မြန်မာနိုင်ငံသားအမည်နဲ့ ကုမ္ပဏီ မှတ်ပုံတင်ပြီး တရုတ်နိုင်ငံသားက ဦးဆောင်နေတဲ့ Online ချေးငွေလုပ်ငန်းမှ လိမ်လည်ဂုတ်သွေးစုပ်ဂိုဏ်းကို ဖော်ထုတ်ဖမ်းမိ


ဦးဇေယျာမင်း(ဘ) ဦးအောင်မင်း တစ်ဦးတည်းအမည်ဖြင့် မှတ်ပုံတင်ထားပြီး တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian က ဦးဆောင်နေသည့် Mashala Tech CO.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ်ငွေကြေးအမြတ် ထုတ်လိမ်လည်လုပ်ကိုင်နေသူများကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အထိ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကုမ္ပဏီသည် ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၄၄/၅၆) MMG Tower၊ (၆)လွှာ၊ အခန်း (၆၀၄)တွင် ဖွင့်လှစ်ထားရှိပြီး ယင်းကုမ္ပဏီတွင် ချေးငွေကောက်ခံသူအဖြစ် တစ်လလျှင် လစာ ၃၂၀၀၀၀ ကျပ်ဖြင့်လုပ်ကိုင်နေသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၄၅၈/က)၌ နေထိုင်သူ မဆုရည်နွယ် ဆိုသူအမျိုးသမီးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းမိတရားခံ မဆုရည်နွယ်၏ ထွက်ဆိုချက်များအရ Mashala Tech CO.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ်ငွေကြေးအမြတ် ထုတ်လိမ်လည်လုပ်ကိုင်နေသူများကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အထိ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ မမြတ်စန္ဒာဝင်း(ခ)စန္ဒာအပါအဝင် စုစုပေါင်းတရားခံ ၁၃ ဦးကို ၎င်းတို့လိမ်လည်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
စိစစ်ချက်များအရ ဥဆောင်သူ တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian ဆိုသူမှာ ဇန်နဝါရီ ၅ ရက်က ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ ကုမ္ပဏီအနေဖြင့် အွန်လိုင်းချေးငွေလုပ်ငန်းများလုပ်ကိုင်ရာတွင် Mr. Yu Linfeng က ဦးဆောင်ပြီး ဖမ်းဆီးရမိပြီးဖြစ်သည့် HR ဝန်ထမ်းဖြစ်သူ မြတ်စန္ဒာဝင်း၊ Assistant HR ဝန်ထမ်းများဖြစ်သူ ဖမ်းဆီးရမိပြီးဖြစ်သည့် မမို့မို့အောင်နှင့် ဖမ်းဆီးရန် ကျန်ကျော်မင်းဖြိုး တို့က ကြီးကြပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့၏ ကြီးကြပ်မှုအောက်တွင် အွန်လိုင်းချေးငွေများ ရယူလာစေရေး ဆွဲဆောင်သည့်အဖွဲ့၊ ချေးငွေ Application Download ပြုလုပ်ရန် ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက်တောင်းခံသည့် အဖွဲ့ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲကာလုပ်ကိုင်လျက်ရှိကြောင်း။
ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့အားဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မလွင်မေချစ် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့်လည်းကောင်း၊ ချေးငွေပြန်လည်ခြိမ်းခြောက်တောင်းခံသည့် အဖွဲ့ကို Team A, E, J, N, S, X အဖွဲ့ ၆ ဖွဲ့ခွဲထားပြီး Team-A တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မဝေဖြိုးသွယ်နှင့် Data Analysis ဖြစ်သူ မအေးမြင့်သူအပါအဝင် ချေးငွေကောက်ခံသူ ၁၅ ဦး၊ Team-E တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မောင်လဝန်းယံအပါအဝင် ချေးငွေကောက်ခံသူ ၁၀ ဦး၊ Team-N တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ လင်းကောင်းခန့်အပါအဝင် ချေးငွေကောက်ခံသူ ၁၀ ဦး၊ Team-J တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မရတနာအပါအဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ Team-S တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မနှင်းလပြည့်နှင့် မောင်ဇာနည်ဖြိုးအပါအဝင် ချေးငွေကောက်ခံသူ ၁၆ ဦး၊ Team-X တွင် ဖမ်းဆီးရန် ကျန် Leader ဖြစ်သူ မပန်းအိမွန်နှင့် မနှင်းအိခိုင်အပါအဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ စုစုပေါင်း ၉၁ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng(ခ) Willian နှင့် ဖမ်းဆီးရမိသူများဖြစ်သည့် မမြတ်စန္ဒာဝင်း(ခ)စန္ဒာ၊ မအေးမြင့်သူ(ခ) ဇူးဇူးကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်(ခ)မဝေ၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော်(ခ)ခန့်ကျော်၊ ငြိမ်းချမ်းဆွေနှင့် မစုစုအေးတို့အား အမှုဖွင့်လှစ်၍ တရားဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Mashala Tech CO.,Ltd ကုမ္ပဏီအနေဖြင့် Morning Cash ၊ Smile Loan ၊ Cash Loop ၊ WA Wallet ၊ PK Cash ၊ AJ Cash ၊ Morning Wallet ၊ Sky Cash ၊ Happy Cash ၊ Sun Bag ၊ Zuri Loan နှင့် Quick Cash စသည့် ချေးငွေ Application များအား အများပြည်သူ မြင်သာနိုင်ရန် Wave Money Application တွင် ထည့်သွင်းကြော်ငြာခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ချေးငွေရယူလိုသူများအနေဖြင့် အဆိုပါ Application များကို Download ပြုလုပ်၍ ဖုန်းအတွင်း Install ပြုလုပ်ပြီးပါက Register ပြုလုပ်ရန်အတွက် ချေးငွေပုံစံဖြည့်သွင်းရာတွင် အမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ငွေလက်ခံမည့် KBZ Pay/Wave Pay အကောင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်(ရှေ့/နောက်)ဓာတ်ပုံနှင့် Gmail တို့ကို ဖြည့်သွင်းပေးရကြောင်း၊ ဖုန်းတွင် Permission Access တောင်းခံပြီး ချေးယူလိုသူက Allow ပြုလုပ်ပါက Gmail ချိတ်ဆက်ထားသည့် ဖုန်း Contact များအားလုံးကို Application က တရားမဝင်ရရှိသွားကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက် ချေးငွေရယူလိုသူများထံ ချေးယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးဖြတ်တောက်၍ KBZ Pay/ Wave Pay မှတစ်ဆင့် လွှဲပြောင်းပေးပြီး အနည်းဆုံးငွေ ၃၀,၀၀၀ ကျပ်မှ အများဆုံးငွေ ၃၀၀,၀၀၀ ကျပ်အထိချေးပေးကြောင်း၊ ထို့နောက် ချေးယူငွေများအား တစ်ပတ်အတွင်း ပြန်လည်ပေးဆပ်စေပြီး ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ချေးငွေရယူထားသူများအား ဖုန်းဖြင့်ခေါ်ဆိုခြင်း၊ Viber သို့မဟုတ် SMS မှတစ်ဆင့် ချေးငွေပေးဆပ်ရန် ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်ကြောင်း၊ ချေးငွေပြန်လည်ပေးဆပ်ခြင်းမရှိသူများနှင့် ၎င်းဖုန်းအတွင်းမှ Contact Person များကို ဖုန်းဖြင့်ဆက်သွယ်၍ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် အရှက်တကွဲဖြစ်စေရန် ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ကြောင်းလည်း သိရှိရသည်။
MHT

Post a Comment

Previous Post Next Post