“သတင်းကဏ္ဍ ဘယ်လောက်အထိ အရေးပါသလဲ”--- ?



🔳 ဘယ်အစိုးရပဲတက်တက် ဝါဒဖြန့်ချိရေးဆိုတာ အစိုးရတိုင်းခေတ်အဆက်ဆက်မှာ လုပ်ခဲ့ ကြတာပါပဲ။ NLD လက်ထက်ဆိုရင်လည်း တလောကလုံး စာအုပ်စာပေနဲ့ပတ်သက်ပြီး လူလေးစား ခံရတဲ့ စာရေးဆရာ (ဦး)ဖေမြင့်တို့တောင်  ပြန်ကြားရေးမှာ နေရာပေးခဲ့ သေးတယ်။ ဆိုတော့…. ဝါဒဖြန့်ချိရေးလို့ပဲ ပြောပြော၊ အစိုးရ လုပ်ငန်းစဉ်သိအောင် ရေးပြ၊ ပြောပြတဲ့ ဌာနလို့ပဲဆိုဆို၊ သတင်းမှန် ပြန်ကြားရေးလို့ပဲ ခေါင်းစဉ်တပ်တပ် ဒီလုပ်ငန်းဟာ အစိုးရအတွက် စဉ်ဆက် မပြတ်ရှိနေရတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်သလို ပြည်သူတွေ ဘက်ကကြည့်ရင် သတင်းမှားစားသုံး မိတာတွေမဖြစ်ဖို့ ကြိုတင်ကာကွယ်နိုင်ရေး အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု လည်းဖြစ်တယ်။
“ဘာလို့ မအောင်မြင်ရသလဲ”
🔳 ဒီလို တစ်ဖက်နဲ့ တစ်ဖက်အပြိုင် ဝါဒဖြန့်ရတဲ့ လုပ်ငန်းတွေ ဘာကြောင့် မအောင်မြင် ရသလဲ၊ ဘာကြောင့် ထိုက်သင့်တဲ့ ရလာဒ် မရရှိတာလည်းလို့မေးရင် ဒီလုပ်ငန်းအပေါ်မှာ ရူးသွပ်မှုမရှိတဲ့ သာမန်ဝန်ထမ်းတွေနဲ့  ဝတ္တရားအတိုင်း ပုံမှန်လည်ပတ်ဖို့သာ အသား ကျနေလို့ပဲလို့ဖြေရမယ်။ သို့သော်လည်း ချွင်းချက်အနေနဲ့ မူဝါဒထိန်းရတာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့။ ဒီနေရာမှာ NLD ခေတ်တုန်းက သုံးသွားတဲ့ ပုံစံလေး သတိရ မိတယ်။ တကယ်လို့ တိုင်းဒေသကြီးအဆင့်ဖြစ်ဖြစ်၊ ပြည်ထောင်စုဖြစ်ဖြစ် မူဝါဒ တစ်ခုခု ချမှတ်ခါနီးမှာ တရားဝင်မဟုတ်တဲ့ လူမှုပလက်ဖောင်းနေရာတွေကနေ အစမ်း သဘောမျိုး ထုတ်လွှင့်တာမျိုးရှိခဲ့တယ်။ သဘောက  “လူထု ထောက်ခံမှု ရှိရင်” မူဝါဒက အမှန် ဖြစ်ပြီးတော့ “လူထုကြိုက်နှစ်သက်မှု မရှိရင်” သတင်းမှားဆိုတဲ့ အကွက်မျိုး သုံးခဲ့ ကြတယ်။
“သူတို့ ဘယ်လို ပြင်ဆင်နေသလဲ”
🔳မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲမှာ သိသိသာသာမြင်နေရတာကတော့ KIA/KIO နဲ့ TNLA တို့ဟာ သူတို့နယ်မြေစိုးမိုးမှုရှိတဲ့ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်စေဖို့အတွက် နိုင်ငံရေးသိပ္ပံသင်တန်းတွေနဲ့ ဥပဒေသင်တန်းတွေကို ပုံမှန် သင်တန်းတွေပေးပြီးဖွင့်လှစ်နေတာ တွေ့ရတယ်။

🔳 နိုင်ငံရေးသင်တန်း၊ ဥပဒေနဲ့ သတင်းရေးသားခြင်းအတတ်ပညာတွေဟာ ခုသင်ခု တတ်တဲ့ အရာတွေမဟုတ်ဘူး။ မြေပြင်မှာ ဘယ်လိုပဲ နိုင်တယ်ပြောပြော၊ သတင်းထုတ်ပြန်မှု အားမကောင်းရင်၊ ဒီသတင်းတွေကို ပြည်သူတွေအနေနဲ့ ကြားသိမြင်တွေ့ခြင်းမရှိရင်၊ သို့တည်းမဟုတ် ရန်သူထုတ်ပြန်တဲ့သတင်းတွေကပဲ လွှမ်းမိုးနေမှုရှိရင်….ဒီကဏ္ဍမှာ တစ်ပမ်းရှုံးတာပါပဲ။ တပ်မတော်ရဲ့ အဓိကပင်နယံကြီး ၃ ခုဖြစ်တဲ့ ဦး၊ ရေး၊ ထောက်လုပ်ငန်းတွေ အပြင် ခေတ်နဲ့အမီ ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံရေးသဘော တရား တွေကို သိနိုင်မှသာ အနာဂတ် တပ်မတော်ရဲ့ ရည်မှန်းချက်၊ အစိုးရအကောင်အထည် ဖော်နေတဲ့ မူဝါဒတွေကို မျက်ခြေမပြတ်မှာဖြစ်လို့ သတင်းကဏ္ဍဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။


(နရီမိုး)

Post a Comment

Previous Post Next Post