ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးသုံးဦးကို တရုတ်လက်အပ်လိုက်ပြီ


နေပြည်တော်အထိသီးသန့်လေယာဉ်နဲ့လာခေါ်

အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး တရုတ်ဘက်ကဝရမ်း ထုတ်ထားတဲ့ ကိုးကန့်သူဌေးတချို့အပါအဝင် စုစုပေါင်း ၁၀ ဦး ကိုစစ်ကောင်စီကနေပြည်တော်မှာ ဒီကနေ့ ည ၇ နာရီဝန်းကျင်မှာ တရုတ်နိုင်ငံဘက်ကိုလွှဲလိုက်ပါတယ်။

ဘီဘီစီက ရရှိထားတဲ့ စာရင်းအရ တရုတ်ဘက်ကနောက်ဆုံးဝရမ်းထုတ်ထားတဲ့ လုပ်ငန်းရှင် ဆယ်ဦးထဲက ၆ ဦးကို လွှဲအပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ၆ ဦးထဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန် နဲ့ သူ့သား ပယ်ရင်ချန်၊ဝေမိသားစုအိမ်က အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ကိုးကန့် ရဲ့အချမ်းသာဆုံးဖူလီလိုက်လုပ်ငန်းစုဦးဆောင်သူဦးလျိုအားပေါက် တို့ ပါဝင်ပါတယ်။

ဒါကြောင့် ကိုးကန့်ရဲ့ အချမ်းသာဆုံးနဲ့ သြဇာအကြီးဆုံး မိသားစုကြီး လေးစုဖြစ်တဲ့ ပယ်အိမ်၊ လျိုအိမ်၊ ဝေအိမ် နဲ့ မြီ အိမ်တို့ရဲ့ ဦးဆောင်သူတွေအားလုံးတရုတ်လက်ထဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

တရုတ်ကဝရမ်းထုတ်ထားသူ မြီရှောက်ချန်ကတော့ နိုဝင်ဘာလကတည်း သေဆုံးခဲ့ပြီးဖြစ်ကာ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရုတ်ထောက်လှမ်းရေးတချို့အပါအဝင် တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးခဲ့တဲ့ မြီ မိသားစုပိုင်တဲ့ ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ်ဝန်းမှာ သေနတ်ပစ်မှုမှာ ပါဝင်တယ်လို့  စွပ်စွဲခံထားရသူ လေးဦးကိုပါ တရုတ်လက်ထဲ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #စစ်ကောင်စီ #ကိုးကန့်သူဌေး #နေပြည်တော် #တရုတ်လက်အပ်

Post a Comment

Previous Post Next Post