်ဖြူရေနက်စီမံကိန်းတွေရှိ‌ နေတယ်။ AA အနေနဲ့  ဘီလျံနဲ့ ချီတဲ့ ဒီစီမံကိန်းတွေမှာ အချိုးကျ ကိုယ်စားပြုခွင့်ရနိုင်ဖို့ အလိုရှိတယ်။ တကယ်လို့ AA သာ ပလက်ဝကို ရသွားရင် AA နဲ့ အပစ်ရပ်ဖို့ စိနကြီး ဝင်လာလိမ့်ဦးမယ်။ နားချလိမ့်ဦးမယ်။   တကယ်ဆို ပလက်ဝက ရခိုင်မပိုင်ဘူး။ ချင်းထဲမှာ။ နဂိုကတည်းက ၄၅ မျိုးရှိရင် ၅၄ မျိုးကွဲတဲ့ ချင်း CNF က ဒီပြဿနာကို မကိုင်တွယ်နိုင်ဘူး။ သူတို့ကို ပေးထားတာက တမူး လမ်းကြောင်း မက်လုံး။ ဒါက အိန္ဒိယက ဖော်ဆောင်မှ ဖြစ်မယ့် မဟာဗျူဟာမြောက်လမ်းကြောင်းကြီး တစ်ခု။ ဒီလမ်းကြောင်း ထိန်းနိုင်ရင် TNLA လိုပဲ ဗဟိုအစိုးရရဲ့ အခွန်အခကို ခွဲတမ်းကျ ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တိုက်ပွဲထဲဝင်လာတာ။လက်ရှိ CNF တိုက်နေတဲ့  အောင်ဇေယျ၊ ခမ်းပတ် စခန်းတွေက ဒီလမ်းမကြီးပေါ်က စခန်းတွေပဲ။ ပလက်ဝ ကို လက်လွတ်ရချင်း၊ မလွှတ်ရခြင်းအတွက် ချင်း တွေ သိပ်ရင်ခုန်နေတာလည်း မတွေ့ရဘူး။ မတွေ့ရဆို.....ပကတိ အနေအထားအရ  ချင်းက AA ကို ခံချနိုင်တဲ့ အင်အားမှ မရှိပဲ။


✅စတုတ္ထအကြိမ် ဆွေးနွေးပွဲ ရှိလာရင်လည်း ကုန်သွယ်ရေးလမ်းကြောင်းပွင့်ဖို့ပဲ တရုတ်က အာရုံစိုက်လိမ့်မယ်။ နယ်မြေတွေပါသွားတာ။ တပ်စခန်းတွေဆုံးရှုံးသွားရတာမျိုး ထည့်တွက်နေမှာလည်း မဟုတ်ဘူး။ တရုတ်ဆန့်ကျင်ရေး ကမ်းပိန်းတွေလည်း သိပ်ဂရုစိုက်ဖွယ်မရှိဘူး။ မိုးမပြို၊ ပြိုခဲ့သည် ရှိသော်ပေါ့။ တောင်နဲ့မြောက်ကွဲနေတဲ့ "ဝ" ရဲ့ ပြည်နယ်တဆက်တည်း အိမ်မက်က မရှိတော့ဘူးလို့ ခင်ဗျားတို့ပြည်သူတွေ ယုံကြည်နေကြသလားလို့ မေးကြည့်ပါဦးမယ်။


✅ဖွဲ့စည်းပုံမှာတော့ အချုပ်အခြာက ပြည်သူကနေ ဆင်းသက်တာပါပဲ။ ပြည်နယ်တခု ထပ်တိုးထွက်လာဖို့ဆိုရင် ဒေသခံပြည်သူတွေမှာ ထောက်ခံဆန္ဒပြုပွဲတွေ လိုအပ်တယ်လို့ အတိအလင်းပြဋ္ဌာန်းထားချိန်မျိုးမှာ.... လက်နက်ကိုင်အားကောင်းလို့ ၊ စစ်ပွဲတိုက်လို့ နိုင်ကြေးသာ ပြည်နယ်နယ်နိမိတ်တွေ ပြောင်းလဲ သတ်မှတ်ရကြေးဆိုရင်....အချပ်အခြာ အာဏာပိုင်တဲ့ ပြည်သူ တွေကို မျက်နှာ မပူဘူးလားလို့ပဲ မေးရမယ်။ ဘယ်လို အနေအထားမျိုးနဲ့ ခေါင်းစဉ်တပ်တပ် ၁၀၂၇ က အစပြုလိုက်တဲ့ ဒီစစ်ပွဲတွေက တိုင်းရင်းသား အရည်ခွံခြုံပြီး ဆိတ်ခေါင်းချိတ်၊  ခွေးသားရောင်းတဲ့ လုပ်ရပ်ပါပဲ။


(နရီမိုး)

Post a Comment

Previous Post Next Post