တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုမရှိဘဲ အရပ်သား အစိုးရဆီ လက်လွှဲပေးစရာ အကြောင်းတော့မရှိဘူး...

ကိုယ်တွေ စိတ်ပူတာက ဒရုန်း ဘယ်နှစ်စီးနဲ့ အတိုက်ခံရပါတယ်ဆိုတဲ့ အကြောင်းအရာကို စိတ်ပူတာကို မဟုတ်ဘူး။ သူတို့အသုံးပြုပါတယ်ဆိုတဲ့ ဒရုန်းက  တာဝေးလိုချင်ရင် ချိတ်ဆွဲတဲ့ ဗုံးသီးအလေးချိန်လျော့မှ ရမယ်ဆိုတဲ့အနေအထားမှာ ကြီးကြီးမားမားလည်း ထိခိုက်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့်  နောက်ဆက်တွဲ ဘာဖြစ်လဲ ဆိုတော့ နေပြည်တော်ကြီး အတိုက်ခံရတယ်ဆိုတဲ့ ပုံရိပ်ဆိုးကြီးနဲ့ တံဆိပ်အကပ်ခံရတော့တာပဲ။


နှစ်ပေါင်း ၇၉ နှစ်ကြာ တည်တံ့ခဲ့တဲ့ အင်စတီးကျူးရှင်းဟာ ဒီ Revolution လောက်နဲ့ ပြိုလဲစရာတော့ အကြောင်းမရှိဘူး။ ကိုယ်တွေဆီမှာက ခိုင်မာတဲ့ ဘတ်ဂျက်ရှိတယ်။ NUG လို အလှူပတ်ခံနေစရာလည်း အကြောင်း မရှိဘူး။ တခြား လက်နက်ကိုင်တွေလို အကြောက်တရားနဲ့ လူသစ်စုစရာ အကြောင်းလည်း မရှိသလို လိုအပ်တဲ့  လူသားအရင်းအမြစ်တွေကို ဥပဒေဘောင်ထဲကနေ စုဆောင်းနိုင်တဲ့ အခွင့်အရေး ရှိသေးတယ်။ 


အစိုးရ တဖက်လည်း ဖြစ်နေတဲ့အတွက် နိုင်ငံတကာအနေနဲ့ ဘယ်လို ဆန်ရှင်ပဲ အလုပ်ခံရခံရ တရားဝင်နဲ့ တရားမဝင်ဆိုတဲ့ အခြေအနေလောက်ပဲ ကွာခြားမှု ရှိမှာပဲ။ ကာကွယ်ရေးမှ မဟုတ်ဘူး။ ကဏ္ဍအစုံမှာ နည်းမျိုးစုံနဲ့ ဆက်သွယ်လို့ရတဲ့ အနေအထားမှာရှိတယ်။  ဥပမာ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ကိုယ်တွေအတွက်  တရားဝင် ကန့်ကွက်ပေးခဲ့တာမျိုးက အထင်ရှားဆုံး သာဓကပဲ။

အပေါစားလက်လုပ်ဒရုန်းတွေနဲ့ ကိုယ်တွေ အတိုက်ခံရချိန်မှာ တပြည်လုံးက စစ်ကြောင်းတွေကို ဒရုန်းတွေ ထုတ်ပေးနိုင်ဖို့ဆိုတာ ကိုယ်တွေအတွက် အချိန်တော့ ယူရဦးမှာပဲ။ ဖြစ်နိုင်ရင် မြို့ဝင်ဂိတ်တွေက လုံခြုံရေးအဖွဲ့တွေကိုလည်း ကာလတစ်ခု  သတ်မှတ်ပြီး အချိန်းအပြောင်း လုပ်စေချင်မိတယ်။ လက်ရှိ ပြာ်သူ့စစ်မှုထမ်း ဥပဒေအရ ဝင်ရောက်လာတဲ့ လူငယ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှု အခြေအနေ ၊ ရုပ်သံ သတင်းတွေကိုလည်း ဝေဝေဆာဆာ ဖော်ပြပေးနေသင့်တယ်။ လူကြီးတွေရဲ့ မူဝါဒဟာ ဒီအစုအဖွဲ့တွေကို ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေး အစုအဖွဲ့တွေ အဖြစ်နဲ့ မျှော်မှန်းထားတာဖြစ်လို့ ဝတ္တရားထက်ပိုတဲ့ ‌ရည်မှန်းချက်တွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားစေလိုမိတယ်။

သေချာတာကတော့....တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုမရှိဘဲ အရပ်သား အစိုးရဆီ လက်လွှဲပေးစရာ အကြောင်းတော့မရှိဘူး။ ဒါပေမယ့် ဒီလို အချိန်ကာလလေးမှာ လက်လွှတ်ထားတဲ့ မြို့တွေကို လက်နက်ကိုင်အစုအဖွဲ့တွေက တရုတ်အားကိုးနဲ့ အုပ်ချုပ်ရေးယန္တရား အခိုင်အမာ တည်ဆောက်သွားမှာ တစ်ခုပဲ စိုးမိတယ်။ သဘောတရားအရ ဖက်ဒရယ်အရ ပေးနိုင်တယ်ဆိုပေမယ့် လက်နက်ကိုင်အားကောင်းပြီး နယ်မြေဟာ တိုက်ယူရုံနဲ့ ရတယ်ဆိုတဲ့ ယဉ်ကျေးမှု ဓလေ့အားကောင်းသွားရင် တိုင်းပြည်ဟာ ပိုဆိုးတဲ့ ဒုက္ခတွေပဲ ကြုံလာဖို့ရှိမယ်လို့ တွေးမိတယ်။

နရီမိုး

Post a Comment

Previous Post Next Post