❝ MNDAA ရဲ့ အထူးဒေသပုံစံ တောင်းဆိုမှုက အခြေခံဥပဒေကို ကျော်လွန်ခြင်း ရှိ/မရှိ.....❞xxxxxxxxxxxxxxxxxx


■ MNDAA ရဲ့ မနေ့က ထုတ်ပြန်ချက်ကို ဖတ်ရင်း အတော်လေး အံ့အားသင့်ခဲ့ရတယ်။ သူတို့ထုတ်ပြန်ချက်ထဲမှာ လူမျိုးစွဲအတ္တ ဘယ်လောက်ကြီးမားသလဲဆိုတာကိုလည်း သိသာထင်ရှားစေခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတဲ့ တိုင်းပြည်တစ်ခုလိုမျိုး....




 လက်နက်ကိုင်တစ်စုကသာ နယ်မြေဒေသတစ်ခုကို အုပ်ချုပ်မယ်ဆိုတဲ့  အတွေး (Idea) တွေကို ဘယ်လိုအတွေးအခေါ်နဲ့များ စဉ်းစားလိုက်သလဲဆိုတာ တွေးလို့တောင် မရခဲ့ဘူး။  ကိုးကန့်လူမျိုးအများစု နေထိုင်ရာဒေသမို့ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်နဲ့ပေးထားတာတောင်မှ ဖွဲ့စည်းပုံကို ကျော်လွန်တဲ့တောင်းဆိုမှုမျိုး လုပ်လာတဲ့ လုပ်ရပ်က အတော်လေးတော့ လွန်တယ်လို့ ပြောရမှာပဲဖြစ်တယ်။
■ နိုင်ငံတစ်ခုဖြစ်တည်လာပြီဆိုရင် အစိုးရတရပ်ဆိုတာရှိရသလို အစိုးရတရပ် ရှိလာရင်လည်း တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ အခြေခံဥပဒေဆိုတာလည်း မဖြစ်မနေ ရှိလာကြရတယ်။ ကမ္ဘာပေါ်မှာ... အခြေခံဥပဒေလို့ ဆိုလိုက်တာနဲ့ အမျိုးအစား နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက စာနဲ့ ရေးထားတဲ့ အခြေခံဥပဒေနဲ့ နောက်တစ်မျိုးက စာနဲ့ ရေးမထားတဲ့ အခြေခံဥပဒေမျိုးဖြစ်တယ်။ လက်ရှိ ကမ္ဘာပေါ်မှာ စာနဲ့ ရေးမထားဘဲ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ နိုင်ငံ ၊ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတဲ့ နိုင်ငံ ဆိုလို့ ၅ နိုင်ငံပဲရှိတယ်။ ဥပမာပြောရရင် အစ္စရေးတို့၊ အင်္ဂလန်တို့လိုမျိုးပေါ့။ ဒါတောင် အင်္ဂလန်လိုနိုင်ငံမျိုးမှာ  ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိတာတောင် ၁၆၈၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ( Bay of Rights) ၊ ၁၇၀၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ (Settlement Act) နဲ့ ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ (Act of Parliament) ဆိုတဲ့  အထိမ်းအကွပ်လေးတွေ ရှိသေးတယ်။ ဆိုလိုချင်တာက.... လက်နက်ကိုင်ပြီး ကိုယ်မင်းကိုယ်ချင်း၊ ကိုယ်ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း (Lord-War)ပုံစံနဲ့ အုပ်ချုပ် မယ် ဆိုတာမျိုးက ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်တွေ ဖြစ်နေသလို  ဒီဘက်ခေတ်မှာ အလုပ်ဖြစ်နိုင်စရာအကြောင်းလည်း မရှိဘူး။
