နိုင်ငံတကာ အဆင့်မီ ဆေးကုသမှုများကို ပြည်သူများ ရရှိနိုင်မည့် ရန်ကုန်ဆေးရုံကြီး(၇)ထပ် ဆေးကုသဆောင်သစ်ဖွင့်လှစ်


တိုးတက်များပြားလာသည့် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုကို ရရှိခံစားနိုင်စေရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ (၇)ထပ်ဆောင်အသစ်ကြီးကို ဆောက်လုပ်ဖွင့်လှစ်‌ရခြင်း ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ပြောသည်။

ယနေ့ ဇန်နဝါရီ (၂၁) ရက် နံနက်ပိုင်းက ပြုလုပ်သည့် ရန်ကုန်ဆေးရုံကြီး (၇) ထပ်ဆောင်သစ်ဖွင့်လှစ်ပွဲတွင် ယင်းခဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ (၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် ရည်ရွယ်ပြီး ဆေးရုံဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစိုက်မတ်မတ် ဆက်လက်တည်ဆောက်ပေးသည့်အတွက် ယနေ့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြိုတော်ဖြစ်သည့် ရန်ကုန်မြိုတွင်တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေးအတွက်ခေတ်အဆက်ဆက်အဓိကကျသည့် ဆေးရုံကြီးဖြစ်သည်။

ရန်ကုန် ဆေးရုံကြီးသည် ၁၈၇၃ ခုနှစ် ကတည်းက (၄၈၃) ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက်တွင် ခုတင်များ တိုးမြှင့်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ခုတင် (၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများစွာကို အကျိုးပြုနေသည့် ဆေးရုံကြီးတစ်ခုလည်းဖြစ်သည်။

အခက်အခဲအမျိုးမျိုးဖြင့် ကြန့်ကြာနေသည့်(၇)ထပ်ဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးအောင် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကူညီဆောင်ရွက်ပေးကြသည့်ဌာန အသီးသီးမှ တာဝန်ရှိသူများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း နစက ဥက္ကဋ္ဌက ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံကာ တည်ဆောက်ထားသည့် (၇)ထပ်ကုသဆောင်သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါ လူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ်ကုသဌာနတိုပါဝင်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့်မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးနေသော်လည်း ပြည်သူများအနေဖြင့် ယင်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိ နိုင်မည်မဟုတ်သည့် အတွက် သက်ဆိုင်သူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောကြားခဲ့သည်။

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို နစက ဥက္ကဋ္ဌ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဆေးပညာရှင်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။                       #Popular journal

Post a Comment

Previous Post Next Post