ပတ်စ်ပို့စ်လုပ်ရန် လူတန်းစီရင်း တိုးဝှေ့ကြရာမှ လူအုပ်ပိ၍ အမျိုးသမီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရသည့်ဖြစ်စဥ် မန္တလေးမြို့တွင်ဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊၁၂ လမ်း၊ ၆၄လမ်းနှင့် ၆၅လမ်းကြားရှိ ပတ်စ်ပို့စ်ရုံးတွင် နိုင်ငံကူးလက်မှတ်လုပ်ရန် လူတန်းစီရင်း တိုးဝှေ့ကြရာမှ အမျိုးသမီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသည့်ဖြစ်စဥ်တစ်ခု ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ ၂ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း သေဆုံးသွားသူ အမျိုးသမီး၂ ဦးမှာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၆၇) တွင်နေထိုင်သည့် အသက် ၅၂ နှစ် အရွယ် ဒေါ်ခင်မျိုးအေးနှင့် ညောင်ကွဲရပ်ကွက်၊ အကွက်(၇)တွင်နေထိုင်သည့် အသက် ၃၉ နှစ်အရွယ် မခိုင်ဝေတို့ဖြစ်ကြသည်ဟုဆိုသည်။

အလားတူ လူအုပ်အတွင်း ပိမိခဲ့သည့် ညောင်ကွဲရပ်ကွက်၊ အောင်သပြေရပ်တွင်နေထိုင်သူ  အသက် ၅၃ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်း မှာလည်း ခြေထောက်ကျိုးသွားသည့်အပြင် သွားကျိုးကာ ဦးခေါင်းအနည်းထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှု ကယ်ဆယ်ရေး အသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရသည်ဟု ဆိုထားသည်။

အဆိုပါ မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် နေ့စဉ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၀၀ ဦးဝန်းကျင်သာ လျှောက်လွှာတင်ခွင့်ပြုထားသဖြင့် ည ၁၂ နာရီဝန်းကျင်မှစတင်၍ နိုင်ငံကူး လက်မှတ်ရုံးရှေ့တွင် လူအုပ် ထောင်ချီ၍ ညအိပ်စောင့်ဆိုင်းကာ တန်းစီနေကြကြောင်း ဒေသခံများ၏ ပြောပြမှုအရ သိရသည်။

Post a Comment

Previous Post Next Post