“ထင်သလောက် မလွယ်ကူနိုင်သေးတဲ့ ရှမ်းမြောက်စစ်မီးပြဿနာ”


----
လက်ရှိမြင်ရသလောက်တော့ ခုဖြစ်ပွားနေဆဲလက်နက်ကိုင် ပဋိပက္ခတွေကို ထိန်းချုပ်ဖို့ အချိန်တစ်ခုတော့ လိုအပ်နေသေးတယ်ဆိုတာပါပဲ။ ရှမ်းမြောက်မှာ ဆုံးရှုံးထားတဲ့ နယ်မြေ တွေကို ပြန်ရယူဖို့ အစိုးရအနေနဲ့ဆုံးဖြတ်မှာလား။ ဒါမှမဟုတ် ဖွဲ့စည်းပုံအရ  ဘောင်ဝင်ဖို့ နှစ်ဖက်သဘောတူညီချက်ရအောင် ဆွေးနွေးကြမှာလားဆိုတာလည်း တိတိကျကျ မသိနိုင် ကြပြန်ဘူး။ မသိနိုင်ဘူး ဆိုတာက ပြည်သူတွေကို ပြောတာပါ။ ၅ ကြိမ်မြောက် အထိ ရောက်နေမှတော့ အတိုင်းအတာတစ်ခုထိတော့ သဘောတူညီချက်ရကောင်း ရနေလောက်ပါပြီ။ ဒါကလည်း TNLA နဲ့ MNDAA အတွက်ဖြစ်မှာပါ။ တကယ်လို့များ သဘောတူညီချက်ရလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးပေးရင်တောင် အစိုးရရဲ့ လဝကနဲ့ ပြည်ထဲရေး ၊ အကောက်ခွန်ဌာနတွေဟာ ဗဟိုနဲ့ ပူးတွဲကိုင်ရမှာမို့ ဘယ်လိုအနေအထား ဆောင်ရွက်မှာလဲဆိုတာ ထပ်တွေးဖို့ လိုပါသေးတယ်။ အဓိကကတော့ ပြည်ထောင်စုလမ်း ကြီးပြန်ပွင့်ဖို့နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ထား စဉ်းစားရမယ်ထင်ပါတယ်။
-----

AA ကတော့ ရခိုင်ပြည်နယ်မှာ တပ်တွေ အကုန်ဆုတ်ပေးရမယ်ဆိုတဲ့ ကွန်ဖန်ထိရိတ် ပုံစံမျိုး တောင်းဆိုနေလို့ ဆွေးနွေးပွဲ ပျက်သွားတယ်လို့ အကြမ်းဖျင်းသိရပုံထောက်ရင် သဘောတူညီချက်ရဖို့ ခက်ခဲလောက်ပါသေးတယ်။ ဒါပေမယ့် နောက်ထပ်မေးစရာရှိ နေတဲ့မေးခွန်းက  ဖက်ဒရယ်နဲ့ တန်းတူညီမျှမှုအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုး ပေးအပ်လိုက် တယ်ဆိုပါစို့။ လက်နက်ကိုင်တပ်တွေရဲ့ ပိုင်ဆိုင်မှု နယ်မြေတွေကို တိတိကျကျ မသတ်မှတ်နိုင်ရင် ဒီဒေသမှာရှိတဲ့ လက်နက်ကိုင်တပ်တွေဟာ နေမြဲအတိုင်း လက်နက်ကိုင် ထားကြမှာဖြစ်လို့ ငြိမ်းချမ်းစဉ်ကတောင် နယ်မြေချဲ့တာတွေ၊ ဆက်ကြေး ကောက်တာတွေနဲ့ လူသစ်စုတာတွေ လုပ်နေကြတာဖြစ်လို့ ဒီလိုဖြစ်စဉ်မျိုး ထပ်လုပ် လာရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရက ထိန်းကျောင်းပေးမှာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ 
-----
နောက်တစ်ခုကတော့ ကြားပြည်သူတွေ ခံစားရမဲ့ ဒုက္ခပါပဲ။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးတွေကအစ ဖြည့်စွက်တွေးကြည့်ဖို့ လိုလာမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီဒေသမှာရှိတဲ့ ကျောင်းတွေကို လက်နက်ကိုင်တပ်တွေက လွှမ်းမိုးခဲ့ရင်၊ ဗဟိုအစိုးရကလည်း အသိအမှတ်မပြုရင် အဟောသိကံ ဖြစ်ကုန်မှာပါ။ အဓိက ပြဿနာက  လက်နက်ကိုင်တပ်တွေရဲ့ စနစ်မကျနိုင်တဲ့ အုပ်ချုပ်ရေးစနစ်ပါပဲ။ အများစုကတော့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လက်နက်ကိုင်ပြီး အုပ်ချုပ်တဲ့ အမိန့်ညွှန်ကြားချက်တွေပဲ လာဖို့ များပါတယ်။ အခွန်စနစ်ဆိုရင်လည်း  လပြတ်၊ နှစ်ပြတ်နဲ့ မထင်ရင် မထင်သလို ပြန်ကောက်မဲ့ စည်းမရှိတဲ့ ပုံစံမျိုးပဲ ဖြစ်ဖို့များပါတယ်။ ခုတောင် တချို့သော လမ်းပိုင်း တွေမှာ ကားတစ်စီးကို သိန်းချီတဲ့ အခွန်ဖြတ်ပိုင်းတွေကောက်နေတာက ဒီအချိုးမျိုး ချိုးနေတာပါပဲ။ အရေးကြီးဆုံးအချက်က ဒီဒေသမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ကြတဲ့ ဝန်ထမ်းတွေရဲ့ လစာနဲ့ နေထိုင်စရိတ်တွေကို ဘယ်နေရာကရတဲ့  ပိုက်ဆံနဲ့ ထမ်းဆောင်စေမှာလည်း ဆိုတာ မသဲကွဲပါဘူး။ ခုတောင်  တအာင်းလက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ ခုထဲက အစိုးရရဲ့ ဝန်ထမ်းတွေကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တာဝန်တွေကနေ နုတ်ထွက် ခိုင်းထားတာ တွေ့ရတယ်။ ဒီအပေါ်မှာလည်း တိတိကျကျ တုန့်ပြန်ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
----
လွယ်ဂျယ်ရဲ့ နေ့စဉ်ပျဉ်းမျှ ကုန်သွယ်မှု တန်ဖိုးက ဒေါ်လာ ၃ သိန်းခွဲ၊ မူဆယ်ရဲ့ နေ့စဉ်ပျဉ်းမျှ ကုန်သွယ်မှု တန်ဖိုးက ဒေါ်လာ ၆ သန်း၊ ချင်းရွှေဟော်ရဲ့ နေ့စဉ်ပျဉ်းမျှ ကုန်သွယ်မှု တန်ဖိုးက ဒေါ်လာ ၁ သန်းကျော်ဆိုတဲ့ ပမာဏတွေ အသီးသီး ရှိကြပေမယ့်  အဓိက ကုန်သွယ်မှုလုပ်တာဟာ  ပြည်မထဲက ကုန်စည်တွေကို တရုတ်ဆီပို့တာနဲ့ တရုတ်ထဲက ကုန်စည်တွေကို ပြည်မထဲကို ပို့တဲ့ လုပ်ငန်းစဉ်တွေကသာ အဓိက ဖြစ်ပါတယ်။ ဆိုတော့….. လက်ဖက်ပဲ အဓိက ထွက်တဲ့  တအာင်းနဲ့  ကျားဖြန့်နဲ့ ကာစီနို တွေ မရှိရင် သာမန်မြို့တွေပဲဖြစ်နိုင်တဲ့ လောက်ကိုင်ဒေသတွေဟာ ဗဟိုရဲ့ အရိပ်အမိုး အောက်က လွတ်ချင်ရင်တော့ ဥပဒေကင်းတဲ့ ကိုယ်ပိုင်စီးပွားရေး တွေ ထွက်ဖို့လိုပါတယ်။ သစ်မှောင်ခို၊ ဘိန်းမှောင်ခို၊ လက်နက်မှောင်ခိုနဲ့ လူမှောင်ခိုတွေပဲ လုပ်နေရင်တော့ ဟန်ပြ ကြီးပွားချမ်းသာမှုမျိုးပဲ ဖြစ်မှာပါ။ ဒါကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။
----
တကယ်လို့သာ ဗဟိုအစိုးရအနေနဲ့  နယ်စပ်ကုန်သွယ်ရေးလမ်းကို ရှမ်းအရှေ့ကိုသာ ရွေးချယ်လိုက်ရင်တော့….TNLA အနေနဲ့လည်း လက်ဖက်ပြန်စိုက်ဖို့ပဲ တွေးရတော့မှာပါ။ MNDAA လည်း အလားတူပါပဲ။ လောက်ကိုင်မှာ ကြံစိုက်ဖို့ ပဲ ပြင်ကြတော့ပေါ့။ သေချာတာကတော့ တစ်ခုလိုချင်ရင်တော့ တစ်ခု ပြန်ပေးဆပ်ရစမြဲဆိုတဲ့ အယူအဆသာ မှန်ရင်  ရေရည်အကျိုးရှိတဲ့ လမ်းစဉ်မျိုးသာ ရွေးချယ်နိုင်ကြပါစေလို့ပဲ ဆန္ဒပြုပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post