■  ပြည်တွင်းစစ်ပွဲတွေချုပ်ငြိမ်းဖို့ ဖက်ဒရယ်အပေါ်မှာ ဖြေလျော့ပေးလာမှုတွေကို အခွင့်အရေးဆိုပြီး လက်တဆုံးတော့ မနှိုက်စေချင်ဘူး။ နောက်ထပ်သဘောတရားတစ်ခု က ...ပြည်နယ်တွေဆိုတာ ဗဟိုပြည်ထောင်စုနဲ့ အခွင့်အရေးတန်းတူညီမျှမှု ရှိတယ်ဆိုတာ လက်ခံကြပေမဲ့ ...အခွင့်အရေးနဲ့ပတ်သက်ရင် မင်း ၅၀ ၊ ငါ ၅၀ ဆိုတဲ့ အချိုးမျိုး သဘောမပိုက်ထားကြဖို့တော့ လိုအပ်တယ်။ ဖွံ့ဖြိုးတိုးတက်မှုချင်းမတူညီတဲ့ ပြည်နယ် တွေ၊ သံယဇာတထွက်ပုံချင်းမတူတဲ့ ဒေသတွေကို ဗဟိုကပဲ ဖြည့်ဆည်းပေးရမှာ ဖြစ်လို့ အပေးအယူသဘောမျိုးနဲ့သာ ညှိနှိုင်းသင့်တယ်။
■  ဒီမိုကရေစီနဲ့ဖက်ဒရယ်အခြေခံသော ပြည်ထောင်စုနိုင်ငံ တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်အတိုင်း  တချို့သော လူမျိုးစုတွေအနေနဲ့ ပြည်နယ်အသစ်တွေ ထပ်တိုး တောင်းဆိုမှုတွေကလည်း မလွှဲမသွေ ရှိလာမှာပဲ။ ဒီလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အခွင့်အရေးနဲ့အတူ ပြည်နယ်တွေဘက်ကလည်း ဘာတွေတာဝန်ခံပေးမလဲဆိုတာမျိုးပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်သင့်တယ်လို့ မြင်မိတယ်။ တန်းတူညီမျှမှု မရှိသမျှ ခွဲထွက်ခွင့်ကို အာမမခံဘူးဆိုတဲ့ အသေဆုပ်ကိုင်ထားတဲ့ စကားလုံးတွေနဲ့ ငြိမ်းချမ်းရေး စာပွဲဝိုင်းပေါ်မှာ အချိန်မဖြုန်းဖို့လည်း လိုအပ်တယ်။ နောက်တခုက “ဝ”လိုမျိုး ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတဲ့ တချက်နဲ့...ဗဟိုအာဏာစက်လည်း မသက်ရောက် တဲ့ ဒေသမျိုး၊ ကိုယ်ပိုင်လက်နက်စက်ရုံထောင်ပြီး နိုင်ငံငယ်လို ဖြစ်တည်နေတဲ့ အခြေအနေမျိုးအတွက်လည်း ဖြစ်နိုင်သမျှ နည်းလမ်းတွေသုံးပြီး အဖြေရှာသင့်တယ်။ လုပ်ငန်းခွင်တွေမှာ ဂျစ်ကန်ကန်နိုင်တဲ့ကောင်ကို ဘေးမဲ့ပေးထားသလိုမျိုးတော့ မလုပ်သင့်ဘူး။
■  အာဏာရှင်စနစ်မလွန်ကဲတဲ့ နိုင်ငံဖြစ်ဖို့ လိုအပ်သလို မင်းမဲစရိုက်ဆန်တာမျိုးကိုလည်း ခွင့်ပြုထားလို့ မဖြစ်ဘူး။ ဗဟိုဦးစီးစနစ်လွန်ကဲလို့ မရပြန်သလို အလွန်အကျူး ဒီမိုကရေစီပုံစံ မျိုး မသက်ရောက်အောင်လည်း ထိန်းညှိထားဖို့ လိုအပ်တယ်။ လူမျိုးရေးကို ရှေ့တန်းတင်တဲ့ ပုံစံမျိုးကို ခွင့်ပြုလို့မရသလို လစ်လျူရှုထားတဲ့ ပုံစံမျိုးမဖြစ်အောင်လည်း ဥပဒေတွေနဲ့ ထိန်းကြောင်းဖို့ လိုအပ်တယ်။ အချုပ်ဆိုရရင် လက်နက်ကိုင်လူမျိုးစု တစ်ခုက အခြေခံဥပဒေကို လစ်လျူရှုပြီး အထူးဒေသပုံစံ သွားမယ်ဆိုတဲ့ ကြေငြာချက်မျိုး က ဘယ်လိုမှ လက်သင့်ခံစရာအကြောင်းမရှိဘူးလို့ပဲ မြင်မိတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post