ပြည်သူတွေပဲ ခံရတာပါ

ဖက်ဒရယ်ရဲ့ အားနည်းချက်ထဲမှာ ဒီပြဿနာက ထိပ်ဆုံးကရှိနေတယ်လို့ အစောကတည်းက တွေးထင်ခဲ့ဖူးတယ်။ ဖက်ဒရယ်တိုင်းပြည်တိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်အရ ပြည်နယ်ဖွဲ့စည်းပုံက နိုင်ငံတိုင်းကို ပေးအပ်ထားတာ မရှိဘူး။ ထူးထူးခြားခြား မြန်မာမှာတော့ မူအရ ခွင့်ပြုထားတာ တွေ့ရတယ်။ နောင်မှာ ပြည်နယ်ဖွဲ့စည်းပုံဟာ ရှိလာမယ်ဆိုတဲ့သဘော။ 
ခက်တာက ပြည်နယ်ဖွဲ့စည်းပုံလို့ ပြောတဲ့အခါ လူမျိုးစွဲ တိုင်းရင်းသားတွေက သူ့လူမျိုးကောင်းစားရေးကိုပဲ ရှေ့တန်းတင်ဖို့ ရာနှုန်းများတယ်။ ဒီပြည်နယ်ထဲမှာ နေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို ဘယ်လို အာမခံချက်ပေးမလဲဆိုတာ တိတိကျကျ ထုတ်ပြန်ကြေငြာဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် လူမျိုးကို အခြေမခံဘဲ ဒေသ/ပထဝီကို အခြေခံတဲ့ ဖွဲ့စည်းပုံမျိုး ပြင်ဆင်စေချင်မိတာ။ 

နောက်တချက်က ဖက်ဒရယ်အရ ပြည်နယ်ဖွဲ့စည်းပုံ ပေးတဲ့အခါ တိုင်းရင်းသားတွေဘက်ကလည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး လူထုထောက်ခံတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်နဲ့ပဲ သွားဖို့လိုအပ်တယ်။ ခုဟာက ကိုယ်သိမ်းပိုက်ထားတဲ့ မြို့နယ်မှာ လက်နက်ကိုင်စနစ်နဲ့ အုပ်ချုပ်ပြီး မတရားတဲ့ အမိန်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်နေရင် ဘယ်လို စည်းမျဉ်း၊ စည်းကမ်းနဲ့ ထိန်းချုပ်နိုင်မလဲ ဆိုတဲ့ စိန်ခေါ်မှုပဲ။ 

တကယ်လို့များ....ဖက်ဒရယ်အရ ပြည်နယ်ဖွဲ့စည်းပုံ ပေးအပ်တယ်ဆိုပါစို့။ နောင်မှာ ဗဟိုအာဏာလုပ်ပိုင်ခွင့်နဲ့ ပြည်နယ် လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံမှာ ပိုင်းခြားထားပြီးချိန် ခုလို စိတ်ထင်တိုင်း လုပ်နေတဲ့ ဥပ‌မဲ့ အပြုအမူတွေကို ဘယ်လို တည့်မတ်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေမှာ အမှန်ပဲ။ ခုတော့ ဗဟိုလည်း လက်လှမ်းမမှီ တော့တဲ့အခြေအနေမှာ ပြည်နယ်ဘက်က လူထုကတော့ ကြားခံ မြေဇာ‌ပင်တွေ အဖြစ်နဲ့ ခါးစည်းခံကြရမဲ့ သဘော ရှိနေတာကတော့ ဝမ်းနည်းစရာပါပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post